ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ
Showing posts with label kadasoarticle. Show all posts
Showing posts with label kadasoarticle. Show all posts

Oct 5, 2010

မိတ်ဆွေကြီး ကိုဘကွန်း

လူချင်းမတွေ့ရတာကြာပေမယ့် ဖုန်းအဆက်အသွယ်မပြတ်လို့တော်သေးရဲ့၊ မနေ့တနေ့က ဖုန်း (၂) ရက်ဆက်လို့ (၁) နာရီလောက် ပြောခဲ့ရပေမဲ့ အားမရခဲ့ဘူး။ ရှင်းလင်းအောင် မပြောခဲ့ရဘူး။ ကျွန်တော်ရဲ့ စကားပြောအားနည်းချက်ကြောင့်လည်း ပါမယ်။

Jul 30, 2010

သူတို့ပြောတဲ့ (၂၀၀၈) အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ သရုပ်မှန်

တူမောင်ညို 

“၂၀၁၀ ရွေးကောက်ပွဲဟာအဓိကပန်းတိုင်မဟုတ်ဘူး” ၊ ရွေးကောက်ပွဲနည်းနဲ့ စနစ်တစ်ခုကို တိုက်ဖျက်နေတာသာဖြစ်ပါတယ်” လို့ ပြည်တွင်းမှာ သူတို့ နဖူးတွေ့ ဒူးတွေ့ကြုံနေရတာတွေကိုပဲ အသိအမှတ်ပြီး ပြောတာလား/ ဝန်ခံချက်ပေးတာလား /ရင်ဖွင့်တာလားတော့ မပြောတတ်ပါ။ မှတ်ပုံတင်ပါတီတစ်ခုက နိုင်ငံရေးသမားတဖြစ်လည်း ကဗျာဆရာ/ စာရေးဆရာလေးတစ်ဦးရဲ့ “ထွေရာလေးပါး” ဆိုတာထဲမှာ ဖတ်လိုက်ရပါတယ်။

Jun 28, 2010

မှားနေတဲ့အမှားတွေ

ကင်ဇို။ ဇွန်လ ၂၈၊ ၂၀၁၀
ကျ နဲ့ ကြ
    ဒီစာလုံးနှစ်ခုကို တော်တော်လေးမှားတတ်ကြတယ်။ ဆိုကြပါစို့ …
    သူ့ကျတော့၊ ငါ့ကျတော့၊ ကျနော့်အမြင်ကျတော့၊ သူ့အမြင်ကျတော့၊ ဆိုတဲ့အခါကျတော့၊ အဲဒီအခါကျတော့၊ (လုပ်နေကျ ကိုင်နေကျ = လုပ်လေ့လုပ်ထ) ဆိုတာမျိုးကို ကြ နဲ့ မှားရေးကြတယ်။ ဒါ သတိပြုသင့်တယ်။ ဒီလိုပဲ သွားကြတယ်၊ လာကြတယ်၊ နေကြတယ်၊ ရှိကြတယ် ဆိုတာမျိုးကို ကျ နဲ့ မှားရေးကြပြန်ရော။ ဆိုတော့ ဒီလိုမှတ်ပါ။ ညွှန်းတဲ့သဘောသုံးရင် ကျ နဲ့ ရေးပါ။ ဥပမာ သူ့ကျတော့ ဆိုတဲ့စာစုမှာ ကျ က သူ့ ဆိုတဲ့ ရှေ့က ပိုင်ဆိုင်မှုနာမ်စားကို ညွှန်းတာဖြစ်တယ်။ “အဲဒီအခါကျတော့” ဆိုတဲ့စာစုမှာလည်း ဒီအတိုင်းပဲ။ ဒီမှာ ချွင်းချက် ပြောချင်တယ်။ “လိမ့်ကျပြီ” ဆိုတာနဲ့ “လိမ့်ကြပြီ” ဆိုတာကိုလည်း မှတ်သင့်တယ်။ တစ်နေရာရာက လိမ့်ကျတာကို ပြောတာလား။ ဗန်းစကားနဲ့ သွားကြပြီလို့ ပြောတာလားဆိုတာကို သဲကွဲအောင် သဘောပေါက်ဖို့လည်းလိုတယ်။ လိမ့်ကျတယ်၊ ပြုတ်ကျတယ်၊ ဒလိမ့်ခေါက်ကွေးကျတယ် ဆိုတာမျိုးတွေကို ကြ နဲ့ ရေးရင် မှားပြီမှတ်။ “သူတို့ လုပ်နေကျ ကိုင်နေကျပါ” ဆိုတဲ့စာစုကိုကြည့်ပါ။ “သူတို့ လုပ်နေကျ ကိုင်နေကျပါ” ဆိုတဲ့ ဆိုလိုရင်း အဓိပ္ပါယ်က အမြဲတမ်းလုပ်တဲ့ သဘောကို ပြောတာဖြစ်တယ်။ ဒါကို “သူတို့ လုပ်နေကြ ကိုင်နေကြပါ” လို့ ရေးရင် အဓိပ္ပါယ်ကို မရှိတော့ဘူး။ မှားပြီး။ ရှေ့မှာ ပြောခဲ့ပြီးဖြစ်တယ် အညွှန်းသဘောပါရင် ကျ ကို သုံးပါ။ စားကြတယ်၊ သွားကြတယ်၊ စုပေါင်းလုပ်ကိုင်ကြတယ်၊ စုပေါင်းသွား ကြတယ် စသည်ဖြင့် အများသဘောပါရင် ကြ ကိုသုံးပါ။
    ဆိုတော့ကာ အလွယ်မှတ်ချင်ရင် ကိုယ့်ဘာသာကိုယ် ဒီလို လင်္ကာဖောက်ထား “ညွှန်းတဲ့ အခါ ယပင့် ကျ၊ များရင် ယရစ် ကြ” ။
    ကျ နဲ့ ကြ မှာ တခြား အဓိပ္ပါယ်တွေလည်း ရှိသေးတယ်။ ဒါလည်း သဲကွဲအောင် လေ့လာပြီး မှတ်ထားရလိမ့်မယ်။

May 17, 2010

ကျောင်းသားနဲ့ ထောက်လှမ်းရေး

တူမောင်ညို

“ခွပ်ဒေါင်းအလံနဲ့ (ဘီအိုင်အေ)အလံ”ကိစ္စ “ကန့်ကွက်ခြင်းခံရ၍ သက်ဆိုင်ရာပါတီကို ခေါ်ယူ၍ ပြင်ဆင်စေခဲ့သည်” ဆိုသည့် ကြေညာချက်ကို မေလ (၁၅) ရက်နှင့် (၁၆) ရက်နေ့ထုတ်၊ နေ့စဉ်သတင်းစာများတွင် ဖတ်လိုက်ရပါတယ်။

အေးလွင်တို့၊ ရဲထွန်းတို့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးထဲ ပါခဲ့ဖူးတာ ဟုတ်ချင်လည်းဟုတ်မှာပေါ့။ အရေးတော်ပုံကြီး အင်အားကြီးလာတော့ သောကောရောကောတွေကလည်း ပါဝင်လာခဲ့ကြမှာပေါ့၊ မဟုတ်ဘူးလား။

Apr 20, 2010

ခွပ်ဒေါင်းကြီးကို ခွပ်လို့ကြိုက်တယ်

မမခင် 

စစ်အစိုးရရဲ့ မတရား၊ မမျှတတဲ့ ဥပဒေတွေကို ကျော်လွန်အာခံပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပါတီကို မှတ်ပုံမတင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (၂၉၊ ၃၊ ၁၀) နေ့က ဆုံးဖြတ်ချက်ကို ကြားသိရပြီးနောက် အားရကျေနပ်မှုတွေနဲ့ စားကောင်းအိပ်ပျော်ဖြစ်ခဲ့ရပါတယ်။

၁၉၈၈ ခု လူထုအုံကြွမှုတွေအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ်လို့ ပေါ်လာပြီးနောက်မှာ ဆုံးဖြတ်ချက်တွေ များစွာ ရှိခဲ့ပေမဲ့ ဒီတခါ ဆုံးဖြတ်ချက်ဟာ အခြေအနေအချိန်အခါနဲ့ လိုက်လျောညီစွာ ဆုံးဖြတ်နိုင်ခဲ့တဲ့ အမှန်ကန်ဆုံးနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်လို့တောင် ပြောရမယ်ထင်ပါတယ်။

Mar 19, 2010

အချက်အလက် ဆင်းရဲခေါင်းပါးရှာသော ငါးမင်းဆွေသို့

တူမောင်ညို

ရင်းနှီးတဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်က လှမ်းပြောတာပါ။

မတ်လ ၁၆ ရက်နေ့ မြန်မာ့အလင်းသတင်းစာထဲက “ငါးမင်းဆွေ” ဆောင်းပါးမှာ ခင်ဗျားကို “ထိကပါးရိကပါး” လုပ်ထားတယ်လို့ ပြောလာပါတယ်။

ဒါနဲ့ သူပြောတဲ့ဆောင်းပါး ဖတ်ကြည့်ဖြစ်တယ်ဆိုပါတော့။

ခေါင်းစဉ် ကြည့်လိုက်ကတည်းက“မျက်ခမ်းမြင်ရုံနဲ့ ငတာကြီးသားမှန်း သိတယ်” ဆိုသလိုပဲ၊ ဘယ်အချိုး ချိုးတော့မယ်ဆိုတာ သိပြီးသားပါလို့ ပြောရင် အပြောလွန်ရာကျမလား မသိပါဘူးဗျာ။

သတင်းစာဆောင်းပါး ဆိုတာ သတင်းဆောင်းပါးပဲမဟုတ်လား။ “အားလုံးကောင်းပါသည်ခင်ဗျား” ပဲပေါ့။ ဒီထက် ဘာရေးနိုင်မှာလဲ။

Mar 15, 2010

ဘားတိုက်ကို ပြန်ပို့ရမယ့် စစ်အစိုးရ

မမခင်

စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုတာ ထွက်ပေါ်လာခဲ့ ပါပြီ။ ဒါဟာ စစ်အာဏာရှင်တွေအနေနဲ့ ရွေးကောက်ပွဲကို တကယ်လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ပြောလိုက်တာလို့ ထင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲ လုပ်မယ် လုပ်မယ်နဲ့ မကြာခဏ ပြောလေ့ရှိပေမဲ့ သူပြောပြောနေတဲ့ ရွေးကောက်ပွဲဆိုတာကို ပြည်သူလူထုက စိတ်ဝင်တစားမရှိလှတာမို့ သိပ်တော့အရေးမပါလှပါဘူး။ အခုအခြေအနေမှာ ရွေးကောက်ပွဲဥပဒေတွေ၊ ကော်မရှင်တွေ ထွက်ပေါ်လာပေမဲ့လည်း လူထုကတော့ စစ်အစိုးရလုပ်သမျှ အယုံအကြည် ကင်းမဲ့နေတာကြောင့် စိတ်ဝင်တစား ပြောဆိုကြတာ မကြားရပါဘူး။

ပြည်သူလူထုအထဲက တချို့သောသူများကို စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ မေးမြန်းကြည့်တဲ့ အခါတော့ "မမြင်ဘူး။ မမြင်ဘူးဆိုတာ ပြည်သူလူထုအကျိုးအတွက် ဘာကိုမှ မမြင်ဘူး" လို့ ဖြေသူလည်း ရှိပါတယ်။ တချို့သော သူများကတော့ "ဒီကောင်တွေ ထင်ရာလုပ်မှာဘဲ။ သူတို့လူနဲ့ သူတို့ လုပ်သွားမှာ။ ရွေးစရာမှမရှိတာ ဘာကိုသွားရွေးမလဲ" လို့ဆိုသူကလည်း ဆိုပါတယ်။ ဒီလို ပြည်သူတွေဘက်က စိတ်ဝင်စားမှု နဲပါးနေတာကလည်း 'တခါသေဖူး ပျဉ်ဘိုးနားလည်' ဆိုသလို စစ်အစိုးရလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ဆိုတာကို ကြုံဖူးတွေ့ဖူးပြီးသားဖြစ်တော့ မယုံကြည်နိုင်တော့တာက အဓိကပါ။

Mar 1, 2010

(နအဖ)စစ်အုပ်စုရဲ့အခက်အခဲ

တူမောင်ညို

(နအဖ) စစ်အုပ်စုမှာ ဘာအခက်အခဲတွေ ရှိနေသလဲ။

(နအဖ) စစ်အုပ်စုရဲ့ အခက်အခဲဆိုတာ အာဏာရှိသူရဲ့ အခက်အခဲပါ။

(NLD) နဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ

(CFGs) တွေကို (BGFs) ပြောင်းရတဲ့အခက်အခဲ၊ နိုင်ငံတကာနဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ စသဖြင့် ပြောကြပါလိမ့်မယ်။ ကျနော့်အထင်တော့ဖြင့် ဒါတွေဟာ အခက်အခဲတွေ ဖြစ်နေလင့်ကစား (နအဖ)စစ်အုပ်စုက သိပ်အလေးဂရုပြုလိမ့်မယ်လို့ မထင်ပါ။

Jan 11, 2010

စစ်အာဏာရှင်ကြီးတွေရဲ့ အနာဂတ်

မမခင်

မြန်မာပြည်မှာ စစ်တပ် အာဏာကို ချုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ၅၀ ဆိုကြပါစို့။ နောက်ဆုံး ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး စစ်အာဏာရှာရယ်လို့ ပြောင်ကျကျ အုပ်ချုပ်ခဲ့တာက နှစ် ၂၀ ကျော်ခဲ့ပါပြီ။ ဒီနှစ်ပေါင်း နှစ်ဆယ်ကျော်ကာလမှာ စစ်အာဏာရှင်တွေဟာ ပြုတ်ကျမသွားသည့်တိုင် သေချာတာကတော့ လူထုရဲ့ ထောက်ခံမှု အစစ်အမှန်ကို မရခဲ့ကြတာပါပဲ။ ၁၉၈၈ ခု လူထုအုံကြွမှုတွေ ဖြစ်ပွားနေတဲ့ကာလ (၉ - ၈ - ၈၈) နေ့ စစ်တပ်က ရန်ကုန်ဆေးရုံကြီးကို အကြမ်းဖက် ပစ်ခတ်ခဲ့ပြီးနောက် မြန်မာပြည်မှာ တပ်မတော် ဂုဏ်ရှိတယ်ဆိုတဲ့ နေ့တွေကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ပါဘူး။ ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးမှာ မေတ္တာပို့ လမ်းလျှောက်ကြတဲ့ သံဃာတော်မထေရ်မြတ်တွေကို ပစ်ခတ်ခဲ့တာ၊ ရဟန်းသံဃာတော်တွေ သီတင်းသုံးနေထိုင်တဲ့ ကျောင်းတိုက်ပေါင်း လေးဆယ်ကျော်ကို စစ်စခန်းဝင်စီးသလို စီးနင်းဝင်ရောက်ပြီးချိန်မှာတော့ မြန်မာပြည်သူတွေရဲ့ စစ်တပ်ပေါ် ထားရှိတဲ့ သဘောထားဟာ အတော်လေးကို စက်ဆုတ်တဲ့ အနေအထားကို ရောက်ရှိသွားခဲ့တာ လူတိုင်းအသိပါ။ ဒီနေ့ ဒီအချိန်မှာ စစ်တပ်ရဲ့ ဒီလိုကြမ်းတမ်းတဲ့ အပြုအမူတွေရဲ့ အကျိုးဆက်ကတော့ လူထုထဲမှာ စစ်တပ်ရဲ့ ရေပမ်းစားမှု၊ လူထုထောက်ခံမှုဟာ သုညအောက်ရေခဲမှတ်ကို ကျရောက်သွားပြီ ဆိုတာပါပဲ။

Nov 11, 2009

ညို (သို့မဟုတ်) မပြီးသေးသော ရေဆေးပန်းချီကားတစ်ချပ်

မျိုးမြင့်မောင်

နောက်ကြည့်မှန်
ရေးသူ - မင်းကိုနိုင်
စာမျက်နှာ (၁၇၁)
ပထမအကြိမ်- ၂၀၀၉ အောက်တိုဘာ
ထုတ်ဝေသူ- အေအေပီပီဘီ
အုပ်ရေ - ၁၀၀၀

စာမျက်နှာ (၁၇၁) မျက်နှာသာရှိသော သူ့စာအုပ်ကို တစ်ထိုင်တည်းအပြီး ဖတ်ပစ်လိုက်သည်။

သူသည် ခံစားတတ်သူဖြစ်သည်။

ခံစားမှုဟုဆိုရာ၌ နံ့သာထုံသောည မှသည် ခေတ်ပြောင်းတော်လှန်ရေးအထိ နက်ရှိုင်းကျယ်ပြန့်သည်မဟုတ်ပါလား။

သူသည်ခံစားရုံမျှမက ဖွဲ့နွဲ့တတ်သောသူလည်း ဖြစ်သည်။ (သောကလက်/အဖေါ်ရှိပါတယ် အထီးကျန်ခြင်းလေ/ တကယ်လို့ နွယ်မျှင်ကလေးတွေနဲ့တူတဲ့ မျက်လုံးတစ်စုံသာ အထီးကျန်ခြင်းမှာ ရှိမယ်ဆိုရင် ကိုယ်တယောက်ထဲ အမြဲနေရဲပါတယ်/နောက်တခါပြန်ဆုံရင်တော့ ကိုယ်ဟာကိုယ်တန်ဖိုးထားတဲ့ သံယောဇဉ်တခုကို ဖိနပ်လို စီးတော့မှာမဟုတ်ဘူး၊ ရင်ထိုးလို ချိတ်ဆွဲထားတော့မှာပါ)

အင်တာဗျူးမေးခွန်းများကိုပင် သူက ဖွဲ့နွဲ့ပြောတတ်သူ။ သူ့အပြောတွေက သဘင်ဆန်လှသည်။ “မင်းကိုနိုင်” ဟူသော အမည်ကပင် အဖွဲ့အနွဲ့တစ်ခုမဟုတ်ပါလား။

သူသည် ခံစားတတ်ဖွဲ့နွဲ့တတ်ရုံမျှမက ပြည်သူများ၏ ခံစားချက်များကို ဖေါ်ထုတ်ထင်ဟပ်ပြနိုင်စွမ်းရှိသူတစ်ဦးဖြစ်သည်။ သို့အတွက် သူ့ကို (နအဖ) စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်ချမှတ်ကာ ဝေးလံလှသော မောရဋ္ဌရှိ ကျိုင်းတုံအကျဉ်းထောင်သို့ပို့ထားခဲ့သည်။

ညို၊ ကိုဖေသောင်း၊ မခင်အေး၊ ဒေါ်တင်တင်တို့ပြောသော စကားများတွင် ကျနော်မျောလွှင့်သွားသည်။ ညိုသည် ရိုးသားပြီး အပြစ်ကင်းစင်သော ဆယ်တန်းကျောင်းသူကလေးတစ်ဦး။ ညိုပြောသော စကားများ၊ အပြုအမူများကလည်း ညိုလိုပင် အပြစ်ကင်းစင်ပြီး ကလေးဆန်သလို လှသည်။ ညိုတည်သော ရေချမ်းစင်ကလေးလို အေးမြနေမှာလည်း သေချာသည်။

တကယ်တော့ တောဘူတာရုံကလေးရှိတဲ့ မြို့သေးသေးလေးတစ်မြို့ကို တိမ်းရှောင်လာတဲ့ တက္ကသိုလ်ကျောင်းသား နိုင်ငံရေးလှုပ်ရှားသူနဲ့ ဆယ်တန်းကျောင်းသူကလေးတစ်ဦးတို့ရဲ့ သံယောဇဉ်ဖွဲ့ ဝတ္တုတစ်ပုဒ်မျှသာဖြစ်သည်။ သူသည် သူ၏သံယောဇဉ်ကို မတ်လ၊ ဇွန်လ၊ သြဂုတ်လ၊ စက်တင်ဘာလများကို ဖြတ်သန်းသွားခဲ့တဲ့ ၈၈ လူထုလှုပ်ရှားမှုကြီးကို မှုန်ပြပြ နောက်ခံထားပြီး ဖွဲ့နွဲ့ထားခြင်းဖြစ်သည်။

ညိုနဲ့ ကိုဖေသောင်း၏ ဇာတ်လမ်းကလည်း မပြီးဆုံးသေးသလို ဆဲဗင်းဂျူလိုင်က စခဲ့တဲ့ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုကြီးကလည်း မပြီးဆုံးသေးပါ။

ဒါပေမယ့် မခင်အေးတော့ ကလေးနှစ်ယောက်အမေ ဖြစ်ခဲ့ပြီ။

အခုချိန်လောက်ဆို ညို့အဖေ ဦးရွှေခင်လည်း ပင်စင်ယူလောက်ပြီ။ ညို့အသက်ပင် ၃၀ ကျော်ပေတော့မည်။

ထို့အတူ ကိုဖေသောင်းပေးခဲ့သော ဦးထုတ်ဖြူကလေးပင် ဝါကျင်ဟောင်းနွမ်းနေပေတော့မည်။

“ကိုယ့်အတွက်က လမ်းနှစ်သွယ်ရှိတယ်၊ ရည်ရွယ်တာတူပေမယ့် နှစ်နေရာ ခွဲလုပ်ရမယ်၊ တောထဲပဲသွားရမလား၊ မြို့မှာပဲ ဆက်လှုပ်ရှားရမလား” တောထဲက လူအများစုတော့ တတိယနိုင်ငံက မြို့ပြတွေဆီကို တစ်သုတ်ပြီးတစ်သုတ် ရည်မှန်းချက်မျိုးစုံနဲ့ ခရီးထွက်သွားခဲ့ကြပြီ ကိုဖေသောင်းရေ။

တချို့ကလည်း (၂၀၁၀) ရွေးကောက်ပွဲကို ရည်မှန်းချက်တစ်ဖက်ကမ်းကူးဖို့ ဖောင်အဖြစ် စီးသွားကြမယ်လို့ ပြောနေကြသည်။ တကယ်တော့ (၂၀၁၀) ရွေးကောက်ပွဲသည် ကူးတို့ဖောင်မဟုတ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) လို့ဆိုတဲ့ စစ်အာဏာရှင်စနစ် နွံရေအိုင်ထဲမှာ ကမ်းမမြင်လမ်းမမြင် မျောနေတဲ့ ဆင်သေကောင်မျှသာ ဖြစ်သည်။ ဒီမိုကရေစီသောင်ကမ်းသို့ ရောက်ရှိလိမ့်မည်မဟုတ်ပါ။

ထိုသို့ ဆင်သေစီးမည့် ထိုလူများကို ကိုဖေသောင်းက ဘယ်လိုဝေဖန်ဖွဲ့နွဲ့မှာလဲ။ သံချပ်ထိုးပြီး ဖွင့်ချမှာလား။

ကျနော်တို့၏ ကိုဖေသောင်းခမျာမှာတော့ အမြှီးဖွားဖွား ရှဥ့်ကလေးတွေပုံကို ကျိုင်းတုံအကျဉ်းထောင်အတွင်း နံရံပေါ်မှာ ပုံကြမ်းဆွဲခြစ်နေလေမလား။ ရေကြည်မြောင်းကလေးလို တောက်ပကြည်လင်နေသော ညို့မျက်ဝန်းကလေးတွေကို သတိရနေမလား။ ဖားဖားဝေဝေရှိလှတဲ့ ညို့ဆံပင်တွေကိုပဲ မြင်ယောင်နေမလား။ သပိတ်လွယ်ငှက်ကလေးလို သာယာတဲ့ ညို့အသံလေးကိုပဲ ကြားယောင်နေမလား။ ဒါမှမဟုတ် ရေနစ်လို့ ကူးရပြီဆိုရင် ဖိနပ်ကို စွန့်ခဲ့ရတာပဲဆိုတဲ့ ဥပက္ခာဝါဒီတစ်ဦးရဲ့ ဧကစာရီအကျင့်ကိုပဲ ကျင့်နေပြီလား။

သူ့ “နောက်ကြည့်မှန်” အခုလိုထုတ်ဝေနိုင်အောင် စီစဉ်သူတွေကို ကျေးဇူးတင်ပါသည်။

စီစဉ်သူများသည် နိုင်ငံရေးကို ဘာကြောင့်မှန်းမသိ စိမ်းကားနေပုံရသည်။ မုန်းတီးနေသည့် အဆင့်အထိတော့ မရောက်သေးဟု ထင်ရသည်။

စီစဉ်သူ့စကားတွင် “စာပေသည် နိုင်ငံရေး၏ သြဇာခံမဟုတ်။ တစုံတရာကို ထောက်ခံရန် (သို့မဟုတ်) ကန့်ကွက်ရန်သည် စာပေအနုပညာ၏ ရည်ရွယ်ချက်မဟုတ်ပေ” ဟု တုံးတိတိနှင့် စဖွင့်ထားပြီး “စာပေသည် ထိုစာပေကို ဖန်တီးသူ နေထိုင်ဖြတ်သန်းရသော ခေတ်၏ အလင်းအမှောင်၊ အဆိုးအကောင်းတို့ကိုမူ ထင်ဟပ်ဖေါ်ပြလေသည်” လို့ ရှေ့နောက်မညီဘဲ ဖေါ်ပြထားပြန်ပါသည်။

နောက်ကြည့်မှန်ထဲတွင် “အုန်းသိန်းတို့ သားအဖသည်” အမှောင်နှင့်အဆိုး ဖြစ်ပါသည်။

ယင်းသို့ အဆိုးနှင့် အမှောင်တို့ကို တိုက်ပွဲဝင်ရာတွင် အလင်းနှင့် အကောင်းဖြစ်သော ညို၏ လေးခွအစွမ်းဖြင့် အုန်းသိန်း၏ ညို့သကျည်းကို မှန်အောင် ပစ်ခြင်းဖြင့် ဖေါ်ထုတ်ထားပါသည်။

“စက်မှုကျောင်းသား ကိုဖုန်းမော်က သွေးနဲ့ မီးရှူးဖောက်ပြီး အချက်ပေးခဲ့ပြီ၊ ငါတို့ခေတ်မှာ အပြီးအပြတ် တိုက်ကြမယ်” ဆိုပြီး စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတာဝန်ကို ညွှန်ပြထားသည်။ ထောက်ခံထားသည်မဟုတ်ပါလား။

အကယ်၍သာ ညိုနှင့် ကိုဖေသောင်း၏ သံယောဇဉ်ဖွဲ့နွှဲ့မှုထဲကနေ နောက်ခံကားအဖြစ်ထားတဲ့ ၈၈ လူထုလှုပ်ရှားမှုကြီးကို ဖယ်ထုတ်လိုက်လျှင် ရွက်ကြမ်းရေကြို အချစ်ဇာတ်လမ်းတစ်ပုဒ်မျှသာ ဖြစ်နေပါလိမ့်မည်။

ကိုဖေသောင်းသည် သံယောဇဉ်အနှောင်အဖွဲ့တွေကို အလေးအမြတ် အသိအမှတ်ပြုပေမယ့် “တခါတော့ ဝေးလိုက်ကြရအောင် ညိုရေ” လို့ ပြောပြီး ကျောခိုင်းခဲ့သူဖြစ်သည်။ ကိုဖေသောင်းသည် နောက်ကိုကြည့်သူမဟုတ်။ ရှေ့ကိုကြည့်သူ၊ အနာဂတ်ကိုကြည့်သူသာ ဖြစ်သည်။

ဒီလိုသဘောထားတွေကြောင့်ပင် မခင်အေးကတဆင့် “ရှင့်ရုပ်ကို ပြန်ကြည့်ဖို့မဟုတ်ဘူး။ ကျောခိုင်းရာမှာ ဘာဖြစ်ကျန်ခဲ့မှန်းမသိသူတွေအတွက် နောက်ကြည့်မှန်တချပ် လှူချင်တာ” ဟု (စာမျက်နှာ ၁၁၄-၁၁၅) ပြောပြထားသည်။ ယင်းစကားသည် နောက်ကြည့်မှန်၏ အနက်အဓိပ္ပါယ် ဖြစ်နေသည်။ ကိုဖေသောင်းသည် နိုင်ငံရေး၏ သြဇာခံဟုတ်မဟုတ်တော့ ကျနော်မပြောတတ်ပါ။ ဒီကိစ္စကို စီစဉ်သူများကသာ သုံးသပ်အဖြေရှာကြရန် ဖြစ်ပါသည်။

ကျနော်ပြောနိုင်သည်မှာ ကိုဖေသောင်းသည် သံယောဇဉ်၏ လက်အောက်ခံမဟုတ်သည်ကတော့ သေချာပါသည်။

ထို့အပြင် နိုင်ငံရေးလှုပ်ရှားမှုနှင့် နိုင်ငံရေးလှုပ်ရှားသူများကို နည်းမျိုးစုံနှင့် ဖိနှိပ်ချေမှုန်းပြီး နိုင်ငံရေးအကျဉ်းသားမရှိဟု ဆိုနေသော ယနေ့ခေတ်ကိုလည်း သတိပြုစေချင်ပါသည်။

နေရာတော်တော်များတွင် ဦးရွှေခင်ကနေ ဦးခင်ရွှေဖြစ်နေတာနှင့် မှုန်ကျကျကားလမ်း (မှုန်ပြပြကားလမ်း)၊ ကားလတ် (ဟိုင်းလတ်ကားဖြစ်မည်ဟု ထင်ပါသည်) ပေါ်မှာ ဆင်းလိုက်သည် (နှာ- ၉၄)။ ရေတခွပ်ခွပ် (တဂွပ်ဂွပ်) သောက် (နှာ-၁၅၅) ဆိုသည့် အကျအပေါက်များမှလွဲ၍ ပြောစရာမရှိတော့ပါ။

ညိုကတော့ “ကြယ်တွေမှာလည်း ကြယ်လူကြီး၊ ကြယ်ကလေးတွေ ရှိတယ်။ ဓူဝံကြယ်က ကြယ်အဖိုးကြီးမို့ တနေရာထဲ ငုတ်တုတ်ထိုင် စဉ်းစားနေတာပေါ့။ ခုနှစ်စဉ်ကြယ်က ကလေးတွေမို့ ကုန်းပိုးစီးတန်းကစားနေကြတာ။ အခြေမခိုင်ဘဲ လိမ့်ကျသွားတဲ့ ကြယ်တွေ မြင်ဖူးပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ လူတွေအတွက် အသုံးတည့်လို့ နာမည်မှည့်ခံထားရတဲ့ ကြယ်တွေ တပွင့်မှပါမသွားဘူး။ တကယ်တော့ ကြယ်တွေရဲ့ဘဝမှာ အဖော်နီးတာ၊ အဖော်ဝေးတာ အရေးမကြီးပါဘူး။ လောကအတွက် အသုံးဝင်တဲ့ ကြယ် ဘယ်တော့မှမကြွေတာ သေချာပါတယ်” ဆိုတဲ့ စာသားတွေကို အထပ်ထပ်ရေးချနေပြီး ညိုတည်ထားတဲ့ ရေချမ်းစင်မှာ ရေလာခတ်သောက်မယ့် သူကို ငေးမောမျှော်လင့်နေလိမ့်မယ်လို့ ကျနော် အသေအချာ ယုံကြည်ပါသည်။

သို့ဖြင့် ညိုနှင့် ကိုဖေသောင်းကို လွမ်းသော အလွမ်းသည် တောဘူတာရုံလေးထဲ ဒရီးဒယိုင် ဝင်ရောက်သော လော်ကယ်ရထားတစ်စင်းလို ကျနော့်ရင်ထဲသို့ လှုပ်လှုပ်ရှားရှား တိုးဝင်လာပါတော့သည်။

အချိန်ဟူသော လော်ကယ်ရထားသည် ဘူတာမျိုးစုံကို ဖြတ်သန်းခုတ်မောင်းနေပါလိမ့်မည်။

အတိတ်မြင်ကွင်းများသည် နောက်ကြည့်မှန်ထဲတွင် တရိပ်ရိပ် ဝေး၍ဝေး၍ကျန်ခဲ့ပြီ။
× × × × ×

မျိုးမြင့်မောင်
(၂၀၀၉ နိုဝင်ဘာ ၆ ရက်)

Mar 19, 2009

အခြားတစ်ဖက်ကနေ ရှာကြည့်ပါဦး

၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို (နအဖ)သတင်းစာတွေက “ဒိတ်အောက်သွားပြီ”လို့ ရေးသည်။ ယခု (ကို)အောင်သူငြိမ်းက “ခံစစ်သေ”လို့ ရေးသည်။ မာနယ်ပလောကျဆုံးသွားတာကိုပင် သင်ခန်းစာယူဖို့ ပြောနေသည်။ ရေးတဲ့သူသာကွဲသည်၊ အာဘော်က အတူတူပင်ဖြစ်သည်။ အနှစ်သာရက ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ခိုင်းကြတာဖြစ်သည်။

ဒိတ်အောက်တယ်လို့ပြောပြော၊ ခံစစ်သေလို့ပဲဆိုဆို ယခုလိုပြောနေရေးနေကြရတာကပင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်၏ အသက်ဓါတ်နဲ့ သန်စွမ်းခိုင်မာမှုကို အသိအမှတ်ပြုနေရတာပဲမဟုတ်ပါလား။ ပြောနေကြသလိုသာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို လွယ်လွယ်နဲ့ ဖျက်သိမ်းနိုင်ခဲ့ရင် (နဝတ-နအဖ)စစ်အစိုးရ လက်ခမောင်းခတ်နေခဲ့မှာ ကြာလှပေါ့။ ၁၉၉၀ ပြည့် မေလ (၂၇) ရက်နောက်ပိုင်းကစပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ် ကိုဖျက်သိမ်းဖို့ (နဝတ-နအဖ)စစ်အစိုးရက မီးကုန်ယမ်းကုန် ကြိုးပမ်းခဲ့တာပါ။ ဘာဖြစ်ခဲ့ပါသလဲ။ တည်ရှိနေတဲ့ ပြဿနာပြေလည်မသွားတဲ့အပြင် ပြဿနာသစ်တွေသာ တရစ်ပြီးတရစ် ထပ်တက်လာခဲ့တယ်မဟုတ်ပါလား။ နက်ရှိုင်းကျယ်ပြန့်လာနေခဲ့တယ်မဟုတ်ပါလား။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပြဿနာအားလုံးကို ကျော်လွှားနိုင်ပါ့မလား။

“၂၀၁၀ ရွေးကောက်ပွဲသည်သာ မြန်မာ့နိုင်ငံရေး၏ ဗဟိုချက်မ၊ မြန်မာနိုင်ငံပြဿနာများ ပြေလည်သွားဖွယ်ရာ လမ်းကြောင်းအဖြစ် မမြင်မိသေးပါ” ဟု အောင်သူငြိမ်းက ဖွင့်ဟဝန်ခံထားသည်။

ဘာကြောင့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကိုမှ တဖက်သတ် စွန့်လွှတ်ခိုင်းနေကြရတာလဲ။ လမ်းပြမြေပုံကို စွန့်လွှတ်ပါလို့ ပြောကြပါလား။ (NLD) က အလျော့မပေးလို့၊ အလျော့ပေးလိုက်ရင် ပြဿနာပြေလည်သွားလိမ့်မယ်လို့ စဉ်းစားတာဟာ မူမဲ့တဲ့ စဉ်းစားနည်းဖြစ်သည်။ အညံ့ခံအလျော့ပေးခြင်းဖြစ်သည်။

ပြဿနာမှန်သမျှ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်တွင် တင်ပြီး အပေးအယူ အလျော့အတင်း ပြုလုပ်ကြရမည်သာဖြစ်သည်။ စားပွဲဝိုင်းပေါ်မရောက်ခင် ကြိုတင်အလျော့ပေးခိုင်းနေခြင်း၊ စွန့်လွှတ်ခိုင်းနေခြင်းများမှာ တရားမျှတမှုမရှိပါ။ နည်းလမ်းမကျပါ။ ပိတ် ၄ ပိတ် စွန့်လွှတ်ကြောင်းကြေညာလျှင် တွေ့မည်ဟုပြောခြင်းမှာ အကျပ်ကိုင်ခြင်းနှင့် နိုင်ငံတကာကိုလှည့်စားခြင်းသာ ဖြစ်ပါသည်။

မာနယ်ပလောစခန်းနဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ဟာ အနှစ်သာရအရ မတူညီတဲ့ ကိစ္စ ၂ ရပ်၊ အခြေအနေ ၂ ရပ် ဖြစ်ပါသည်။ ဒါကို မျဉ်းပြိုင်ထားပြီး သုံးသပ်လို့မရပါ၊ ကောက်ချက်ဆွဲလို့မရနိုင်ပါ။ မာနယ်ပလောသည် စစ်ရေးအခြေခံစခန်းတခုသာ ဖြစ်ပါသည်။ ဆုံးရှုံးသွားတဲ့ မာနယ်ပလောစခန်း ပြန်ပေးပါလို့ ဘယ်သူကမှ တောင်းဆိုတာမကြားမိပါ။ ထို့အတူ နိုင်ငံတကာကလည်း ပြန်ပေးပါလို့ ပြောသံမကြားပါ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ဆိုသည်မှာ (နဝတ-နအဖ) စစ်အစိုးရ၏ တည်ဆဲဥပဒေများအရ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲမှ ရရှိလာသည့် တရားဝင်ရလဒ်ဖြစ်ပါသည်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ဟာ (NLD) တဖွဲ့ထဲနဲ့ပဲ သက်ဆိုင်နေတဲ့ ကိစ္စမဟုတ်ပါဘူး။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ လူထုဆီက တစုံတရာ မဲအရေအတွက်ရခဲ့တဲ့ ပါတီတွေနဲ့လည်း သက်ဆိုင်ပါသည်။ (NLD) ကို လူထုမဲတွေ စုပုံပေးခဲ့တာ ဘာကြောင့်လဲဆိုတာ မေးစရာလိုသေးလို့လား။

(NLD) ကို အားမလိုအားမရ ဖြစ်ရတာတွေ အများကြီးရှိတယ်ဆိုတာကို လက်ခံပါသည်။

ဘယ်လိုပဲ အရည်ဆန်ပြီး ပြောင်းရွှေ့နေပါစေ နှစ် ၂၀ လုံးလုံး နိုင်ငံရေးအာဏာသည် (န၀တ-နအဖ) စစ်အစိုးရလက်ထဲတွင်သာ ရှိနေပါသည်။ ဘယ်ကိုမျှ ပြောင်းရွှေ့မသွားပါ။ ယင်းအာဏာဖြင့် အတိုက်အခံဟူသမျှ၊ လှုပ်ရှားမှုမှန်သမျှကို ဖိနှိပ်နေခြင်းဖြစ်သည်။ ချေမှုန်းနေခြင်းဖြစ်သည်။

သို့သော်လည်း မြန်မာ့နိုင်ငံရေးတိုက်ပွဲ အဓိကမျက်နှာစာသည် ၁၉၉၀ မတိုင်ခင်က တောတွင်းမှာ (လက်နက်ကိုင်တိုက်ပွဲ) တည်ရှိနေခဲ့သော်လည်း ၁၉၉၀ မေလ (၂၇) ရက်နောက်ပိုင်းမှာ မြို့ပေါ်ရောက်လာပါသည်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်သည် (န၀တ-နအဖ) စစ်အစိုးရအဖို့ အဓိကထား တိုက်ဖျက်ပစ်ရမည့် အချက်အချာကိစ္စ ဖြစ်လာပါသည်။ သို့အတွက် (န၀တ-နအဖ) စစ်အစိုးရအနေဖြင့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်တိုက်ဖျက်ရေးကို အဓိကထား လုပ်ဆောင်ခဲ့ပါသည်။ ဒီကနေ့အထိ လုပ်ဆောင်နေဆဲဖြစ်ပါသည်။

သို့ပါ၍ ကျနော်တို့အနေဖြင့် (နအဖ) စစ်အစိုးရနဲ့ နှစ်ကိုယ်တစ်စိတ်လုပ်ပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းရေးဘက်တွင် ပါဝင်မလား၊ သို့တည်းမဟုတ် (NLD) နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုဘက်မှ တစိတ်တည်းတဝမ်းတည်းနေပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို ခုခံကာကွယ်မလားဆိုတာ ရွေးချယ်ကြရပါလိမ့်မည်။ ယင်းကသာ “ရပ်တည်ချက်ပြဿနာ” ဖြစ်ပါသည်။ ယင်းရပ်တည်ချက်ရှိမှသာ ၂၀၁၀ ကို ရင်ဆိုင်ဖြတ်သန်းနိုင်ပါလိမ့်မည်။

အခုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ခံစစ်သေလို့ မြင်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ပါလားလို့ မတိုက်တွန်းရဲဘူး။ အားလုံးစုဆုံနိုင်မယ့် ဗဟိုချက်ကလည်း ပျောက်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပြေလည်ရေးလမ်းကြောင်းအဖြစ် မမြင်မိသေးပါဟုဆိုတော့ တော်တော်တော့ခက်နေပြီ။ မိုးမှောင်ကျပြီး ထွက်လမ်းဘယ်မမြင်ဆိုသလို ဖြစ်နေပြီ။

ဘာပဲဖြစ်ဖြစ် ၂၀၁၀ ကို ဖြတ်သန်းနိုင်ဖို့ “အောလ်တာနေးတစ်”တစ်ခုတော့ အခြားတစ်ဖက်ကနေ ရှာကြည့်ပါဦး။

x x x x x

တူမောင်ညို
(၂၀၀၉ ခုနှစ်၊ မတ်လ ၁၉ ရက် )

Mar 14, 2009

၂၀၁၀ လွန်ကာလမှာ (နအဖ)စစ်အစိုးရအတွက် ပြဿနာတွေပိုများမယ်


အဆိုးမြင်လွန်းတယ်လို့ ပြောချင်လည်း ပြောကြပေတော့။ မြင်တဲ့အတိုင်း ရေးလိုက်ပြီ။

ပြဿနာအားလုံးကို ဖြေရှင်းနိုင်မယ့် သော့ချက်ဟာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့သာလျှင် ဖြစ်ပါတယ်။ ဒါပေမယ့် (နအဖ)စစ်အစိုးရဟာ ကမ်းလှမ်းအဆိုပြုမှုမှန်သမျှကို လစ်လျူရှုခဲ့ပြီး ငါ့မြင်းငါစိုင်းခဲ့လို့ တည်ရှိဆဲပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အပြင် နောက်ထပ်ပြဿနာသစ်တွေကိုလည်း ထပ်မံ ဖန်တီးနေပြန်ပါတယ်။

ဒါပေမယ့် ပြည်တွင်းပြည်ပ ကလူတချို့က ထင်ယောင်မှားပြီး ၂၀၁၀ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ရင် (နအဖ)စစ်အစိုးရအနေနဲ့ ပန်းပန်နိုင်ပြီ၊ ပြည်တွင်းပြည်ပအတိုက်အခံတွေတော့ နိဂုံးချုပ်တော့မယ်လို့ ထင်နေကြပါတယ်။ ဒါကြောင့် “ရတဲ့အပေါက်က ဝင်ကြ၊ ရတဲ့အပေါက်က ဝင်ကြရမယ်”ဆိုတဲ့ အာဘော်ကို ဖန်တီးလာပါတယ်။

ဒီလိုဝင်သွားကြမယ့်သူတွေဟာ ဂုဏ်သိက္ခာပျက်ယွင်းပြီး (ပြည်သူလူထုက ရွံရှာမုန်းတီးပြီး) အနာဂတ်လည်း ပျောက်ဆုံးသွားပါလိမ့်မယ်။

၂၀၁၀ ရွေးကောက်ပွဲလွန်ကာလ ဖြစ်နိုင်ခြေများ

အောက်ပါပြဿနာ (၃) မျိုး ဖြစ်ရန် အလားအလာရှိနေပါတယ်။
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာများ
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က ယူဆောင်ဖန်တီးလာမည့် ပြဿနာများ
၃။ လက်ရှိကမ္ဘာ့စီးပွားရေးကပ်ကြောင့် တနွယ်ငင်တစင်ပါ သက်ရောက်လာမည့် ပြဿနာရပ်များ

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာများ
- ၁၉၉၀ ပြည့်ရွေးကောက်ပွဲပြဿနာ
- အပစ်ရပ်တိုင်းရင်းသားများ၏ တည်ရှိမှုနှင့်ဆိုင်သော ပြဿနာများ

အထက်ပါပြဿနာများကို (န၀တ)လက်ထက်မှာ မဖြေရှင်းနိုင်ခဲ့သလို (နအဖ)လက်ထက်မှာလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

ဒီပြဿနာတွေကိုမဖြေရှင်းနိုင်ခဲ့တဲ့အပြင် စစ်အုပ်စုအတွင်းပဋိပက္ခတွေကို ပိုမိုပြင်းထန် သည်းသန်လာစေခဲ့ပါတော့တယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင် ရာထူးက အနားပေးလိုက်ရတာ၊ မူလ (နဝတ)အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ စသူတွေကို အစုလိုက်အပြုံလိုက် အနားပေးလိုက်ရပါတယ်။ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦး ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရပါတယ်။ စစ်အုပ်စုရဲ့ခေါင်းကိုင်ဖခင်ကြီး ဗိုလ်နေဝင်း မိသားစုအဝန်းဝိုင်းနဲ့ အရာရှိတချို့ရဲ့ အာဏာသိမ်းပိုက်ရန် လှုပ်ရှားပေါ်ပေါက်ခဲ့တာ၊ နောက်ဆုံးမှာတော့ ဗိုလ်ခင်ညွန့်နဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကြီးကို ဖယ်ရှားဖျက်သိမ်းလိုက်ရခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီလာခံကို ၁၉၉၅ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ မကျင်းပနိုင်ဘဲ ရပ်ဆိုင်းထားခဲ့ရတာ၊ ဒီပဲယင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုကြီး ပေါ်ပေါက်ခဲ့တာတွေဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲပြဿနာကို မဖြေရှင်းနိုင်ရာကနေ ဆက်စပ်ဖြစ်ပွားလာခဲ့ရတဲ့ အကျိုးဆက်ပြဿနာများပဲ ဖြစ်ပါတယ်။

ဒီပြဿနာ ၂ ရပ်ကို (နအဖ)စစ်အစိုးရက ခပ်ကြမ်းကြမ်းသာ ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် (တစည)ပါတီက စိုးရိမ်နေတဲ့ လူထုအုံကြွမှုတွေ၊ ပြည်တွင်းစစ်အန္တရာယ်တွေကို မန်းမှုတ်ခေါ်ယူလိုက်သလို ဖြစ်ပါလိမ့်မယ်။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးနိုင်တဲ့အပြင် နောက်ထပ် ဖိနှိပ်မှုနဲ့ ဖမ်းဆီးတွေ တသီကြီး ဖြစ်ပေါ်လာစရာ အလားအလာတွေ ရှိနေပါတယ်။

တကယ်တော့ (နအဖ) စစ်အစိုးရ တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘဲ သူတို့ချမှတ်ထားတဲ့ လမ်းပြမြေပုံအတိုင်း ဆက်လက် ထင်ရာစိုင်းနေလေတော့ နောက်ထပ်ပြဿနာသစ်တွေကို ယူဆောင်ဖန်တီးနေသလို ဖြစ်နေပါတော့တယ်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က ယူဆောင်ဖန်တီးလာမည့်ပြဿနာများ
- သမတနှင့် ကာကွယ်ရေးဦးစီးချုပ် ရွေးချယ်ရေးပြဿနာ
- နိုင်ငံရေးအားပြိုင်မှုများ
- လွှတ်တော်တွင်းတိုက်ပွဲများ

ဒီပြဿနာဟာ စစ်အုပ်စုအတွင်းမှာ ဖုံးကွယ်ထားလို့မရနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ ဘယ်သူသမတလုပ်ပြီး ဘယ်သူက ကာကွယ်ရေးဦးစီးချုပ်လုပ်မလဲ၊ ၂၅ % သော စစ်သားအမတ်တွေ ဘယ်သူတွေဖြစ်မလဲ၊ ဘယ်သူတွေက အဆိုပြုဆုံးဖြတ်မလဲ၊ အဲဒီလို ဆုံးဖြတ်နိုင်တဲ့အာဏာကို ဘယ်သူက ကိုင်ထားမလဲ၊ ဒါတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)က ယူဆောင်ဖန်တီးလာမယ့် ပြဿနာများအနက် အဓိကကျတဲ့ ပြဿနာတွေ ဖြစ်ဖွယ်ရှိပါတယ်။

ဒီအခြေခံဥပဒေ (၂၀၀၈) အာဏာတည်လာတဲ့အခါ တစ်တိုင်းတပြည်လုံးရဲ့ အာဏာမှန်သမျှကို ချုပ်ကိုင်ထားမယ့် အဖွဲ့အစည်းဟာ လွှတ်တော်မဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (မကလ) ဖြစ်ပါတယ်။ သမတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ဘယ်လောက် အပေးအယူတည့်မလဲဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က ယူဆောင်လာမယ့် ပြဿနာများရဲ့ မောင်းခလုတ်ပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာ ကာကွယ်ရေးဦးစီးချုပ်က အရာရာကို ဆုံးဖြတ်ချယ်လှယ်ထားတဲ့ အခြေခံဥပဒေ ဖြစ်ပါတယ်။ ကျနော်တို့က ဒါကြောင့် စစ်အာဏာရှင်စနစ် ထာဝစဉ် သက်ဆိုးရှည်ဖို့ ရေးဆွဲထားတဲ့ ဥပဒေလို့ အကဲဖြတ်ထားတာဖြစ်ပါတယ်။ ရတဲ့အပေါက်က ဝင်ကြ၊ ရတဲ့အပေါက်က ဝင်ကြမယ်ဆိုရင် တစ်သက်လုံး ခေါင်းငုံ့သွားရဖို့ပဲ ရှိပါတယ်။

အခန်း (၁၀) နိုင်ငံရေးပါတီများဆိုတာမှာ ကြည့်ပါ။ ပုဒ်မ (၆) ခု ရှိပါတယ်။ ပုဒ်မ (၄၀၉) အရ နိုင်ငံရေးပါတီများ ဥပဒေ၊ ရွေးကောက်ပွဲဥပဒေ စတာတွေ ပြဌာန်းလာတဲ့အခါ နိုင်ငံရေးပါတီများရဲ့ အနေအထားဟာ ဘယ်လိုရှိလာမလဲဆိုတာ အသေအချာ တွက်ချက်နိုင်ပါလိမ့်မယ်။ မကြာခင် ဒီဥပဒေတွေ ပေါ်ထွက်လာပါတော့မယ်။

သေချာတာတော့ လှုပ်နိုင်မှာမဟုတ်ပါဘူး။ ဝါးလုံးခေါင်းထဲ ဝင်မိတဲ့ ကျွဲလိုပဲ ဖြစ်ပါလိမ့်မယ်။ “ရတဲ့အပေါက်က ဝင်ကြ၊ ရတဲ့အပေါက်က ဝင်ကြရမယ်”လို့ ဆိုနေသူတွေ သတိပြုရမယ့်ကိစ္စဖြစ်ပါတယ်။

(၁၉၇၄) မဆလ အခြေခံဥပဒေမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တစ်ခုတည်းသော ပါတီဖြစ်သည်၊ နိုင်ငံတော်ကို ဦးဆောင်သည်လို့ လုပ်ခဲ့သလိုပဲ။ အခု (နအဖ)စစ်အစိုးရရဲ့ အခြေခံဥပဒေ (၂၀၀၈) ကလည်း ကာကွယ်ရေးဦးစီးချုပ်က အရာရာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒါကို ပြေပြေပြစ်ပြစ်နဲ့ ကြည့်ကောင်းစေဖို့နဲ့ တုံးတိလည်းမဖြစ်၊ ဒဲ့ဒိုးလည်းမကျအောင် “အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းတွင် တပ်မတော်က ပါဝင်ရေး”ဆိုပြီး ရေးထားတာဖြစ်ပါတယ်။ အနှစ်သာရက ကာကွယ်ရေးဦးစီးချုပ်က အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားတဲ့ စစ်အာဏာရှင်စနစ်ပဲ ဖြစ်ပါတယ်။ “ရတဲ့အပေါက်က ဝင်ကြ၊ ရတဲ့အပေါက်က ဝင်ကြရမယ်” ဆိုတာ စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။

၃။ လက်ရှိကမ္ဘာ့စီးပွားရေးကပ်ကြောင့် တနွယ်ငင်တစင်ပါ သက်ရောက်လာမည့် ပြဿနာရပ်များ
- စီးပွားရေး
- လူမှုရေး
- ပညာရေး
- ကျန်းမာရေးဆိုင်ရာ ပြဿနာများ

ကျနော်တို့တိုင်းပြည်ဟာ စိုက်ပျိုးရေးထွက်ကုန်နဲ့ မြေပေါ်အောက် ရေပေါ်ရေအောက် သယံဇာတ ရောင်းစားရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

အဓိကကုန်သွယ်နေတာကလည်း အာစီယံထဲက ( စင်္ကာပူ၊ မလေးရှား၊ ထိုင်း) တို့နဲ့ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်တို့နဲ့ပဲ ဖြစ်ပါတယ်။ ဒီတိုင်းပြည်တွေဟာ လက်ရှိစီးပွားပျက်ကပ်ရဲ့ ဂယက်ကို ခံစားနေရပါပြီ။ ဒါရဲ့ ဆင့်ပွားဂယက်ကို ကျနော်တို့နိုင်ငံ ခံရမှာပါ။ အခု စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ မွေးမြူရေးနဲ့ ရေထွက်ကုန်ပစ္စည်းတွေ ဈေးကျပါတယ်။ ဒါပေမယ့် ထုတ်လုပ်ကုန်ကျစရိတ်က မကျပါဘူး။ ဒီတော့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေ နစ်နာပါတယ်။ ဒီတော့ ဘယ်သူမှ တိုးထုတ်ဖို့ စိတ်မကူးပါဘူး။ ကျနော်တို့ပို့ကုန်ဆိုတာ ပြည်ပပို့ကုန် ပဲမျိုးစုံတို့၊ ပုဇွန်သားငါးနဲ့ သဘာဝဓါတ်ငွေ့၊ ကျောက်မြက်ရတနာလောက် ရှိတာပါ။ စီးပွားပျက်ကပ် ကြုံနေရသူတွေက ဒါတွေကို သူတို့နိုင်ငံတွေက အခု ဝယ်ဖို့ စိတ်မဝင်စားပါဘူး။

ပြည်ပတင်ပို့မှုတွေ လျော့နည်းလာတာနဲ့ပတ်သက်ပြီး “လယ်ယာဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်အမယ်များ ထုတ် လုပ်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေး” (၁ ဒီဇင်္ဘာ ၂၀၀၈ နေပြည်တော်) တွင် ပြောကြားသည့် ဝန်ကြီးချုပ် ဗိုလ်သိန်းစိန် မိန့်ခွန်းမှ ကောက်နှုတ်ချက်များဖြင့် ကိုးကားပြလိုက်ပါတယ်။

- ၂၀၀၈ ခုနှစ် အောက်တိုဘာလကုန်အထိ ပြီးခဲ့သော နှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် ဆန်၊ ပြောင်း၊ နှမ်း တင်ပို့မှုသည် ပိုမိုများပြားသော်လည်း ပဲအမျိုးအမျိုး တင်ပို့မှုတန်ဖိုးသည် ၅ ဒသမ ၄ ရာခိုင်နှုန်းခန့်၊ ရော်ဘာ ၀ ဒသမ ၇ ရာခိုင်နှုန်းခန့်စီ လျော့နည်းပါကြောင်း
- တိရစ္ဆာန်ထွက်ပစ္စည်းအုပ်စုတွင် ယခင်နှစ် အလားတူကာလထက် တန်ဖိုး ၂၅ ဒသမ ၄ ရာခိုင်နှုန်း တိုးသော်လည်း ရေထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး ၆ ဒသမ ၁ ရာခိုင်နှုန်းလျော့နည်းပါကြောင်း
- ငါးတင်ပို့မှုမှာ တန်ဖိုး ၁ ဒသမ ၇ ရာခိုင်နှုန်းခန့်၊
- ပုစွန်တင်ပို့မှုတန်ဖိုးသည် ၄ ဒသမ ၂ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ပါကြောင်း
- အလားတူ သစ်တောထွက်ပစ္စည်းအုပ်စုတွင် ၀ ဒသမ ၆ ရာခိုင်နှုန်း လျော့နည်းပြီး
- စက်မှုကုန်ချောအုပ်စုတွင် ၁၅ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းပါကြောင်း
- ဓါတ်ငွေ့တင်ပို့ရောင်းချမှုတန်ဖိုးမှာလည်း ၁၈ ဒသမ ၂ ရာခိုင်နှုန်းခန့် လျော့နည်းနေကြောင်း

ဒီအချက်တွေဟာ လွန်ခဲ့တဲ့ ၃ လနီးပါးကာလက အချက်အလက်တွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဘယ်လောက်အထိ ကျဆင်းသွားမလဲဆိုတာ ခန့်မှန်းတွက်ဆကြည့်နိုင်ပါတယ်။

သူတို့ပြောနေတဲ့ စက်မှုဇုန် (၁၉) ခုဆိုတာကလည်း လျှပ်စစ်မီး မှန်မှန်မလာလို့ မလည်ပတ်နိုင်ပါဘူး။ မီးစက်နဲ့ လည်ဖို့ဆိုရင်လည်း စရိတ်ထောင်းလို့ တွက်ခြေမကိုက်ပါဘူး။ ဒီတော့ အောက်ပါပြဿနာတွေဟာ တက်လာမှာ သေချာသလောက်ပါပဲ။ နိုင်ငံရေးအကျဉ်းသားတော့ မလွှတ်ဘဲ ရာဇ၀တ်သား (ခိုးဆိုးနှိုက်) တွေကို စေတနာဗလပွနဲ့ လွှတ်ပေးနေတော့ ရာဇ၀တ်မှုတွေဖြစ်လာအောင် (နအဖ) စစ်အစိုးရကိုယ်တိုင် ဖန်တီးပေးနေတာကို ရှင်းရှင်းမြင်နိုင်ပါတယ်။ အကျဉ်းသား (၆၃၁၃) ယောက် လွှတ်တာမှာ နိုင်ငံရေးအကျဉ်းသားက (၂၉ ) ယောက်ပဲ ပါတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောနေပါတယ်။ (နအဖ) စစ်အစိုးရရဲ့ အကျဉ်းသားလွှတ်ပေးမယ်ဆိုတဲ့ ကြေညာချက်မှာပါတဲ့ “လူသားချင်းစာနာထောက်ထားမှု၊ သနားချစ်ခင်မှု၊ မိသားစုများအား ငဲ့ညှာမှု” ဆိုတဲ့ အချက်တွေဟာ နိုင်ငံရေး အကျဉ်းသားတွေအပေါ်မှာ ထားရှိတာမဟုတ်ဘဲ (ခိုးဆိုးနှိုက်)ဆိုတဲ့ ရာဇဝတ်သားတွေအပေါ်မှာ ထားတယ်ဆိုတာ သိပ်ပေါ်လွင်ထင်ရှားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ မိသားစုနဲ့ဝေးတဲ့ ထောင် ပြောင်းတယ်၊ တိုက်ပိတ်ထားတယ်။

ဒီအချက်အလက်တွေကို ပေါင်းရုံးသုံးသပ်ကြည့်လိုက်ရင် (နဝတ-နအဖ) စစ်အစိုးရဟာ ပြဿနာဟောင်းတွေကို မဖြေရှင်း နိုင်တဲ့အပြင် ပြဿနာအသစ်တွေကိုပါ ထပ်မံဖန်တီးနေတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဗမာပြည်ဟာ ပေါက်ကွဲတော့မယ့် ယမ်းအိုးကြီးနဲ့တူနေတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။

ချုပ်ပြီးပြောရရင် ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလမှာ ဖြေရှင်းရမယ့် ပြဿနာတွေဟာ ပိုမိုးများပြားသလောက် ရှုပ်ထွေးပါလိမ့်ဆိုတာပါပဲ။ ပြီးတော့ ဒီပြဿနာတွေကို ပြေလည်ကောင်းမွန်စွာ ဖြေရှင်းနိုင်စေမယ့် နည်းလမ်းတွေ (နအဖ) စစ်အစိုးရ အတင်းအကြပ် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မှာ မပါရှိဘူးဆိုတာပါပဲ။

ဒါကြောင့် ဒီအချက်အလက်တွေပေါ်ကပြောရင် ကျနော်တို့အတွက် ပြင်ဆင်မှုကောင်းဖို့လိုတယ်ဆိုတာနဲ့ လူထုအုံကြွမှုဆိုတာ ကျနော်တို့ ဘယ်လောက် ပြင်ဆင်စည်းရုံး စုစည်းထားနိုင်သလဲဆိုတဲ့ အချက်အပေါ်မှာသာ တည်မှီနေပါတယ်။

××××××

တူမောင်ညို (၂၀၀၉ ခုနှစ်၊ မတ် ၂ ရက်)

Feb 9, 2009

နိုင်ငံရေးမျိုးဆက်သစ်တွေက နွားကို သနားသတဲ့

ဒီတပတ်ထဲမှာ မမခင်အဖို့အလုပ်တော်တော် များပါတယ်။ ပုံမှန်လုပ်နေကျ အလုပ်တွေအပြင် နိုင်ငံရေးဆွေးနွေးဖော် ဆွေးနွေးဖက်၊ ပြည်ပသတင်းဌာနတွေက သတင်းတွေအကြောင်း ပြောဖော်ပြောဖက် မိတ်ဆွေတယောက်ရဲ့နာရေး ဖြစ်လို့လေ။ လူမှုရေးကိစ္စဆိုရင် မနေတတ်တဲ့ မမခင်အဖို့ အသုဘကိစ္စအတွက် သတင်းစာတိုက်ပြေးရ၊ ရေခဲတိုက်ပြေးရ၊ ပန်းခွေပန်းခြင်းတွေအတွက် ပြေးရနဲ့။ သွားသမျှခရီးကိုလဲ တက္ကစီစီးပြီး သွားရတာလေ။ ဒီတော့ တက္ကစီဆရာနဲ့ စကားဖလှယ်ဖြစ်တယ်ပေါ့။ မြန်မာပြည်မှာ တက္ကစီဆရာကို အထင်မသေးပါနဲ့။ စစ်အစိုးရရဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ် စီမံခန့်ခွဲပုံက ကောင်းလွန်းလို့ တက္ကသိုလ်က ဘွဲ့တဘွဲ့၊ နှစ်ဘွဲ့၊ သုံးဘွဲ့ရတွေ၊ အရာရှိလူထွက်တွေ၊ တချို့များ ဒုညွှန်မှူး၊ ညွှန်မှူးလူထွက်တွေတက္ကစီမောင်းပြီး အသက်မွေး ဝမ်းကြောင်းနေကြရတာသိကြတယ်မဟုတ်လား။ နိုင်ငံခြား သင်္ဘောသားတွေလဲ သင်္ဘောမတက်ခင် နေ့တွက်ကိုက်အောင်တက္ကစီကို တကြောင်းနှစ်ကြောင်း ဝင်မောင်းပြီး စီးပွားရှာကြရတာလေ။ အဲ- အဲ ပြောချင်တဲ့ အကြောင်းအရာက တက္ကစီဒရိုင် ဘာတွေရဲ့ ဘဝအခြေအနေအကြောင်း မဟုတ်ဘူးရှင့်။ မမခင် တကယ်ပြောချင်တာက တက္ကစီထဲကို ထည့်မောင်းရတဲ့ လောင်စာဆီ အကြောင်းပါ။

တက္ကစီ ဒရိုင်ဘာက ပြောပါတယ်။ အခု သူတို့ ဓါတ်ဆီဆိုင်မှာ ဆီမထုတ်တော့ဘူးတဲ့။ အပြင် ဈေးကွက်ကပဲ ဝယ်ထည့်သတဲ့။ မမခင်က "ဘာလို့လဲ" လို့ မေးတော့ "အစိုးရထုတ်ဈေးထက် အပြင်ပေါက်ဈေးက သုံးရာ သက်သာနေပြီ အမရဲ့” တဲ့။ အင်း -- ဒီသတင်းမျိုး မမခင် မကြားဘူးပါဘူး။ မမခင်တသက်လုံး အစိုးရထုတ်ဈေးနှုန်းထက် အပြင်မှောင်ခိုဈေးကွက်က ဈေးပိုကြီးတာပဲ ကြားဖူးပါတယ်။ ဒီတခါ ကြားရတာသတင်းက အဆန်းပါပဲ။ စစ်အစိုးရ အုပ်ချုပ်တဲ့ တသက်တာမှာ ဒီလိုဖြစ်တာ ဒီတခါပဲ ကြားဖူးပါတယ်။ ထူးလိုက်တာ။ ဆန်းလိုက်တာ။ ဒီ အထူးအဆန်းသတင်းကို အပေါင်းအဖေါ်တွေနဲ့ ပဟေဠိ အဖြေညှိရဦးမယ်။ အဲဒီလိုတွေးပြီး နာရေးထဲမှာ အားမနာ လျှာမကျိုး ပြောကြဆိုကြတယ်။ သေသောသူကို အားမနာတာ မဟုတ်ပါဘူး။ သေသောသူကလဲ အသက်ရှင်စဉ်တုံးက နိုင်ငံထဲမှာ ဖြစ်ပျက်တာဆို သိပ်ကို စိတ်ဝင်စားပါတယ်။ အခုနေ သူသာရှိရင်လဲ ဒီပွဲမှာ သူပါဝင်ဆွေးနွေးမှာ သေချာပါတယ်။ ဒီလိုသတင်းထူးရဲ့သားနဲ့ မမခင်က ငြိမ်နေရင်တောင် သူက ငြိမ်နေရမလားလို့ အပြစ်တင်ကောင်း တင်နိုင်တယ်။ သူအပြစ်တင်တာတော့ မခံနိုင်ပါဘူး။ သူ့နာရေးမှာ သူ့သဘောကျ နေပြရမှာ မိတ်ဆွေကောင်းတို့ဝတ္တရားမဟုတ်လား။

သူက သေခါနီးမှာတောင် "ဘီဘီစီ ဗွီအိုအေ မလာသေးဘူးလား" လို့ မေးသွားပါသေးတယ်။ အဲဒီလို မေးသွားတာလေး သနားလွန်းလို့ မမခင်တို့ ဆွေးနွေးပွဲဟာ သူ့အတွက် ဂုဏ်ပြုရာတောင် ရောက်မယ်ထင်ပါတယ်။ ဆွေးနွေးပွဲမှာ တယောက်သော သူက " ကမ္ဘာ့ရေနံစိမ်းဈေးက ကျနေပြီလေ၊ တက်တုံးကတော့ ကမ္ဘာရေနံဈေးနဲ့အပြိုင် တရက်ကလေးမှ မစောင့်နိုင်ဘဲ စစ်အစိုးရက ဈေးလိုက်တက်တာ၊ ဒါကြောင့်လဲ ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ခဲ့တာပေါ့။ အခု ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းလဲကျရော ဈေးကို ချမပေးဘဲ မှိန်းပြီးစားနေတာ။

ဟုတ်ပါရဲ့.. ဟုတ်ပါရဲ့၊ မမခင်လဲ ဂျာနယ်ထဲမှာ ဖတ်ရပါတယ်။ ကမ္ဘာ့ ရေနံစိမ်းဈေး တစည်ကို ၁၄၀ ဒေါ်လာ အထက်ကို ရောက်သွားတော့ အော်-- ကိုရွှေစစ်အစိုးရက လောင်စာဆီဈေးကို ၂ ဆလောက် တက်ပစ်လိုက်တယ်။ အခု ရေနံစိမ်းဈေးက တစည်ကို ဒေါ်လာ ၅၀ အောက်လောက် ရောက်၊ ၄၀ ကျော်ကျော်ကလေးပဲ ရှိတဲ့အချိန်မှာ - ခပ်တည်တည်ဘဲ။ ဈေးနှုန်းကို ပြန်မချတောံဘဲ မြတ်သမျှ အမြတ်ကို ပါးဖြဲနားဖြဲ စားနေတာ။ ဆီဈေးကိုချပေးလိုက်ရင် သယ်ယူပို့ဆောင်စရိတ်စက နည်းသွားလို့ ကုန်ဈေးနှုန်းကျမှာ စိုးလို့ထင်တယ်။ နအဖအစိုးရဟာ ပြည်သူတွေ သက်သာမှာကို တော်တော်ကိုကြောက်တဲ့ အစိုးရပါ။ တဏှာကဲပြီး သဒ္ဒါနည်းတဲ့ အစိုးရလေ။

သတင်းဂျာနယ်တွေ၊ သတင်းတွေထဲမှာ နိုင်ငံတကာက ကိုယ်စီကိုယ်စီ လောင်စာဆီဈေးကို ကမ္ဘာ့ရေနံစိမ်း ဈေးကျရင် ကျသလို ဈေးချပေးနေတာ ဖတ်ရမှတ်ရပါတယ်။ တရုတ်ပြည်မှာတောင် ဈေးချပေးပါတယ်။ မြန်မာပြည်ကတော Out of the world ဖြစ်နေပြီထင်ပါရဲ့။ ကမ္ဘာကြီးဘာဖြစ်ဖြစ် မြန်မာပြည်က ဖြစ်ချင်မှဖြစ်မယ်။ ကမ္ဘာနဲ့မယှဉ်ဘူး။ ကမ္ဘာ့အပြင်မှာ နေမယ်။ လောင်စာဆီကို သွင်းကုန်ထုတ်ကုန် လုပ်နေတာကလဲ သူတို့ ဗိုလ်ချုပ်တွေမဟုတ်လား။ ဒီတော့ ဘယ်သူချချ သူတို့မချဘူး။ အဲဒီလိုမူဝါဒနဲ့ စားလို့ရသမျှ ဆက်စားနေတဲ့ သဘောပါပဲ။ အပြင်ပေါက်ဈေး ဈေးချိုနေတဲ့ အကြောင်းတခုက နယ်စပ်က လောင်စာဆီတွေ မှောင်ခိုဝင်လာတာကတကြောင်း။ နောက်တကြောင်းက စစ်ဘက်နဲ့ပဲ ပတ်သက်ပါတယ်။ စစ်တပ်ထဲမှာ လောင်စာဆီအတွက် စစ်တပ်ခွဲတမ်း သပ်သပ်ရှိတော့ တပ်ထဲက ပိုင်ရာဆိုင်ရာ တပ်မှူး၊ တပ်မမှူးတွေက အကြံအဖန်လုပ်ပြီး အပြင်ကို ထုတ်ရောင်းစားကြတာလေ။ သူတို့တတွေက အလကားနီးပါးရတော့ ဓါတ်ဆီဆိုင်က သတ်မှတ်ဈေးထက် လျှော့ရောင်းနိုင်တယ်။ အမယ်လေး … စစ်တပ်က ခွဲတမ်းယူထားတာ ပြည်တွင်းဝယ်လိုအားရဲ့ တဝက်ထက်တောင် များနေသေးသလား မပြောတတ်ပါဘူး။ အပြင်ဆိုင်တွေမှာ ကြိုက်သလောက်ဝယ်၊ အစိုးရ ဓါတ်ဆီဆိုင်က ဈေးထက် ဈေးချိုတယ် ဖြစ်နေပြီ။

တကယ်တော့ ပြည်ပက တင်သွင်းလာတဲ့ လောင်စာဆီဈေးကွက်ကိုတင် သူတို့ ကိုင်ထားတာမဟုတ်ပါဘူး။ ပြည်တွင်းမှာလဲ တချို့နေရာဒေသတွေက ရေနံထွက်သေးတယ်လေ။ ဟိုအရင် မြန်မာဘုရင်လက်ထက်ကတည်းက ချောက်တို့၊ ရေနံချောင်းတို့ဆိုတာ ရေနံတွင်းရိုး တွင်းစားတွေ အလွန်ပေါတဲ့ နေရာပါ။ အင်္ဂလိပ်လက်ထက်မှာတော့ အင်္ဂလိပ်တွေက နည်းပညာအသစ်တွေနဲ့ တူးဖေါ်ကြလို့ ပြည်ပကိုတောင် တင်ပို့နိုင်ခဲ့တာလေ။ အခုလဲ ဟိုတကွက် ဒီတကွက် ဒေသတချို့မှာ လက်ယက်တွင်းတွေက ဆက်ထွက်နေတဲ့နေရာတွေ ရှိပါသေးတယ်။ အဲဒီ ပြည်တွင်းကထွက်တဲ့ ရေနံဈေးကွက်ကို ဘယ်သူတွေ လုပ်ခွင့်ရသလဲ။ ဟိုတလောက ကျောက်ပန်းတောင်းမြို့နယ်၊ ငါးရှန်တောင်ဆိုတဲ့ ရေနံမြေမှာ လုပ်ခွင့်ရတာ ဘယ်ကုမ္ပဏီလဲ။ မေးကြည့်ပါဦး။ "ရွှေသိန်းသန်း ကုမ္ပဏီ" ပါတဲ့။ ထိပ်ဆုံးမှာ ရွှေတလုံးပါတယ်။ ဘယ်က ရွှေလဲ။ မြန်မာရွှေ၊ ယိုးဒယားရွှေ၊ ထိုင်ဝမ်ရွှေ၊ ဂျပန်ရွှေ၊ ကုလားရွှေ ဘယ်ရွှေဖြစ်နိုင်မယ်ထင်လဲ။ ဖြစ်နိုင်င်တာက ကြပ်ပြေးနေပြည်တော်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီးတွေထဲက ဝလချီးရွှေ တယောက်ယောက်ပဲ ဖြစ်မှာပါ။ ငါးရှန်တောင်မှာ ရေနံထွက်တယ်ကြားတာနဲ့ အာဏာပိုင်များ ရောက်လာပြီး လယ်သမား၊ ယာသမား၊ ကိုင်းသမားတွေရဲ့ မြေတွေကို အတင်းသိမ်းပြီး ရွှေသိန်းသန်းကုမ္ပဏီကို လုပ်ကိုင်ခွင့်ချပေး။ ကုမ္ပဏီရဲ့မြေစာရေးက ဆယ်ပေပတ်လည်မြေတကွက်ကို သိန်းဘယ်နှစ်ဆယ်ပေး။ မြေဈေးက ကောင်းလိုက်တာ။ ထမင်းဆိုင်တနေရာကို သိန်းငါးဆယ် တရာတဲ့။

လောင်းကစားဒိုင်လို အရက်ဆိုင်လို ဖဦးထုပ်ရေးချအခန်းလိုမျိုး ဖွင့်ချင်ရင် ဒီထက်တောင် ဈေးကြီးတယ်။ ရေနံတွင်းအတွက်က (၁၀) ပေပတ်လည်တကျင်းကို (၁၀) သိန်းအထက်။ ရေနံက ထွက်ချင်ထွက် မထွက်ချင်နေ။ အဲဒါတွေ သူတို့နဲ့မဆိုင်ဘူး။ ရေနံထွက်ရင် သူတို့ဆီမှာပဲ ရောင်းရမယ်။ စည်းကမ်းချက်ပါတယ်။ ဝယ်မယ်။ အပြင်ပေါက်ဈေး ရေနံတစည်ကို (၂) သိန်းဆိုရင် ကုမ္ပဏီက (၉) သောင်းပေးတယ်။ သူတို့အမြတ်က (၁) သိန်း (၁) သောင်း။ မရောင်းချင်လို့မရဘူး၊ ရေနံတူးခွင့် ပိတ်မယ်။ သိတယ်မို့လား ကုမ္ပဏီနဲ့ အာဏာပိုင်ဆိုတာ လင်နဲ့ မယား။ မိဘနဲ့ သားသမီး၊ ဦးကြီးနဲ့ တူ တူမ၊ ယောက္ခမနဲ့ သမက်၊ ပုလင်းတူတဲ့ ဗူးဆို့တွေ။

တကယ်တော့ ရေနံထွက်တယ်ဆိုတာ အမှန်တကယ် ရေနံကြောတွေ့ပြီး ထွက်တာမဟုတ်ပါဘူးတဲ့။ ရေနံကြောတခုက စိမ့်ထွက်လာတဲ့ ရေနံတွေဟာ ငါးရှန်တောင်တကြောရဲ့ မြေအောက် ကျောက်ကျိုကျောက်ကြားမှ ချိုင့်ကျိုချိုင့်ကြားမှာ အိုင်ကွက်လေးတွေဖြစ်ပြီး အဲဒါကို ပေတရာ နှစ်ရာလောက်တူးရင် ရေနံ ထွက်လာတယ်။ အိုင်ကွက်ထဲမှာ စုနေတာကုန်ရင် ဆက်မထွက်တော့ဘူး။ တချို့ ဆယ်ပေပါလောက် စုပ်ယူပြီးတာနဲ့ ရေနံက ဆက်မလိုက်တော့ဘူး။ တချို့လဲ ပေပါနှစ်ဆယ်လောက်နဲ့ ပြီးရတယ်။ တချို့များ တွင်းသာတူးရတယ်၊ ရေနံက တစက်ကလေးမှ မထွက်ဘူး။ အဲဒီလိုဖြစ်ရင် အကြံအဖန်လုပ်ပြီး တွင်းဟောင်းထဲကို ရေနံတွေပြန်လောင်းထည့်ပြီး အသစ်ရောက်လာတဲ့ လောဘသားကို ပြန်ရောင်း။ ဟောဒီတွင်းဟာ ရေနံထွက်ပါတယ်ဆိုတာ စက်နဲ့ စုတ်ပြပြီး ဈေးတောင်း။ မသိနားမလည်သေးသူက ဝယ်။ ရောင်းသူနဲ့ ဝယ်သူ အရှုတ်အရှင်းတွေ မျိုးစုံဖြစ်ကြ။ ငွေအတွက် လူသတ်မှုတွေလဲ ဖြစ်ကြ။ လူသတ်မှုဖြစ်ရင်လဲ ဘယ်မှုမှ မပေါ်ပါဘူး။ တခြားတခြား ဘယ်လိုအမှုမျိုးဖြစ်ဖြစ် အာဏာပိုင်တွေက သူတို့ပဲစားတယ်။ အာဏာပိုင်တွေဘက်ကတော့ ဘယ်လိုတွက်တွက် အမြတ်ချည်းပါဘဲ။

နယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့လူတွေ သိန်းနဲ့ချီတော့ လုပ်ငန်းခွန်၊ လိုင်စင်ခွန်၊ ညအိပ်ညဥ့်နေပါမစ် စသဖြင့် ကောက်ခံတာက တမျိုး။ အရက်ဆိုင်၊ ဘီယာဆိုင်၊ ဇယ်တောက်ခုံ၊ ဘိလိယက်ခုံ၊ တလုံး နှစ်လုံး သုံးလုံးဒိုင်၊ ဖဲဒိုင်၊ ကြက်ဝိုင်းတွေနဲ့ ပေါင်းပြီး ဆက်ကြေးတောင်းတာက တမျိုး။ ကြက် ကြက် ဆိုလို့ တကြက်ထဲ မထင်နဲ့။ ခွပ်တဲ့ကြက်ကော၊ နှုတ်ခမ်းနီပါးနီ ဆိုးတဲ့ ကြက်ကော သူတို့အတွက် လာဘ်လာဘပေး။ ရေရှည်မှာ ပြည်သူလူထုအတွက် HIV ဗိုင်းရပ်စ် ကင်းဝေးရေးဆိုတာတွေ ဘာတွေ စစ်အစိုးရက ခေါင်းထဲ ထည့်မစဉ်းစားပါဘူး။ မဟုတ်မတော်တရော် ဘာပဲလုပ်လုပ် နိုင်ငံရေးသာ မလုပ်နဲ့။ တကယ်တော့ နိုင်ငံရေးဆိုတာ တမင်သက်သက်လုပ်ကြတာ မဟုတ်ပါဘူး။ အာဏာရှိသူတွေဘက်က မမှန်တာ၊ မဟုတ်တာလုပ်လို့ အဲဒါကို မကြိုက်လို့၊ မနှစ်မြိုလို့၊ မခံချင်လို့ အရှိကို အရှိတိုင်း ထုတ်ပြောရင်၊ လုပ်ရင် နိုင်ငံရေး ဖြစ်သွားတာပါပဲ။

အခုရက်ပိုင်းမှာ ကြားကြတယ်မဟုတ်လား။ ပခုက္ကူနယ်၊ မြိုင်ရေနံမြေမှာ ဗိုလ်ချုပ်မှူးကြီးသမီးနဲ့ မြေးကို သိန်းသုံးထောင်ပေးပြီး လုပ်စားနေတဲ့ "ကောင်းဇော်ဟိန်းကုမ္ပဏီ" က ထွက်လာတဲ့ ရေနံတွေကို ဈေးအဆမတန် နှိမ်ဝယ်လို့ မကျေနပ်တဲ့ ဒေသခံ အလုပ်သမားတွေက ကုမ္ပဏီပိုင် အဆောက်အဦးနဲ့ ကားကို မီးရှို့ပစ်တာ။ ကောင်းဇော်ဟိန်းဆိုပေမဲ့ မကောင်းတဲ့နေရာမှာ ဇော်နေဟိန်းနေလို့ ပြည်သူက ဒဏ်ပေးလိုက်တာလေ။ အဲဒီလိုလုပ်တော့ အာဏာပိုင်တွေဘက်က စစ်တပ်လွှတ်ပြီး ပစ်လို့ ဒေသခံတွေထဲက ဒဏ်ရာရသူတွေတောင် ရှိတယ်။ ဒီအဖြစ်အပျက်ကို တနိုင်ငံလုံးက စိတ်ဝင်စားပါတယ်။ ဒါဟာ နိုင်ငံရေးဖြစ်သွားတာပါပဲ။ ရှေ့က နိုင်ငံရေးလို့ အမည်တပ်ခံသွားကြရသူတွေလဲ ဒီလိုပါဘဲ။ မတရားတာကို မတရားဘူးလို့ ထုတ်ဖော်ပြသကြရုံနဲ့ ပြည်ပကို ထွက်ခွါကြရ၊ ပြည်တွင်းမှာ ထောင်ကျခံကြရတာလေ။ အုပ်စိုးသူနဲ့ အုပ်စိုးခံကြားမှာ မမျှတရင် မမျှတဘူးလို့ ပြောတာ၊ လုပ်တာ နိုင်ငံရေးပါပဲ။ တကယ်တော့ မိဘနဲ့ သားသမီးကြားပဲ ဖြစ်ဖြစ်၊ မိတ်ဆွေအချင်းချင်း ဖြစ်ဖြစ်၊ ဆရာနဲ့ တပည့်ကြားပဲ ဖြစ်ဖြစ်၊ ရောင်းသူနဲ့ ဝယ်သူကြားပဲဖြစ်ဖြစ်၊ အုပ်စိုးသူနဲ့ အုပ်စိုးခံကြားပဲဖြစ်ဖြစ် သူ့ဘို့ ကိုယ့်ဘို့ ဘို့နှစ်ခုကို ထားရပါမယ်။

မမခင်ကတော့ ကိုယ့်သားသမီးတွေကိုလဲ လောကအလယ်မှာ မျှမျှတတနေတတ်အောင် သင်ကြားပါတယ်။ လူဆိုတာ ကိုယ့်ဘို့ချည်း မသိရဘူး။ သူ့ဘို့ ကိုယ့်ဘို့ နှစ်ဘို့သိရတယ်။ မိသားစုထဲမှာ မောင်နှမတွေ မုန့်နှစ်ခုရှိရင် တယောက်တခု ဝေစား၊ တခုပဲရှိရင် တယောက်တဝက် ဝေစား။ တခြား ဘယ်နေရာမှာပဲဖြစ်ဖြစ် အများနဲ့မျှစား။ ကိုယ့်ဘို့ပဲသိပြီး သူတပါးဘို့မသိဘဲ "ဘို့တဘို့”တည်းထားရင် လူတွေထဲမှာ နွားဟဲ့လို့ ဆုံးမထားပါတယ်။

အထက်က ပြောခဲ့သလို ကမ္ဘာ့လောင်စာဆီဈေး တက်တုံးကတော့ တက်ယူပြီး ဈေးကျတဲ့အခါကျတော့ မသိချင်ယောင် ဆောင်ပြီး အမြတ်ကြီးကြီး ယူနေတာတို့၊ ပြည်တွင်းက ရေနံမြေတွေမှာ ခေါင်းပုံဖြတ် အမြတ်ကြီးစားနေတာတို့ဆိုတာ "ဘို့တဘို့”တည်းထားနေတာနဲ့ အတူတူပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့မိသားစုဟာ ကိုယ့်သမီး၊ ကိုယ့်သား၊ ကိုယ့်မြေး၊ ကိုယ့်သမက်တွေနဲ့ ကိုယ့်ကို ဖေါ်လံဖားနေသူတွေအဖို့ "ဘို့တဘို့”လောက်ပဲ သိရင် ကိုယ့်ဖာသာကို စဉ်းစား၊ ဘာဖြစ်သွားမလဲ ဆိုတာ။ အဲဒီလို တဘို့တည်းသမားကို ထောက်ခံနေတဲ့ အောက်က “သခင်အားရ ကျွန်စာဝ” လုပ်နေ သူတွေဟာလဲ အရေးကြုံရင်၊ အချိန်တန်ရင်၊ အလှည့်ကျရင် "နွားမတွေ လှည်းကောက်ရတတ်တယ်” ဆိုတာ ကြပ်ကြပ်သိထားသင့်တယ်။

မမခင်က ဒီစကားတွေကို ကိုယ့်ပတ်ဝန်းကျင်က လူအားလုံးကိုသာမက လူစီစီဖြစ်တာနဲ့ ပြောတတ်ပါတယ်။ ဟိုတနေ့က မမခင် ဝေယျာဝစ္စလုပ်ပေးနေတဲ့ နာရေးအိမ်မှာ သတင်းလာမေးတဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာမှ နိုင်ငံရေးကို စိတ်ဝင်စားလာကြတဲ့ မျိုးဆက်သစ်လူငယ်လေးတွေ လေးငါးယောက်ရှေ့မှာ ပြောမိပါတယ်။ ဒီတော့ လူငယ်တွေက ဘာပြန်ပြောကြသလဲ မသိချင်ကြဘူးလား။ မမခင်နားမှာ ကြားလိုက်ရတဲ့ သူတို့စကားကြောင့် မမခင်ဖြင့် အားလဲ တော်တော်ရှိသွားပါတယ်။ ရှေ့ဆက်ရမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဟာ အလားအလာကောင်းနေဆဲပါလား၊ အမှန်တရားကို ခွဲခြားသိမြင်နိုင်သူတွေ အများကြီး ရှိနေပါလားလို့ပေါ့။ သူတို့လေးတွေ ပြောကြတာက "အန်တီရယ်… အန်တီ့စကား မှားနေပြီထင်တယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို နွားနဲ့ မနှိုင်းပါနဲ့၊ နွားက သူ့ဖာသာ မြက်ပဲစားပြီး လူတွေကို တကယ့်ကို အကျိုးပြုနေတဲ့ သတ္တဝါပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အုပ်စု မတရားတာက နွားနဲ့ နှိုင်းစရာစကား မဟုတ်ဘူးထင်တယ်။ ဘို့တဘို့တည်းချင်း တူပေမဲ့ နွားတွေ မတော်မတရားလုပ်တာ ကျနော် ကျမတို့တွေ မတွေ့ဖူးသေးဘူး။ နွားကို သနားပါတယ်” တဲ့ရှင်။

×××××××
မမခင် (၁၈.၁.၀၉)

Feb 1, 2009

စစ်အစိုးရရဲ့လမ်းပြမြေပုံအပေါ် တိုင်းပြည်က ကလော်

မမခင်။ ဇန်နဝါရီ ၈၊ ၂၀၀၉

ဒီကနေ့ မမခင်ရဲ့ မွေးနေ့လေ။ ဘယ်နှစ်နှစ်ပြည့်တာလဲ မေးမလို့လား။ မမေးပါနဲ့၊ မမေးပါနဲ့ ဒီမေးခွန်းကို မမေးကြပါနဲ့။ မမခင်ရဲ့ဘဝမှာ အချည်းအနှီးဖြစ်ခဲ့ရတဲ့ အချိန်ပေါင်းများစွာကို ပြန်ပြောရရင် ရင်နာလွန်းလို့ပါ။ ဘဝတလျှောက်လုံးရဲ့ နှစ်တွေအကုန်လုံးလောက်က စစ်အာဏာရှင်လက်အောက်မှာ နေခဲ့ရတာမို့ အဲဒီလို ကုန်ဆုံးခဲ့ရတဲ့ နှစ်တွေကို မမခင်အမေမွေးခဲ့တဲ့ အသက်တွေထဲက နှုတ်လိုက်မှဖြင့် အဓိပ္ပါယ်ရှိတဲ့ အသက်အမှန်ကို ရမှာပါ။ အာဏာရှင် ဦးနေဝင်းကြီးစိုးခဲ့တဲ့ မဆလပါတီလက်အောက်က ၂၆ နှစ်။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ပြည်သူကို အာဏာလွှဲပေးဖို့ အချိန်ဆွဲထားတာက အနှစ် ၂၀။ နှစ်ခုပေါင်းရင် ၄၆ နှစ်။


အဲဒီလေးဆယ့်ခြောက်နှစ်ကို အမေမွေးတဲ့ အသက်ထဲက နှုတ်ရင် မမခင်ဟာ အခုမှ ပူတူတူလေးလောက်ပဲ ရှိဦးမှာရှင့်။

ပူတူတူလေး မမခင်က အချိန်....အချိန် အချိန်ဆိုတာကို သိပ်တန်ဖိုးထားတာ။ အချိန်ရဲ့တန်ဖိုးတွေ ဘာတွေ ငယ်ငယ်တုန်းက စာစီစာကုံးရေးသလို အသေးစိတ် ပြန်မရေးချင်ပါဘူး။ အချိန်တွေက ကုန်လွယ်လွန်းလို့လေ။ နအဖစစ်ဗိုလ်ချုပ်တွေကတော့ ပြည်သူကို အာဏာလွှဲပေးဖို့ အချိန်ဆွဲတာကို အလုပ်တခုလို လှည့်ပတ်လုပ်နေကြတာ။ အခုဆိုရင် ဘာလိုလိုနဲ့ မမခင်တောင် အရွယ်ကလေး ထောက်လို့လာပြီ၊ ဒီမိုကရေစီ ရနိုးရနိုး မျှော်ကိုးရင်း အချိန်တွေကုန်လာလိုက်တာ။ အင်း.... ဒီတခါ သပိတ်မှောက်ရင် လမ်းတောင်လျှောက်နိုင့်ပါ့မလား မသိတော့ပါဘူး။ သံဃာတော်များ မေတ္တာပွားတဲ့အထိတော့ ရန်ကုန်မြို့ရဲ့ လမ်းတလျှောက် ကြိုးစားပြီး လျှောက်နိုင်ခဲ့သေးပါတယ်။ မမခင်တယောက် ၁၉၇၄ ဦးသန့် အရေးအခင်းလောက်က ပထမနှစ်ကျောင်းသူဘဝမှာ သန်ပါ့၊ မြန်ပါ့။ အရေးအခင်းအစမှာ ရှေ့က ကိုကိုကျောင်းသားကြီးတွေ ဦးသန့်အလောင်း မ,သွားတာနောက် တကောက်ကောက် လိုက်ခဲ့တုန်းက မောမှန်းမသိ ပန်းရမှန်းမသိ။ “စံပါယ်ဖူးသစ် တဆယ့် ခြောက်နှစ်” အရွယ်ကိုးရှင့်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးတုန်းကလဲ မမခင် အသက်မကြီးသေးပါဘူး။ ပြေးနိုင်တုန်း လွှားနိုင်တုန်း ချီတက်နိုင်တုန်းပါ။ ဆန္ဒပြပွဲဆိုတာ ဘယ်နှစ်ခေါက်ပါခဲ့သလဲ မမှတ်မိတော့ပါဘူး။ ဒီလို အရေးတော်ပုံမျိုးဆိုတာ တသက်မှာ တခါနှစ်ခါသာ ပါဝင်ဆင်နွှဲရတတ်တာမျိုးမို့ အို.... ပြောမနေနဲ့၊ ဘယ်နားက တရားပွဲဖြစ်ဖြစ် မမခင်ပါတယ်။ ချီတက်တယ်ဆိုတာ တနေ့ကို ဆယ်မိုင် ဆယ့်ငါးမိုင်၊ နေ့လုံးပေါက်၊ တခါတလေ ညလုံးပေါက်။ အာဏာရှင်စိတ်ပေါက်နေတဲ့ လူတွေကို “စိန်လွင် ခြောက်တန်း တစောက်ကန်း သောက်ရမ်း အုပ်ချုပ် တိုင်းပြည်ပြုတ်”၊ “ မဆလပါတီ အလိုမရှိ”၊ “စစ်အာဏာရှင် အလိုမရှိ”၊ “ဒီမိုကရေစီ ချက်ချင်ပေး”၊ “ရရင်ရ မရရင်ချ” တွေ လက်သီးလက်မောင်းတန်းပြီး အော်ခဲ့တာ မနေ့တနေ့ကလိုပါပဲ။

အဲဒီတုန်းက ပြည်သူလူထုရဲ့ ဒီမိုကရေစီ တောင်းဆိုသံဟာ မိုးထိအောင် ညံခဲ့ပါတယ်။ ဒါကြောင့်လဲ ၁၉၈၈ စက်တင်ဘာ (၁၈) ရက်မှာ အာဏာသိမ်းတဲ့ ဗိုလ်စောမောင်က “ ပါတီတွေ ဖွဲ့ကြပါ။ ရွေးကောက်ပွဲ လုပ်ပေးမယ်” လို့ ဟုတ်သယောင်ပြောပြီး ၁၉၉၀ မေ (၂၇) ရက် ပြည်လုံးကျွတ် ရွေးကောက်ပွဲကြီးလုပ်တော့ မမခင်တို့ပြည်သူတွေ ထောက်ခံတဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့တာပေါ့။

နိုင်တာမှ နိုင်တာမှ အပြတ်အသတ်။ ကတ်ကတ်သတ်သတ် ပွတ်ကာသီကာ နှာတဖျားအသာနဲ့ နိုင်တာမျိုးမဟုတ်ဘူး။ မဲပေးနိုင်သူဦးရေရဲ့ ၉၀% ကျော်နဲ့ နိုင်ခဲ့တာ။ ပြည်သူတွေဆိုတာ ပျော်ကြလွန်းလို့ ခုန်ပေါက်နေတာပဲ။ မမခင်မှတ်မိနေပါသေးတယ်၊ ပြည်သူထောက်ခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံး အနိုင်ရမြို့နယ်က ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်။ လွတ်တော်အမတ်က ဒေါ်စန်းစန်း။ မမခင်တို့ဆိုရင် VOA နဲ့ BBC က ကြေငြာပေးတဲ့ အနိုင်ရအမတ်စာရင်း နားထောင်ပြီး တခါနိုင်တိုင်း ရေဒီယိုကြီးကို ဖက်ဖက်ထားတာ။ အခါ ငါးရာလောက်ရှိမယ်။ ဟိုလေ အမတ်ဦးရေက ၃၈၅လား။ အင်း… သေသေချာချာမမှတ်မိပေမဲ့ မမခင် ရေဒီယိုကြီးကို ဖက်ထားမိတာက အခါငါးရာမကတော့ဘူး။ ဒီလိုဖြစ်တာ မမခင်တယောက်တည်း ဟုတ်မယ်မထင်ဘူး။ ပြည်သူအားလုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝမ်းမြောက်ခဲ့ကြမှာဘဲ။

မမခင်တို့ပြည်သူတွေ ၁၉၉၀ ရွေးကောက်ပွဲအတွက် ဘယ်လိုပင် ဝမ်းမြောက်ဝမ်းမြောက် စစ်အာဏာရှင်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေ ဗွေဖောက်တော့ ပြည်သူတွေ လမ်းတွေပျောက်ခဲ့ရတာပါပဲ။ ဗိုလ်စောမောင်ရဲ့ “ရွေးကောက်ပွဲပြီးရင် ဘားတိုက်ပြန်မှာပါ” ဆိုတဲ့ ကတိစကားဟာ ရွေးကောက်ပွဲ ပြီးတာနဲ့ ဘယ်ရောက်သွားတယ်မသိရတော့ဘူး။

ဗိုလ်စောမောင်တယောက် လူထုအပေါ် ကတိမတည်။ စစ်သားစကားပါဆိုတဲ့ အပြောအဟော၊ တီဗွီမှာ တခါပြောရင် (၇) နာရီကြာတယ်။ ဒီအပြောအဟောတွေဟာ နောက်ကွယ်က ကြိုးကိုင်ထားတဲ့ အာဏာရူး နေဝင်းရဲ့အောက်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ခဲ့တာ အားလုံးအသိပါပဲ။ သူ့စကား သူမတည်နိုင်တော့တဲ့ ဗိုလ်စောမောင် အရူးဖောက်တော့ ဆေးထိုးသတ်လိုက်တယ်ဆိုလား၊ ကောလဟာလစကားက အတည်ပြောတဲ့ ‘မြန်မာ့အသံ’စကားထက် မှန်တတ်ပါတယ်။ အဲဒီလို ဗိုလ်စောမောင် လူ့လောက,က ပျောက်သွားတော့ ဦးနေဝင်းက အာဏာရှင် နောက်တယောက်ကို အစားထိုးပြန်တယ်။ ဗိုလ်သန်းရွှေပေါ့။

ဗိုလ်သန်းရွှေလက်ထက်မှာကျတော့ ဦးနေဝင်းလဲ သူမွေးတဲ့မျောက် သူ့ပြန်ခြောက်။ အကျယ်ချုပ်ဘဝနဲ့ နိဂုံးချုပ်မှာတော့ သူ့အလောင်းမသာဟာ မြန်မာပြည်ထဲမှာ ထားစရာမြေမရှိရှာလို့ ပြာအတိလုပ်ပြီး သူ့သမီး စန္ဒာဝင်းက ရေမျှောချလိုက်ရတယ်လေ။ အာဏာရှင်ဆိုးဆိုတာ ဇာတ်သိမ်းမကောင်းတတ်ပါဘူး။ အဲဒီအထဲမှာ အာဏာရှင် ဦးနေဝင်းကို နောက်ကွယ်ကနေ အာဏာအသက်ဆက်ပေးနေတဲ့ ဒေါက်တာမောင်မောင်လည်း အပါအဝင်ပေါ့။ သူမှာက သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ရောဂါတွေ ရှိတယ်တဲ့။ ဦးနေဝင်းက မဆလဖွဲ့စည်းပုံတုန်းကလည်း သူ့ကိုပဲ ရေးခိုင်းခဲ့တာလေ။ ၁၉၈၈ အလွန်ကာလမှာလည်း ဖွဲ့စည်းပုံတခု လိုပြန်ပြီဆိုတော့ ဒေါက်တာမောင်မောင်ကို ရေးခိုင်းပြန်တယ်။ အဲဒီတခါတော့ မောင်မောင်က ငြင်းဖို့ကြိုးစားခဲ့တယ်။ ဒါကို ဦးနေဝင်းကို မကျေမနပ်ဖြစ်ပြီး သူ့ကို ဖိအားတွေပေးလို့ စိတ်တွေညစ်ပြီး သူ့ရောဂါနဲ့ လုံးဝမတည့်တာတွေကို စား၊ အစားအသောက်လည်းမရှောင်၊ ဆေးသောက်တာလည်း ရပ်ပစ်လိုက်တော့တာတဲ့။ မတည့်တာတွေစားတယ်ဆိုတာ အဆိပ်သောက်တာနဲ့ တူတူပဲပေါ့။ ဒီလိုနဲ့ ရောဂါအခြေအနေ ရုတ်တရက်ဆိုးရွားလာပြီး သေသွားတာတဲ့။

ပြည်သူကို မငဲ့ညှာရင် ဘယ်လို နိဂုံးချုပ်ရတယ်ဆိုတာ မသိရှာသေးတဲ့ ဗိုလ်သန်းရွှေ ဗိုလ်မောင်အေး အုပ်စုဟာ ပြည်သူကို ဆက်လက်ညာဖို့ ကြိုးစားနေကြပြန်ပြီလေ။ အလိုလေး … စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကိုပြောင်းဖို့ လမ်းပြမြေပုံ (၇) ချက်တဲ့။ စည်းကမ်းဆိုတာ လူ့ယဉ်ကျေးမှုအစကတည်းက သူ့ဟာနဲ့သူ ရှိပြီးသားပါ။ လူဆိုတာ ဦးနှောက်နဲ့သတ္တဝါတွေပါ။ အကောင်းအဆိုး ခွဲတတ်ပါတယ်။ စည်းကမ်းဆိုတာ အကောင်းအဆိုးခွဲခြားတတ်တဲ့ ဦးနှောက်က လာတာပါ။ ဒါကို စစ်အာဏာရှင်တွေက ဒီမိုကရေစီဆိုတဲ့ စကားရှေ့မှာ စည်းကမ်းဆိုတဲ့ စကားလုံးပါထည့်ထားတယ်။ ဆိုလိုတာက ကျုပ်တို့ အာဏာအောက်သာ နေကြလို့ ပြောတာပါပဲ။ အဲလိုစကားအချပ်နဲ့ ဗိုလ်သန်းရွှေ အုပ်ချုပ်ပုံက ပိုလို့ အယုတ်တမာဆန်တာ အားလုံသိတော်မူကြတဲ့ အတိုင်းပါဘဲ။ တော်တော်လေးကို ရှင်းပါတယ်။ အများမှတ်သားစရာက ၂၀၀၃ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းခန်းလှည့်လည်ပွဲကို ပြည်သူတွေ တခဲတနက် ကြိုဆိုခဲ့ကြတာကို မနာလိုကဲပြီး လုပ်ကြံပွဲ ဒီပဲယင်းအရေးအခင်းပွဲကြီးပါပဲ။ ဘယ်လိုလုပ်ကြံတယ်ဆိုတာ အများသိပြီးသားမို့ မမခင်က အသေးစိတ် ပြန်မပြောတော့ပါဘူး။

အဲဒီတုန်းက အဖြစ်အပျက်ကြောင့် စစ်အစိုးရအပေါ် တကမ္ဘာလုံးက တော်တော်ကြီး စိတ်ပျက်သွားကြတာပါ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့် သုံးယောက်အတွဲမှာ အဓိက ကြံစည်တာ ဗိုလ်သန်းရွှေနဲ့ သူ့ရဲ့ပါတနာ စက်မှု (၁) ဝန်ကြီး အောင်သောင်းပါတဲ့။ မကြံအပ် မစီအပ် သူတို့ရဲ့အကြံအစည် အစုတ်အပြတ်ကြောင့် တကမ္ဘာက တော်တော်ကြီး ကဲ့ရဲ့မဲ့ကိန်းရောက်တော့ အာဏာလေးရှိနေသေးတဲ့ မောင်ခင်ညွန့်ကလေးဟာ အာစီယံနိုင်ငံတွေဆီ အပြေးသွားပြီး အရှက်ပြေစကားလေးနဲ့ လေပြေထိုးဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အောင်သွယ်ခိုင်းခဲ့တယ်။ အဲဒီမှာ ခင်ညွှန့်ရဲ့မိတ်ဆွေကြီး သက်ဆင်က စပြီးပြောခဲ့တာ။ မြန်မာပြည်ဒီမိုကရေစီရေး ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ “Rode Map” တခု ရှိရမယ်လို့။ အခု သူ့နိုင်ငံက ခွေးပြေးဝက်ပြေး ပြေးနေရတဲ့ သက်ဆင်ရဲ့ စကားဟာ နအဖအတွက် အသက်ရူပေါက်ရစရာ စကားပါပဲ။ သူတို့ဟာ သူတို့တော့ မြန်မာဗိုလ်ချုပ်တွေဟာ Road Map ဆိုတာလောက်ကို မပြောတတ်ပါဘူး။ ထိုထိုသော Road Map ဆို့တဲ့ သက်ဆင်ရဲ့စကားကို မြန်မာမှုပြုပြီး လမ်းပြမြေပုံ (၇) ချက်တွေ ဘာတွေ နအဖပါးစပ်က ထွက်လာတာပါ။ အခြေခံဥပဒေတခုကို ဗိုလ်ချုပ်အောင်ဆန်း အကြမ်းရေးတာ ၂ ရက်ခွဲသာ ကြာခဲ့တာကို နအဖစစ်အုပ်စုက ၁၄ နှစ်ကြာခဲ့တာ သိကြတယ်မို့လား။ အခု သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ကို ပြည့်ဖို့ ဘယ်နှသက်လောက် လုပ်မလဲမသိဘူး။ ရွှေဝါရောင်တော်လှန်ရေးသာ ပေါ်မလာခဲ့ရင် ဆယ်သက်လောက်ကြာနိုင်တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်ခဲ့လို့ အရှက်နောက်တခါကွဲမှ ဒီမိုကရေစီအတွက် လုပ်နေပါတယ်ဖြစ်အောင် အခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်ခဲ့ပါသေးတယ်။

အခြေခံဥပဒေ ဆန္ဒခံယူပွဲဆိုတာကလဲ မမခင်တို့ဖြင့် အံ့သြမကုန်နိုင်ဖွယ်ဖြစ်ခဲ့ရတယ်။ နာဂစ်မုန်တိုင်းဖြစ်လို့ ပြည်သူတွေ ငိုပွဲဆင်နေရချိန်မှာတောင် မအောင့်နိုင်၊ မအီးနိုင်၊ မစောင့်နိုင် ဇွတ်လုပ်သွားတယ်။ ပြည်သူမျက်ရည် ခြောက်ပါစေတော့လို့ သဘောမထားနိုင်ဘဲ မဲလိမ်၊ မဲခိုး၊ မဲမသမာတွေနဲ့ ကျေးလက်တောရွာတွေက လူတွေကို ဘောလ်ပင်နဲ့ ဖောင်တိန်မပေးဘဲ သူတို့လူနဲ့ သူတို့ အမှန်ခြစ်သွားတဲ့ ပွဲလေ။ တချို့ရပ်ကွက် မြို့နယ်တွေက မဲစာရင်းမှာ မဲပေးနိုင်သူဦီးရေက တသောင်း၊ ထောက်ခံမဲက တသောင်းခွဲ။ အဲလို ကွဲလွဲချက်တသီကြီးနဲ့ တကမ္ဘာလုံးအပေါ် ဖြီးသွားတဲ့ လိမ်ပွဲကြီးဆိုတာ သိကြပါတယ်။

သူတို့အဖို့ တော့ အရှက်ဆိုတာလည်း မရှိတော့ပါဘူး။ ကဗျာဆရာ ဦးတင်မိုးစကားကို ကိုးကားပြောရရင် အရှက်ကို အရေခွံခွာ တနေရာမှာ ချိတ်ဆွဲလိုက်ပြီ။ ဒီလိုပဲ ပြောရမလား။ အရှက်ကို အရေခွံခွာ ကြပ်ပြေးနေပြည်တော်မှာ ချိတ်ဆွဲထားပြီလို့ ပြောလိုက်တာ အမှန်ဆုံးထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် သူတို့ ဆက်အုပ်ချုပ်ဖို့ လမ်းပြမြေပုံ (၇) ချက်နဲ့ အသက်ဆက်ဖို့ လုပ်နေတာ ရယ်စရာပါပဲ။ ကမ္ဘာနိုင်ငံတကာမှာ စိန်ရွှေဝတ်တာ ဂုဏ်မဟုတ်တော့။ ပညာနဲ့အသက်မွေးမှ ဂုဏ်ရှိတဲ့ ခေတ်ကြီးမှာ မမြင်ဘူးလို့ မူးမြစ်ထင် ကိုယ့်သားသမီးကိုယ် စိန်ရွှေဆင်။ တိုးတက်နေတဲ့ နိုင်ငံတွေမှာ ကားသင်္ချိုင်းက ကားမသာတွေကို မြန်မာပြည်က ဗိုလ်ချုပ်တွေက မဟာ့မဟာအခွင့်အရေး ကားပါမစ်ဈေး။ နိုင်ငံတကာမှာ အိမ်ဖော်အလုပ်ပြုတ်တောင် ထည်လဲသုံးနိုင်တဲ့ လက်ကိုင်ဖုန်းပါမစ်ဈေး။ အဲလောက်အသိလေးနဲ့ စခန်းသွားနေတဲ့ နအဖစစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံအုပ်ချုပ်စီမံခန့်ခွဲပုံကို ပြည်သူတကာက ရွှံရှာစက်ဆုတ်ကုန်ပြီ။

မမခင်က သူတို့ စစ်အုပ်ချုပ်ရေးခိုင်မြဲဖို့ ရည်ရွှယ်တဲ့ လမ်းပြမြေပုံ (၇)ချက်ထဲက အဓိကပစ်မှတ် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပြည်သူတွေ ဘယ်လိုမြင်ကြသလဲလို့ ဟိုဟိုဒီဒီ လူမျိုးစုံ မေးကြည့်မိပါတယ်။ ကြားရတာ ပြောရမလား။ တကယ့်ကို ဟားရပါတယ်။ တက္ကစီဒရိုင်ဘာတယောက်က ပြောတယ်၊ “အမကြီးရာ … သူတို့လိမ်တာညာတာ ကျနော်တို့ အားလုံးသိတယ်၊ ကျနော့်ကားပေါ်မှာ ခရီးသည်ဆိုတာ ပြောချင်တာ ပြောကြတာဗျ။ ထင်ရာမြင်ရာပေါ့။ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းများပြောရင် ၁၉၉၀ ရွေးကောက်ပွဲ ရှုံးရဲ့သားနဲ့ အာဏာလွှဲမပေးတာကို စပြီးဆဲတော့တာပဲဗျို့” တဲ့ရှင်။
ရန်ကုန်မြို့က မိတ်ဆွေ ကုန်သည်အကြီးစားတယောက်က “ ဟေ့ မမခင် .. ဒီကောင်တွေ ဆက်အုပ်ချုပ်လို့ မဖြစ်ဘူး၊ နင်တို့သိတာထက် ငါက ပိုသိတယ်။ ညောင်နှစ်ပင်ညီလာခံကတဲက ငါက ဆဲချင်နေတာ။ အဲဒီမှာ ညီလာခံ ကိုယ်စားလှယ်တော်တော်များအကြောင်း ငါသိတယ်၊ သိသမျှ နင့်ကို မိန်းကလေးမို့လို့ အားနာတယ်၊ ဒါပေမဲ့ ပြောရမယ်၊ ဟိုတယ်ကောင်းကောင်းက ပြည့်တန်ဆာခေါင်းတွေဟ” တဲ့ရှင်။

ဟော … နောက်တယောက်ပြောပြန်ပါပြီ။ သူက စစ်တပ်ကပါ မြစ်ဝကျွန်းပေါ်က အရာခံဗိုလ်ကြီးပါ။ လုပ်သက် နှစ် (၃၀) ကျော်။ စစ်တပ်အကြောင်း နောကျေသူပါ။ သူက “ မမခင် ကျနော်မပြောချင်ဘူးဗျာ၊ ဒါပေမဲ့ဗျာ ရင်ထဲမှာ စိတ်ချမ်းမသာလို့ ပြောရမှာပါ၊ ကျနော်လဲ စစ်တပ်က၊ ဒါပေမဲ့ နာဂစ်မုန်တိုင်းဖြစ်တုန်းက ဗိုလ်ချုပ်တွေလုပ်ပုံ ငတ်ပြတ်နေတဲ့ ပြည်သူကို ထမင်းတလုပ်ကျွေးဖို့ စစ်တပ်ထဲမှာ အစည်းအဝေးလုပ်တာ တလလောက်ကြာတယ်၊ သဒ္ဒါတရားတော်တော်နည်းတဲ့ လူတွေ၊ စစ်တပ်မှာလဲ အောက်ခြေက မွဲနေတာပါ၊ ကျနော်တို့ကတော့ စစ်တပ်ဟာ စစ်တပ်ထဲမှာပဲနေပြီး တိုင်းပြည်ပိုကောင်းအောင် လုပ်နိုင်သူလက်ထဲ လွှဲပေးတာ အကောင်းဆုံးလို့ မြင်ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ အာဏာရှင်ဗိုလ်ချုပ်တွေပဲ ဆက်လုပ်ဦးမှာမို့ ကျနော်တို့ကတော့ မထောက်ခံဘူးတဲ့”။ ကဲ … ဘယ်နှယ့်ရှိစ။

အဲလို ပြောကြဆိုကြတဲ့အထဲမှာ မမခင်သဘောအကျဆုံးက ရပ်ကွက်ထဲက အကြော်သည် ဒေါ်မယ်မရဲ့ စကားပါပဲ။ အတန်းပညာမတတ်ပေမဲ့ ရုပ်ရှင်တို့ ဇါတ်ပွဲတို့ အမြဲကြည့်ပြီး မှတ်သားထားတာတွေလည်း များ၊ ပြည်ပသတင်းဌာနတွေလဲ အမြဲနားထောင်သူမို့ အာပလာ ဗာလချာတော့ မဟုတ်ဘူး။ သူသိတာတော့ ကောင်းကောင်းပြောတတ်သူပါ။ သူ့ကို မမခင်က “ အဒေါ် ၂၀၁၀ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ အဖွဲ့ကို မဲထည့်ဖို့ မျှော်နေသလား” လို့ မေးကြည့်လိုက်တာပါ။ ဒီတော့ သူက “အမယ်လေးတော် တူမကြီးမို့ မေးရက်ပေတယ်၊ တူမကြီး ကြားဖူးတယ်မဟုတ်လား၊ ‘မြန်မာ့သဘင် စင်မြင့်ပေါ် တင့်တင့်တယ်တယ် ထည်ဝါလှသနော်၊ ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်က မျှော် တိုင်းပြည်က မျှော်’ ဆိုတဲ့ သီချင်းလေ၊ ရုပ်ကလဲချော၊ အဆိုကောင်း၊ အကကောင်း၊ အပြောကောင်းမို့ တိုင်းပြည်က မျှော်တာပေါ့၊ တိုင်းပြည်ကို မွဲသထက်မွဲအောင် စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်မဲ့ အလုပ်ကို တိုင်းပြည်က မမျှော်၊ မမျှော်၊ ငါတတ်သမျှ အဆဲမျိုးစုံနဲ့ ဟောဒီလို အော် အော်ပြီး ကလော်ဆဲချင်ပါသေးသတဲ့တော်” တဲ့။