ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 7, 2010

ရွေးကောက်ပွဲကို ဖျက်သိမ်းရေးအတွက် အမျိုးသားရေးတာဝန်အဖြစ်လုပ်ဆောင်ရန်လိုအပ်ဟု ပြော

ဖြိုးကြီး။ ဇူလိုင် ၇၊ ၂၀၁၀

၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်သိမ်းပစ်ရန် ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုတရပ်လုံးက အမျိုးသားရေးတာဝန်အဖြစ် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တာဝန်ခံ ဦးမင်းနိုင်က ပြောသည်။

ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သည့် (၄၈) နှစ်မြောက် ၇ ရက်ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။

“နအဖ စစ်အာဏာရှင်တွေဟာ ပြည်သူတွေအပေါ်မှာ မြန်မာပြည်ရဲ့ စီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ပြီး သူတို့အာဏာတည်မြဲ သက်ဆိုးရှည်ရေးကို ဒီကနေ့မှာ ကြိုးစားနေတာ အားလုံးအသိပဲ ဖြစ်တယ်၊ ဒီဖွဲ့စည်းပုံကို အသက်ဝင်ခံလို့မဖြစ်ဘူး၊ ကျနော်တို့ ကျောင်းသားပြည်သူတရပ်လုံးရဲ့တာဝန်ဟာ အဲဒါကို ဖျက်သိမ်းရမယ်” ဟု ဦးမင်းနိုင်က ပြောသည်။

Jul 6, 2010

စစ်တွေမြို့ ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြမှု ဖြစ်ပွား

ရိုးမ ၃။ ၆ ဇူလိုင်၊ ၂၀၁၀

ရခိုင်ပြည်နယ်၊ စစ်တွေ နည်းပညာတက္ကသိုလ်မှ ကျောင်းသား (၄၀၀) နီးပါးခန့် ယမန်နေ့ နေလည် (၁) နာရီက လမ်းလျှောက်ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ကျောင်းကြိုပို့ ကားမလုံလောက်မှုနှင့် ကားခဈေးနှုန်းများ နှစ်ဆခန့်တက်သွားသည့်အတွက် ကျောင်းသားများ မြို့နှင့် ၁၆ မိုင်ဝေးသည့် ကျောင်းမှ မြို့ထဲသို့ ခြေလျင်လျှောက်ကာ ပြန်လာကြပြီး ဆန္ဒပြ တောင်းဆိုကြခြင်း ဖြစ်သည်။

Jul 2, 2010

အထက်တန်းကျောင်းသားများ ကျောင်းဆင်းကျောင်းတက်ချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက်ခံနေရ

လွန်းဒင်။ ဇူလိုင် ၂၊ ၂၀၁၀

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ အ.ထ.က (၂) ကျောင်းရှိ ကျောင်းသားများ ကျောင်းဆင်းကျောင်းတက်ချိန်များတွင် အရပ်သားများက အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခံရမှုများ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အပေါင်းအသင်းများနှင့် အစ်ကိုတွေကို ပြန်ပြောရာမှ ကျောင်းသားတွေကို အရပ်သားများက အုပ်စုဖွဲ့ ရိုက်နှက်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

မိုးစပါး စိုက်ပျိုးဖို့ လယ်သမားများအခက်ကြုံပြီး စပါးထွက်နှုန်းလျော့ကျနိုင်

ရိုးမ ၃။ ဇူလိုင် ၂၊ ၂၀၁၀

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်အတွင်းရှိ လယ်သမားများ မိုးနည်းသည့်အတွက် ပျိုးသက် ရက်ကျော်သည့်အချိန်ထိ စပါးစိုက်ပျိုးရန် အခက်ခဲများကြုံနေရပြီး ယခုနှစ် မိုးစပါးအထွက်နှုန်း လျော့ကြနိုင်ကြောင်း ဒေသခံ လယ်သမားတဦးက ပြောသည်။

ပျိုးချထားသည့် စပါးများမှ ပျိုးသက်ကျော်သွားသော်လည်း စိုက်ပျိုးရန် မိုးလုံလောက်စွာမရသည့်အပြင် ဆည်များတွင် ရေခမ်းခြောက်နေခြင်းတို့ကြောင့် စပါးစိုက်ရန် အတော်နောက်ကျနေခြင်းဖြစ်သည်ဟု ပြောသည်။

Jun 29, 2010

စည်းဝိုင်းထဲက နိုင်ငံရေး

တူမောင်ညို။ ဇွန်လ ၂၉၊ ၂၀၁၀

(နအဖ) စစ်အုပ်စု စပွန်ဆာလုပ်တဲ့ “နိုင်ငံရေးအခင်းအကျင်း” ကတော့ တစ်စတစ်စ အသက်ဝင်လို့ လာနေပါပြီ။

မှတ်ပုံတင်ပြီးတဲ့ ပါတီစုစုပေါင်းကလည်း (၃၃) ပါတီ ရှိလာနေပါပြီ။ ဒီလိုမှတ်ပုံတင်ကြတဲ့ပါတီတွေထဲမှာ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်က ကချင်ပါတီတွေကတော့ “တည်ထောင်ခွင့်” လည်းမကျ၊ “မှတ်ပုံတင်ခွင့်” လည်း မရသေးပါဘူး။ ဒီပုံအတိုင်းသာဆိုရင်တော့ (နအဖ) စစ်အုပ်စုရဲ့ “ပါတီစုံ” ဆိုတာ ကချင်ပါတီတွေ မပါဝင်ရတဲ့ ပါတီစုံလို့ ပြောရတော့မယ် ထင်တယ်။ ကယားပါတီ တည်ထောင်တယ်/ မှတ်ပုံတင်တယ်လို့လည်း မတွေ့မိ မကြားမိပါဘူး။

Jun 28, 2010

ရယက ဥက္ကဌသားက ရိုက်နှက်ခဲ့လို့ အရပ်သား တဦးသေဆုံး

ရိုးမ ၃။ ဇွန်လ ၂၈၊ ၂၀၁၀

ဧရာဝတီတိုင်း ၊ပုသိမ်မြို့ အမှတ် (၁၄) အပိုင်နေ ဦးရခီး(ခ) ဦးစိုးကြည်ကို ရပ်ကွက်အပိုင် ဥက္ကဌ ဦးကြည်ဝင်း၏ မွေးစားသားက သူခိုးဟု စွပ်စွဲ ရိုက်နှက်မှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် သေဆုံးခဲ့သည့် အမှုဖြစ်ပွားခဲ့သည်။

ရယက (၁၄)ပိုင် (၁၅) လမ်းထိပ် အရက်ဆိုင်မှ ဘောလုံးလောင်ကြေးငွေများ ပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ထိုနေ့ မနက်ပိုင်းတွင် အရက်သွားသောက်ခဲ့သည့် ဦးစိုးကြည်ကို ရယက ဥက္ကဌသားက သူခိုးစွပ်စွဲကာ စတင်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

မှားနေတဲ့အမှားတွေ

ကင်ဇို။ ဇွန်လ ၂၈၊ ၂၀၁၀
ကျ နဲ့ ကြ
    ဒီစာလုံးနှစ်ခုကို တော်တော်လေးမှားတတ်ကြတယ်။ ဆိုကြပါစို့ …
    သူ့ကျတော့၊ ငါ့ကျတော့၊ ကျနော့်အမြင်ကျတော့၊ သူ့အမြင်ကျတော့၊ ဆိုတဲ့အခါကျတော့၊ အဲဒီအခါကျတော့၊ (လုပ်နေကျ ကိုင်နေကျ = လုပ်လေ့လုပ်ထ) ဆိုတာမျိုးကို ကြ နဲ့ မှားရေးကြတယ်။ ဒါ သတိပြုသင့်တယ်။ ဒီလိုပဲ သွားကြတယ်၊ လာကြတယ်၊ နေကြတယ်၊ ရှိကြတယ် ဆိုတာမျိုးကို ကျ နဲ့ မှားရေးကြပြန်ရော။ ဆိုတော့ ဒီလိုမှတ်ပါ။ ညွှန်းတဲ့သဘောသုံးရင် ကျ နဲ့ ရေးပါ။ ဥပမာ သူ့ကျတော့ ဆိုတဲ့စာစုမှာ ကျ က သူ့ ဆိုတဲ့ ရှေ့က ပိုင်ဆိုင်မှုနာမ်စားကို ညွှန်းတာဖြစ်တယ်။ “အဲဒီအခါကျတော့” ဆိုတဲ့စာစုမှာလည်း ဒီအတိုင်းပဲ။ ဒီမှာ ချွင်းချက် ပြောချင်တယ်။ “လိမ့်ကျပြီ” ဆိုတာနဲ့ “လိမ့်ကြပြီ” ဆိုတာကိုလည်း မှတ်သင့်တယ်။ တစ်နေရာရာက လိမ့်ကျတာကို ပြောတာလား။ ဗန်းစကားနဲ့ သွားကြပြီလို့ ပြောတာလားဆိုတာကို သဲကွဲအောင် သဘောပေါက်ဖို့လည်းလိုတယ်။ လိမ့်ကျတယ်၊ ပြုတ်ကျတယ်၊ ဒလိမ့်ခေါက်ကွေးကျတယ် ဆိုတာမျိုးတွေကို ကြ နဲ့ ရေးရင် မှားပြီမှတ်။ “သူတို့ လုပ်နေကျ ကိုင်နေကျပါ” ဆိုတဲ့စာစုကိုကြည့်ပါ။ “သူတို့ လုပ်နေကျ ကိုင်နေကျပါ” ဆိုတဲ့ ဆိုလိုရင်း အဓိပ္ပါယ်က အမြဲတမ်းလုပ်တဲ့ သဘောကို ပြောတာဖြစ်တယ်။ ဒါကို “သူတို့ လုပ်နေကြ ကိုင်နေကြပါ” လို့ ရေးရင် အဓိပ္ပါယ်ကို မရှိတော့ဘူး။ မှားပြီး။ ရှေ့မှာ ပြောခဲ့ပြီးဖြစ်တယ် အညွှန်းသဘောပါရင် ကျ ကို သုံးပါ။ စားကြတယ်၊ သွားကြတယ်၊ စုပေါင်းလုပ်ကိုင်ကြတယ်၊ စုပေါင်းသွား ကြတယ် စသည်ဖြင့် အများသဘောပါရင် ကြ ကိုသုံးပါ။
    ဆိုတော့ကာ အလွယ်မှတ်ချင်ရင် ကိုယ့်ဘာသာကိုယ် ဒီလို လင်္ကာဖောက်ထား “ညွှန်းတဲ့ အခါ ယပင့် ကျ၊ များရင် ယရစ် ကြ” ။
    ကျ နဲ့ ကြ မှာ တခြား အဓိပ္ပါယ်တွေလည်း ရှိသေးတယ်။ ဒါလည်း သဲကွဲအောင် လေ့လာပြီး မှတ်ထားရလိမ့်မယ်။

Jun 27, 2010

သိုက်စေါင့်


ကျီးပြိုတယ်
မြို့မှာ
ကျောက်ခေတ်ဆန်ဆန် စည်ကားတယ်
စိတ်ကူးယဉ်ဝါဒကို
တီရှပ်ပွပွမှာ တံဆိတ်ရိုက်နှိပ် ဝတ်ဆင်တယ်။
သောကများ
အရောင်အသွေးစုံ ဆန်းပြားလှချည်ရဲ့
ကွယ်
ရေမြောင်းမှာ အမှိုက်တွေ ဆို့နေပါပေါ့လား
နောက်ဖေး အခန်းထဲမှာ
ကြွက်တွေ ခေါင်းမီးတောက် နေပါပေါ့လား
ထိုသို့သော အရပ်မှာ
ဖိနပ်ပါးပါးကလေး ပြတ်ခဲ့
ထိုသို့သော အရပ်မှာ
ဆံပင်များ အလျားရှည်ခဲ့။
မြက်လို
လဲလျောင်းပျပ်ဝပ် ရိုကျိုးခဲ့တာပါ
မြို့ကို
ကောက်ရိုးပုံစေါင့်ခွေးလို ထိုးထိုးဟောင်မိတာပါ
ကဗျာဆရာဖြစ်လာမှတော့
တစ္ဆေမကြောက်တော့ဘူးပေါ့ မေမေရယ်။ ။

ကြည်ဇော်အေး
(ရိုးရိုးသားသား သစ်သီး ကဗျာစာအုပ်မှ)

Jun 24, 2010

ကလေးစစ်သားတဦး မိဘထံ ပြန်လည်ရောက်ရှိ

ဖြိုးကြီး။ ဇွန်လ ၂၄၊ ၂၀၁၀

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နှင့် ပဲခူးမြို့မှ လမ်းပြကြယ်အဖွဲ့တို့ အကူညီကြောင့် ကလေးစစ်သားတဦး မိဘများထံ ပြန်လည်ရောက်ရှိလာသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၁၅) ရက်နေ့က ပျောက်ဆုံးသွားသည့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ နဘဲပင်ကျေးရွာမှ မောင်သူဇင်ဦးအား တာဝန်ထမ်းဆောင်နေစဉ် စစ်တပ်မှ ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ကာယကံရှင်က ပြောသည်။

Jun 23, 2010

ရှေ့နေ ဦးဖိုးဖြူနှင့်အဖွဲ့ကို အလုပ်သမားသမဂ္ဂကိစ္စနှင့်ပတ်သက်၍ အာဏာပိုင်များ ခေါ်ယူတွေ့ဆုံ

ရိုးမ ၃။ ဇွန်လ ၂၃၊ ၂၀၁၀

မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အာဏာပိုင်များက သမဂ္ဂဖွဲ့စည်းရေး ဦးဆောင်သူများဖြစ်သည့် ရှေ့နေ ဦးဖိုးဖြူအပါအဝင် သမဂ္ဂဖွဲ့စည်းရာတွင် ပါဝင်သူ (၆) ဦးကို ယနေ့ နံနက်ပိုင်းက ခေါ်ယူဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ခြင်းနှင့် ပတ်သက်ပြီး ရှေ့နေဦးဖိုးဖြူနှင့် အဖွဲ့ဝင်များကို ရန်ကုန်တိုင်း ရဲမှူးနှင့်အဖွဲ့က ရန်ကုန်ကမ်းနားလမ်းက အလုပ်သမားရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး ဥပဒေအရ သမဂ္ဂဖွဲ့စည်းလို့ မရသေးကြောင်းနှင့် ဥပဒေအရ အရေးယူနိုင်ကြောင်း ဆင့်ခေါ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။