ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Feb 21, 2009

မြန်မာ့သတင်းသမဂ္ဂ ညီလာခံကျင်းပ

ဖြိုးကြီး။ ဖေဖော်ဝါရီ ၂၁၊ ၂၀၀၉

မြန်မာ့သတင်းသမဂ္ဂ (၆) ကြိမ်မြောက် ညီလာခံကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ နိုင်ငံတကာ သတင်းဌာနများမှ သတင်းစာနယ်ဇင်းသမားများ၊ စာရေးဆရာ၊ ကဗျာဆရာများ အင်အား ၈၀ ခန့် တက်ရောက်ခဲ့ကြပြီး မြန်မာသတင်းသမဂ္ဂ(BMA)မှ ဦးမောင်မောင်မြင့်က အမှာစကား ပြောကြားဖွင့်လှစ်ခဲ့သည်။

ထို့နောက် ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်မှ မြန်မာသတင်းသမဂ္ဂသို့ ပေးပို့သည့် ရုပ်သံဗွီဒီယိုကို ပြသပြီးနောက် ၂၀၀၇ ခုနှစ် စက်တင်ဘာတော်လှန်ရေးအတွင်း စစ်တပ်၏ ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ရသည့် (APF) ဂျပန်သတင်းထောက် မစ္စတာ ကင်ဂျီနာဂါအိ အထိမ်းအမှတ်ဆု ချီးမြှင့်ခြင်းကို ပြုလုပ်ခဲ့သည်။

၎င်းဆုကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းပြီးနောက် စစ်အစိုးရ၏ မတရား ဖမ်းဆီးထောင်ချခြင်းကို ခံထားရသည့် Ecovision ဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦး ရရှိခဲ့ခြင်းဖြစ်ပြီး သူမကိုယ်စား မဆုမွန်အေးက လက်ခံရယူခဲ့သည်။

ယခုကျင်းပသည့် မြန်မာသတင်းသမဂ္ဂ ညီလာခံသည် (၆) ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ယနေ့မှစတင်၍ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

ဒေါက်တာ စင်သီယာမောင်အား မယ်တော်ဆေးခန်း အနှစ် (၂၀) ပြည့်နှင့်စပ်လျဉ်း၍ မေးမြန်းခြင်း

ရိုးမ ၃။ ဖေဖော်ဝါရီ ၂၀၊ ၂၀၀၉

အနှစ် (၂၀) ကာလအတွင်းမှာ ဒီဆေးခန်းကို ဦးဆောင်နေတဲ့ ဆရာမအနေနဲ့ ဘာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကို အရင်ပြောပြပေးပါ။

ကျမတို့လုပ်ဆောင်နိုင်ခဲ့တဲ့ အတိုင်းအတာမှာတော့ အခြေခံအကျဆုံး ပြောမယ်ဆိုရင်တော့ မိခင်တွေ လုံခြုံစိတ်ချရတဲ့ နေရာမှာ ကလေးမွေးဖွားခွင့် ရရှိဖို့တို့၊ နောက်ပြီး အဓိကဖြစ်နေတဲ့ ငှက်ဖျားရေဂါတွေကို ကုသပေးနိုင်တာတွေ၊ နောက်ပြီးတော့ တချိန်တည်းမှာ စစ်ဘေးစစ်ဒဏ်ကြောင့် ဒီ … စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပေါ့နော် ဒုက္ခိတဖြစ်မှုတွေကို ခြေတုလက်တုဌာနတွေက တတ်ဆင်ပေးတာ၊ နောက်တော့ အသက်ကြီးရွယ်အိုတွေ၊ မမြင်မကန်းဖြစ်နေသူတွေကို မျက်စိအလင်းပြန်ရအောင် လုပ်ပေးနိုင်တာပေါ့နော်၊ ဒါတွေက ကျမတို့ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေပေါ့၊

တချိန်တည်းမှာပဲ ကျမတို့ လူထုတွေကိုယ်တိုင်ကနေပြီးတော့ ကိုယ့်ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုစောင့်ရှောက်ရေးကိစ္စတွေကို စုစည်းဆောင်ရွက်ခြင်းအားဖြင့် လူမှုအခြေပြု အဖွဲ့အစည်းတွေကနေပြီးတော့ ကျမတို့ကို တတတ်တအားနဲ့ နိုင်ငံရဲ့ဖွံ့ဖြိုးရေးတွေ၊ နိုင်ငံပြန်လည်တည်ထောင်ရေးတွေမှာ ပါဝင်နိုင်တယ်ဆိုတာကိုလည်း အားလုံးက အသိအမှတ်ပြု လက်ခံလာကြတယ်၊ ယုံကြည်လာကြတဲ့ အတွက်ကြောင့် ဒါတွေက ဒီဖြတ်သန်းမှုမှာ အောင်မြင်မှုတခုလို့ ပြောလို့ရပါတယ်။

ဒီအောင်မြင်မှုအပေါ်မှာ အခြေခံပြီးတော့ အနာဂတ်မှာ ဆရာမတို့အနေနဲ့ ဘာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါသလဲခင်ဗျား။

အနာဂတ်ကာလမှာ ဆောင်ရွက်နိုင်ဖို့ကကျတော့ ကျမတို့ တဦးချင်းစီရဲ့ တာဝန်ရှိမှုတွေနဲ့ စုဖွဲ့မှုတွေရဲ့ တန်ဖိုးတွေကို ပိုပြီးတော့ တန်ဖိုးထားလာဖို့၊ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြောင်းလဲမှုမှာ ကျမတို့ နိုင်ငံသားတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ဖြစ်စေ၊ နိုင်ငံတကာနဲ့ဖြစ်စေ၊ တခြားသော တိုင်းရင်းသားအဖွဲ့အစည်း၊ ဒီမိုကရေအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ဒါ့ထက်ပိုပြီးတော့ နီးနီးကပ်ကပ်နဲ့ စုစုစည်းစည်း ဆောင်ရွက်နိုင်ဖို့ ကျမတို့ ဆက်လက် ကြိုးစားသွားမှာဖြစ်ပါတယ်။

ဒီနေ့ဆိုရင် ဆေးခန်းဟာ အနှစ် (၂၀) ကာလရှိသွားပြီပေါ့နော်၊ အဲဒီတော့ ဒီနေ့ဒီချိန်ခါမှာ ဆရာမအနေနဲ့ ရင်ထဲမှာရှိတဲ့စကား ဘာများပြောချင်ပါသလဲခင်ဗျား။

ကျမတို့ ဒီနယ်စပ်ကို ရောက်ရှိလာတဲ့အချိန်မှာလဲ … အထဲမှာရှိတုန်းက၊ ပြည်တွင်းမှာရှိတုန်းကပေါ့နော်၊ လွန်ခဲ့တဲ့ အနှစ် (၂၀) မှာ ကျမတို့ပြည်သူလူထုတွေရဲ့ ဆင်းရဲနွမ်းပါးမှုတွေ၊ ခွဲခြားဆက်ဆခံရံမှုတွေကို အခြေခံပြီးတော့ မခံချင်စိတ်တွေနဲ့ ဒီကို ရောက်ရှိလာကြတယ်၊ သို့သော်လည်း အရေးပေါ်တွေ့ကြုံရတဲ့ လက်ရှိအခြေအနေမှာရှိတဲ့ ကျမတို့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့၊ စိတ်ဓါတ်ခွန်အားတွေနဲ့ပဲ အခြေပြုပြီးတော့ ကူညီပံ့ပိုးတဲ့ အသိုင်းအဝိုင်းတွေနဲ့ ကျယ်ပြန့်လာအောင် ဆောင်ရွက်ပြီးတော့ ဒီထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ ကြိုးစားနိုင်ခဲ့ကြတယ်။

အစကတော့ ထိုင်းနိုင်ငံဟာ ကျမတို့ရဲ့ ယာယီခိုနားရာ နေရာတခုအနေနဲ့ပဲ ထင်ခဲ့တယ်၊ လက်ရှိမှာတော့ ကျမတို့ အနှစ် (၂၀) ဖြတ်သန်းမှုမှာ ဒါ့ထက်ပိုပြီးတော့ ဆိုးရွားတဲ့ လူထုတွေရဲ့ ပြဿနာတွေကို ပိုမြင်ရတဲ့အတွက်ကြောင့် စိတ်မကောင်းစရာတွေတော့ အများကြီးဖြစ်ပါတယ်၊ သို့သော်လည်း ကျမတို့ တဦးချင်းစီရဲ့တာဝန်ရှိမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ တန်ဖိုးတွေကို ပိုပြီးတော့ သိနားလည်လာကြ တယ်လို့လည်း ယုံကြည်ပါတယ်၊ အဲဒီအပေါ်မှာ ကျမတို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဟာ တဦးချင်းစီရဲ့ တာဝန်ရှိမှုနဲ့ အရည်အသွေး မြင့်မားမှုတွေကိုလည်း ဆက်လက်ကြိုးစားသွားမှာဖြစ်သလို စုဖွဲ့မှုတွေကို တန်ဖိုးထားပြီးတော့ ကျမတို့ ညီညီညာညာ ဆက်လက် ဆောင်ရွက်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

တနှစ်တာအတွင်းမှာ ဆရာမတို့အနေနဲ့ လူနာဦးရေ ဘယ်လောက်ကို ဆေးဝါးကုသမှုတွေ ပေးခဲ့ပါသလဲ၊ အဲဒီအထဲမှာ ဘယ်လိုလူနာမျိုးတွေ ပါသလဲ၊ မြန်မာပြည်အတွင်းပိုင်းက လူနာဘယ်လောက် လာရောက်ကုသပါသလဲ။

ဆေးခန်းစတည်ထောင်တဲ့အချိန်မှာ ကျမတို့ ကုသပေးတဲ့ လူနာအရေအတွက်ကတော့ ၁၇၀၀၊ ၁၈၀၀ ပတ်ဝန်းကျင်လောက် ရှိတယ်ပေါ့။ ဒီ ၂၀၀၈ ခုနှစ်ရဲ့စာရင်းအရ လူနာအရေအတွက်အရဆိုရင်တော့ ရှစ်သောင်းကျော် ရှိပြီးတော့ ရောဂါအရဆိုရင်တော့ ကိုးသောင်းကျော် တသိန်းနီးပါးလောက် ကုသပေးနိုင်တယ်။ အဲဒီအထဲမှာ အဓိကဖြစ်တဲ့ ငှက်ဖျားရောဂါနဲ့ကတော့ ခုနှစ်ထောင်လောက် ရှိတယ်၊ နောက် ကျမတို့ ကလေးမွေးဖွားပေးတဲ့ မိခင်များကတော့ နှစ်ထောင့်ခြောက်ရာလောက် ရှိပြီးတော့ ခြေတုလက်တုကတော့ နှစ်ရာကျော် ကျမတို့ တပ်ဆင်ပေးခဲ့တယ်၊ ဒီ ၂၀၀၈ ခုနှစ်မှာထဲမှာပဲ မျက်စိခွဲတဲ့ လူနာကလည်း ခြောက်ရာနီးပါးလောက် ရှိခဲ့ပါတယ်။

ဒီလိုမျိုး နေ့စဉ်နဲ့အမျှ လာရောက်ပြီးတော့ ဆေးဝါးကုသတဲ့ လူနာတွေကို ကြည့်မယ်ဆိုရင် တဖြေးဖြေးနဲ့ကတော့ ပြည်တွင်းထဲက လာတဲ့သူတွေက ၅၀% လောက်ထိ ရှိလာတာကို တွေ့ရတယ်၊ အထူးသဖြင့် ငှက်ဖျားရောဂါဟာဆိုလို့ရှိရင် ၇၀% လောက်က ပြည်တွင်းထဲက လာတာဖြစ်ပြီးတော့ ခွဲစိတ်ကုသဖို့လာတဲ့ လူနာ ၈၀% လောက်အထိက ပြည်တွင်းထဲက လာတာဖြစ်တယ်။

ဒီလောက်များတဲ့ လူနာအရေအတွက်ကို ကုသပေးဖို့အတွက် ဆေးဝါးနဲ့ ရန်ပုံငွေတွေကို ဆရာမတို့ ဘယ်လိုပုံစံနဲ့ ရှာဖွေပါသလဲ။

ဆေးဝါးရရှိဖို့တို့၊ စားနပ်ရိက္ခာ လုံလုံလောက်လောက်ရရှိဖို့၊ နေရာထိုင်ခင်းတွေ လုံလုံလောက်လောက်ရရှိဖို့တို့ ဆိုတွေတာကတော့ ကျမတို့အတွက် အမြဲတမ်း ရုန်းကန်နေရတဲ့ အခက်ခဲတွေဖြစ်ပါတယ်။ အထူးသဖြင့်တော့ နေ့စဉ်နဲ့အမျှ လူနာ၊ လူနာစောင့်နဲ့ (မိဘတွေနဲ့ အတူမနေရတဲ့) ကလေးများအတွက် ရိက္ခာတွေ ကူညီပံ့ပိုးတဲ့ အစီအစဉ်က တလကို လူ ၅၀၀၀ စာလောက်ကို ကျွေးမွေးရတဲ့ အစီအစဉ်မျိုးရှိသလို လူနာအခြေအနေကလည်း တနှစ်တနှစ်ကို ပုံမှန်တိုးလာနေတဲ့အတွက်ကြောင့် ပုံမှန်ရရှိတဲ့ အကူအညီတွေနဲ့က လူဦးရေရဲ့ ၆၀% လောက်ပဲ လက်လှမ်းမှီပါတယ်။

ကျန်တဲ့ ၄၀% ကတော့ ကျမတို့ နိုင်ငံတကာကနေ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကနေပြီးတော့ သူတို့က အွန်လိုင်းဒိုနေရှင်း (online donation) ကနေတဆင့် လှူဒါန်းတဲ့ပေါ်မှာ ကျမတို့က အရေးကြီးဆုံးနေရာတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါတယ်။ ကျန်းမာရေးဆိုင်ရာမှာဖြစ်စေ၊ စားနပ်ရိက္ခာပိုင်းဆိုင်ရာမှာဖြစ်စေ အခြေခံကျဆုံးပိုင်းတွေလောက်ကိုပဲ ကျမတို့ ဆောင်ရွက်ပေးနိုင်ပါတယ်၊ ဒါ့ထက်ပိုပြီး ပြည့်ပြည့်ဝဝ စုံစုံလင်လင်ကိုတော့ ကျမတို့ ဆောင်ရွက်မပေးနိုင်သေးပါဘူး၊ အထူးသဖြင့်တော့ မဲဆောက်ဆေးရုံကြီးကို လွှဲပြောင်းပေးရမယ့် လူနာအခြေအနေမျိုးတွေ၊ ဒါမှမဟုတ် ကလေးများအတွက် အာဟာရ ပြည့်ဝလုံလောက်ဖို့ ဆိုတဲ့ အခြေအနေအားလုံးကို လက်လှမ်းမှီအောင်တော့ ကျမတို့ မလုပ်ပေးနိုင်သေးပါဘူး။

ဆေးခန်းစတည်ထောင်ခါစတုန်းက ထောင်ဂဏန်းကနေပြီးတော့ အခု အနှစ် (၂၀) ကြာတဲ့အချိန်မှာ သိန်းဂဏန်းအထိ လူနာဦးရေများလာတာ ဘာကြောင့်ပါလဲ။


ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ ဗမာပြည်သူလူထုတွေရဲ့ အခြေအနေကတော့ အရင်ထက်စာရင် ပိုပြီးတော့ဆိုးလာတာ တွေ့ရပါတယ်၊ အရင်တုန်းကတော့ အလုပ်လုပ်ဖို့လာတဲ့ လူတွေလောက်ပဲပေါ့နော်၊ နောက်ပိုင်းကျတော့ မိသားစုအလိုက် လာကြတာတွေ့ရသလို အခု ဒီ ၂၀၀၅ ခုနှစ်နောက်ပိုင်းလောက်မှာဆိုရင်တော့ တချို့တွေက ရွာတွေကို အပီးအပိုင် စွန့်ခွါလာကြတဲ့အဆင့်ထိ တွေ့ရတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ပြန်ဖို့ဆန္ဒရှိကြရင်တောင် ဘယ်ချိန်ပြန်မလဲဆိုတဲ့ မျှော်လင့်ချက်တွေတောင် မထားနိုင်တဲ့ အခြေအနေတွေကိုလည်း တွေ့ရတာပေါ့နော်။

နောက်ပြီးတော့ ပြည်တွင်းထဲကလာတဲ့ လူနာတွေအနေနဲ့ကျတော့လည်း ဆေးဝါးလာရောက်ကုသတဲ့အခါမှာ စောစောစီးစီးကို သူတို့ မလာနိုင်ကြသေးပါဘူး၊ အထူးသဖြင့်တော့ လမ်းခရီးစရိတ်အခက်အခဲ၊ လုံခြုံရေးအခက်အခဲတွေ ကြောင့်ပေါ့နော်၊ သူတို့က တအားကြီး ရေဂါပြင်းထန်မှ လာရတာမျိုး တွေ့ရတယ်၊ ဆိုတော့ ရောဂါချင်းနှိုင်းယှဉ်လို့ရှိရင် ပိုပြီးတော့ ဆိုးရွားတဲ့ ရောဂါတွေ၊ ပိုပြီးတော့ ရှုပ်ထွေးတဲ့ ပြဿနာတွေက ပြည်တွင်းထဲကလာတာ တွေ့ရတာပေါ့။

အဲဒီလို လူနာတွေ တနှစ်ထက်နှစ် တိုးလာတဲ့ကိစ္စကျတော့ ဘယ်လိုကိစ္စမျိုးတွေအပေါ်မှာ အခြေခံပြီးတော့ ဖြစ်ပေါ်လာရတယ်လို့ ဆရာမအနေနဲ့ ယူဆရပါသလဲ။

ဒီလို လူနာတိုးပွားလာတယ်ဆိုတဲ့ အကြောင်းကတော့ ကျန်းမာရေး စောင့်ရှောက်မှုအရပေါ့နော်၊ ပြည်တွင်းထဲမှာဖြစ်စေ၊ ထိုင်းနိုင်ငံမှာပဲဖြစ်စေ၊ အထူးသဖြင့်တော့ ဆင်းရဲနွမ်းပါးတဲ့ လူတွေအတွက်၊ သို့မဟုတ် အတည်တကျ နေထိုင်ရတဲ့ ပြည်သူတွေအတွက်သာမကဘူး၊ ကိုယ့်တိုင်းပြည်မှာရှိနေတဲ့ အချိန်မှာတောင်မှ ကျမတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ပြည့်ပြည့်ဝဝ မခံယူနိုင်တဲ့အတွက်ကြောင့်၊ လုံလုံလောက်လောက် မရရှိမှုအတွက်ကြောင့် ဒီဘက်ထိကို ရောက်ရှိလာတာလဲဖြစ်သလို၊ ဒီနယ်စပ်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ များလာတယ်၊ လုပ်ငန်းတွေ တိုးချဲ့လာတဲ့အခါမှာ ဒီလို လုပ်ငန်းတခုကို တိုးချဲ့လာတိုင်း၊ လုပ်ငန်းတခုကို တည်ဆောက်တိုင်းမှာ ဒီလုပ်ငန်းအပေါ်မှာ ဒီဝန်ဆောင်မှုပေါ်မှာ ခံယူဖို့ လူတွေကလည်း အဆင်သင့်ရှိနေတယ်ဆိုတာကို ပြောလိုက်တာပါပဲ၊ ဥပမာအားဖြင့် မိဘမဲ့ကလေးကျောင်းတကျောင်း ဖွင့်လိုက်ရင်လည်း ကလေးတွေအများကြီး ရောက်လာမှာပဲ၊ ငှက်ဖျားဌာနဖွင့်ရင်လည်း ငှက်ဖျားရောဂါသည်တွေ ရောက်လာမယ်၊ ခြေတုလက်တုဌာနဖွင့်လိုက်ရင်လည်း ခြေတုလက်တု လာတပ်ကြမယ်ဆိုတော့ ကျမတို့နိုင်ငံရဲ့ အခြေနေကတော့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ၊ လူမှုထောက်ပံ့မှုတွေအားလုံးက ကျမတို့ပြည်သူလူထုတွေအတွက် ဘာမှမရှိဘဲနဲ့ ဆိတ်သုဉ်းနေတယ်ဆိုတာ ပြနေတာပါပဲ။

Feb 19, 2009

မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့် အခမ်းအနားကျင်းပ

ရိုးမ ၃။ ဖေဖော်ဝါရီ ၁၉၊ ၂၀၀၉
မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး ထူးချွန်ဝန်ထမ်းများကို ရွေးချယ်၍ ဆုပေးခြင်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အနာဂတ် မြန်မာဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်းအားစုများနှင့်အတူ ပူးပေါင်းပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အနာဂတ်တွင် လုပ်ဆောင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဒေါက်တာ စင်သီယာမောင်က ပြောသည်။

နှစ်ပေါင်း (၂၀) အတွင်း မယ်တော်ဆေးခန်းအနေဖြင့် လုပ်ဆောင်နိုင်ခဲ့မှုအခြေအနေများကို ဒေါက်တာ စင်သီယာမောင်က “ အခြေခံအကျဆုံးက မိခင်တွေ လုံခြုံစိတ်ချတဲ့နေရာမှာ မီးဖွားခွင့်ရခဲ့တယ်၊ ငှက်ဖျားတိုက်ဖျက်ရေးကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်၊ တချိန်တည်းမှာ စစ်ဘေးဒဏ်ကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေအတွက် ခြေတုလက်တုတွေ၊ မျက်စိဝေဒနာသည်တွေကို အလင်းပြန်ရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်၊ ကျန်းမာရေး ပညာရေးအတွက် စုပေါင်းလုပ်ဆောင်ခြင်းတွေကို အားလုံးက အသိမှတ်ပြုလာတဲ့အတွက် အောင်မြင်မှုရခဲ့ပါတယ်” ဟု ပြောသည်။

မယ်တော်ဆေးခန်း စတင်တည်ထောင်စဉ်က တနှစ်လျှင် လူနာ (၁၈၀၀) ခန့်သာ ဆေးကုသပေးခဲ့ရာမှ ၂၀၀၈ ခုနှစ်အတွင်း လူနာတသိန်းခန့်ကို ကုသပေးနိုင်ခဲ့ပြီး ထက်ဝက်ခန့်သည့် မြန်မာနိုင်ငံအတွင်းပိုင်းမှ လာရောက်ကုသသည့် လူနာများဖြစ်သည်။

“လူနာတွေများလာတာက အရင်ထက်စာရင် ပိုဆိုးလာတယ်၊ ၂၀၀၅ နောက်ပိုင်းမှ ရွာတွေစွန့်ခွာလာတာတွေ၊ ပြန်ဖို့ မျှော်လင့်ချက်မထားနိုင်တာတွေ ရှိတယ်၊ ဒါ့အပြင် ပိုမိုဆိုးရွားတဲ့ ရောဂါတွေကြောင့် များလာခြင်းဖြစ်တယ်၊ အခြေခံကတော့ ကျန်းမာရေးစောင့်ရှောက်မှုအရ ပြည်တွင်းပြည်ပမှာဖြစ်စေ ပြည့်ဝတဲ့ စောင့်ရှောက်မှုမရှိတဲ့အတွက် အခုလို တိုးလာတာပါ၊ ကျမတို့နိုင်ငံရဲ့ ထောက်ပံ့မှုက လူထုအတွက် အကျိုးမပြုနိုင်လို့ပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။

မယ်တော်ဆေးခန်းအတွက် ပုံမှန်ရရှိသည့် အကူအညီအထောက်အပံ့များသည် လူနာ (၆၀) ရာခိုင်နှုန်းအတွက်သာ လုံလောက်မှုရှိပြီး အခြားလိုအပ်ချက်များကို နိုင်ငံတကာနှင့် ပုဂ္ဂလိကအလှူရှင်များက ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ဆက်လက်ပြောသည်။

အခမ်းအနားသို့ လူမှုအခြေပြုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသားလူငယ်များ စုစုပေါင်း (၂၀၀၀) နီးပါး တက်ရောက်ခဲ့ပြီး ကရင့်ရိုးရာ ဒုံးယိမ်အကနှင့် ကျဘမ်းစကားပြောပြိုင်ပွဲများအပါအ၀င် ဖျော်ဖြေရေးအစီအစဉ်များကို ညပိုင်းအထိ ကျင်းပခဲ့သည်။

မယ်တော်ဆေးခန်းကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရောက် ၈၈ မျိုးဆက်ကျောင်းသားများ ကူညီပံ့ပိုးမှုအပါအဝင် ဒေါက်တာ စင်သီယာမောင်၊ ဦးသိုက်စိုး၊ ဦးဝဏ္ဏ၊ ဦးချစ်ဝင်း၊ ဆရာမနော်ထူးနှင့် ဦးစိန်ဟန် စသည့်ပုဂ္ဂိုလ် (၆) ဦးက စတင်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။