ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 24, 2009

ကျောင်းဆောက်လုပ် ကုန်ကျစရိတ်အတွက် အလှူငွေများ ကောက်ခံ

ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပေါင်း၍ ကျောင်းဆောက်လုပ် ကုန်ကျစရိတ်ကို ကျောင်းသားမိဘများထံမှ အတင်းအကြပ်ကောက်ခံနေလျှက်ရှိသည်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ အ.ထ.က (၂) ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ၂၀၀၇ ခုနှစ်အတွင်းက ဆောက်လုပ်ပြီးစီးခဲ့သည့် ကျောင်းဆောင်ဆောက်လုပ်စရိတ်အကြွေး သိန်း(၈၀) ကျော်အတွက် ယခုနှစ်တွင် တောင်းခံနေ ခြင်းဖြစ်သည်။

“ကျောင်းက ၂၀၀၇ ကတည်းက ဆောက်ပြီးသွားလို့ ၂၀၀၈ တနှစ်လုံးလည်း သုံးပြီးနေပြီ၊ ဘယ်သူမှ စာရင်း မစစ်နိုင်တဲ့အချိန်၊ စာရင်းဇယားတွေမရှိတော့မှ ကျောင်းသားမိဘတွေကို အစည်းဝေးခေါ်ပြီး အလှူငွေတွေ အတင်းထည့်ခိုင်းနေတာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

ထို့အပြင် ကျောင်းသားများကို ပညာရည်ချွန်ဆုပေးရာတွင်လည်း အလှူငွေထည့်ဝင်နိုင်သူများကိုသာ ရွေးချယ်၍ ပေးပြီး အရည်အချင်းပြည့်မှီသူများကို ရွေးချယ်ခြင်းမရှိသည့်အတွက်လည်း ကျောင်းသားမိဘများက မကျေမနပ် ဖြစ်နေကြသည်။

၂၀၀၇ ခုနှစ် ကျောင်းဖွင့်ရာသီတုန်းကလည်း နိုင်ငံတော်က မည့်သည့်စရိတ်မှ မကောက်ရန် အမိန့်များ ထုတ်ထားသော်လည်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ကျောင်းသားသစ်တဦးလျှင် စာရေးခုံအတွက် ငွေကျပ် (၃၀,၀၀၀) ကောက်ခံခြင်းကို အထက်အာဏာပိုင်များထံ တိုင်ကြားခဲ့သော်လည်း တစုံတရာအရေးယူခဲ့ခြင်း မရှိကြောင်း အဆိုပါ ကျောင်းသားမိဘက ဆက်ပြောသည်။

“အဲဒီအချိန်က ကျောင်းကော်မတီဥက္ကဌ ဦးအေးကိုကိုက အရင် (မ.ယ.က) ရုံးဝန်ထမ်းဟောင်း၊ ဘဏ္ဍာရေးမှူး ဦးသောင်းထွန်းက (မ.ယ.က) ဥက္ကဌ ဦးညွန့်ဟန်နှင့် ပတ်သက်တဲ့သူ၊ အတွင်းရေးမှူး ဦးမင်းဇော်က စသုံးလုံးရုံးကို အဝင်အထွက်ရှိတယ်၊ စာရင်းစစ် ဦးသန်းမြတ်စိုးက အရင်ပြောင်းရွှေ့သွားတဲ့ (ခ.ယ.က) ဥက္ကဌ ဦးကြည်ဝင်းရဲ့ ညီဖြစ်နေတော့ ဘယ်သူမှ အရေးယူတာမလုပ်ခဲ့ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၏ လုပ်ရပ်နှင့်ပတ်သက်၍ မူဆယ်မြို့ခံ ကျောင်းသားမိဘများက တစုံတရာ အရေးယူဆောင်ရွက် ပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

စိုင်းနောင့် (မူဆယ်) သတင်းပေးပို့သည်။

ငွေပေးနိုင်သူများကိုသာ ထက်မြက်ထူးချွန်ဖြေရန် ရွေးချယ်

ဖြိုးကြီး

ထက်မြက်ထူးချွန် ဖြေဆိုမည့် ကျောင်းသားများ ရွေးချယ်ရာတွင် ငွေပေးနိုင်သူများကိုသာ ရွေးချယ်လိုက်သည့်အတွက် အခြားကျောင်းသားမိဘများက မကျေမနပ်ဖြစ်နေကြသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမက (၉) မှ ဆရာ/မများက ၎င်းတို့ထံတွင် ကျူရှင်တက်ရောက်သည့် ကျောင်းသားများ ကိုသာ ထက်မြက်ထူးချွန်ဖြေဆိုရန် ရွေးချယ်ခေါ်ယူကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

“နောက်နှစ်ရက်လောက်ဆိုရင် ထက်မြက်ထူးချွန်ဖြေရမယ့်အချိန်မှာ အတန်းပိုင်ဆရာမတွေက သူတို့ကို ပေးနိုင် ကျွေးနိုင်၊ သူတို့ဆီမှာ ကျူရှင်တက်တဲ့ ကျောင်းသားတွေကို ရွေးခေါ်သွားတယ်၊ ကျူရှင်မတက်တဲ့ ကျောင်းသားတွေကျတော့ စာတော်လည်း မခေါ်ဘဲ ချန်ထားခဲ့တယ်” ဟု ပြောသည်။

ထက်မြက်ထူးချွန် ဝင်ရောက်ဖြေဆိုချင်သည့် အမှန်တကယ် ကြိုးစားထားသည့် ကျောင်းသားကျောင်းသူများမှာ ယခုကဲ့သို့ ဆရာမများ၏ အဂတိလိုက်စားမှုကြောင့် ၎င်းတို့၏ အစွမ်းအစကို ထုတ်ပြခွင့်မရကြတော့ကြောင်း အဆိုပါကျောင်းသားမိဘက ဆက်ပြောသည်။

“ဆရာမတွေကိုယ်တိုင်းကလည်း သူတို့ပါးစပ်ကနေ ကျောင်းသူတဦးကို နာမည်လေးခေါ်ပြီး ထက်မြက်ထူးချွန်းမှာ နင်ပါမှ ငါတို့စားရမှာဆိုပြီး ပြောတာကို ကျန်တဲ့ ကျောင်းသားလေးတွေကကြားပြီး မိဘတွေကို ပြန်ပြောကြတော့ အကုန်သိရတာ” ဟု ပြောသည်။

ယခုကဲ့သို့ ဆရာ/မများ၏ လုပ်ရပ်ကြောင့် ကျောင်းသားမိဘများအနေဖြင့်လည်း အပြိုင်အဆိုင် လာဘ်ထိုးမှုများ ပြုလုပ်နေကြသောကြောင့် ငွေကြေးချို့တဲ့သည့် ကလေးငယ်များမှာ အတန်းထဲတွင် မျက်နှာငယ်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဆရာ/မများ၏ အဂတိလိုက်စားမှုနှင့် ဘက်လိုက်နေမှုများကြောင့် မြန်မာနိုင်ငံပညာရေးသည် အရည်အချင်းမရှိဘဲ အတန်းတက်ရသည့် အခြေအနေများ ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

Oct 19, 2009

ပုသိမ်တက္ကသိုလ်တွင် အကြောင်းပြ ငွေးကြေးကောက်ခံမှုများ အဆမတန် များပြားနေ

ဉာဏ်မောင်

ပုသိမ်တက္ကသိုလ်တွင် အဝေးသင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများထံမှ ပညာရေးအာဏာပိုင်များက အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေလျက်ရှိသည်။

အဝေးသင် ဒုတိယအသုတ် အနီးကပ်တက်ရောက်နေကြသည့် ကျောင်းသားကျောင်းသူများကို ကျောင်းသားကဒ်များ ထုတ်ပေးရာတွင် ငွေကြေးအဆမတန် တောင်းယူနေကြောင်း ကျောင်းသားတဦးက ပြောသည်။

“အခုက ကဒ်ထုတ်ဖို့ ဓါတ်ပုံနှစ်ခါရိုက်ခက ၂၀၀၀ ပေးရတယ်။ အာစရိယကြေးက ၂၅၀၀၊ နောက်ပြီးကျောင်းသားကဒ်အတွက်က ၅၀၀၀ ဆိုတော့ စုစုပေါင်း ၉၅၀၀ တောင်းတာ” ဟု ပြောသည်။

ထိုကဲ့သို့ အကြောင်းပြကာ ငွေးကြေးများ ကောက်ခံနေသော်လည်း ကျောင်းသားများအတွက် သောက်သုံးရေ လုံးဝမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အခုက ကျောင်းမှာ သောက်စရာ ရေက လုံးဝမရှိတဲ့ပြဿနာ ရင်ဆိုင်နေရတာ။ အဲဒါကို ကျောင်းသားတွေက တော်တော်ကို မကျေမနပ်ဖြစ်နေတယ်” ဟု ပြောသည်။

ထို့အပြင် ကျောင်းအဝင်ဝတွင် စစ်တပ်ရန်ပုံငွေအတွက် စက်ဘီး၊ ဆိုင်ကယ်အပ်ရန် ဂိတ်တခုဖွင့်လှစ်ထားပြီး ကျောင်းသားများမှာ ထိုဂိတ်မှတဆင့် ကျောင်းတွင်းသို့ လမ်းလျှောက်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျောင်းအပေါက်ဝမှာ စက်ဘီးတစီးကို ၅၀၊ ဆိုင်ကယ်ကို ၁၀၀ ပေးရတယ်။ အဲဒီမှာ အပ်ထားရတာ။ အဲဒါကို စစ်တပ်ရန်ပုံငွေအတွက် လုပ်ထားတာ။ အဲဒီကနေ ကျောင်းသားတွေက ၁၅ မိနစ်လောက် လမ်းလျှောက်ပြီး ကျောင်းထဲကို သွားနေရတာ” ဟု ပြောသည်။

အဝေးသင်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျူရှင်လခ တဘာသာလျှင် ကျပ်တသောင်း ပေးရပြီး အဆိုပါ ကျူရှင်တက်ရောက်သည့် ကျောင်းသားများကို စစ်ဆေးမေးမြန်းမှုများလည်း ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ကျူရှင်သွားအပ်လို့ ကရင်လူမျိုးတွေဆိုရင် မေးတာမြန်းတာတွေ တအားများတယ်။ ဘယ်မှာနေတာလဲ၊ ဘာလုပ်လဲဆိုပြီး မေးတာတွေ လုပ်တယ်” ဟု ပြောသည်။

ယခုနှစ် အဝေးသင်တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် အထွေထွေ လူမှုရေး၊ စီးပွားရေး အကြပ်တည်းများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများမှ ကျောင်းသားများအခြေအနေမှာ ပိုမိုဆိုးရွားနေလျက်ရှိသည်။

Oct 18, 2009

၄၇ နှစ်မြောက် ကိုမင်းကိုနိုင်မွေးနေ့ ကျင်းပ

ရိုးမ ၃

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၇ နှစ်မြောက်မွေးနေ့ကို ထိုင်း-မြန်မာနယ်စပ်ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ကိုမင်းကိုနိုင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် ၎င်းအား ချစ်ခင်လေးစားကြသည့် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်လူပ်ရှားနေကြသူများက ဝိုင်းဝန်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က “ကျနော်တို့က ကိုမင်းကိုနိုင်ရဲ့ စိတ်ဓါတ်၊ အမျှော်အမြင်ကြီးမှုတွေကို အရင်ကတည်းက ကျနော်တို့ လေးစားခဲ့ရတာပါ။ အရင်ကတည်းက လေးစားချစ်ခင်တယ်။ တန်ဖိုးထားခဲ့တယ်။ အဲဒါကြောင့် အခုလိုပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် AAPP အဖွဲ့ကိုလည်း ကိုမင်းကိုနိုင်အား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းအကျဉ်းကျခံရသည့် (၁၁) နှစ်မြောက်နေ့တွင် စတင်ကာ ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။

တပြိုင်နက်တည်းမှာပင် ကိုမင်းကိုနိုင်အား ဂုဏ်ပြုသောအားဖြင့် ၎င်း ပထမဆုံး ရေးသားခဲ့သည့် ဝတ္ထုရှည်တပုဒ်ကိုလည်း စာအုပ်အနေဖြင့် ယနေ့ ထုတ်ဝေလိုက်ကြောင်း ကိုတိတ်နိုင်က ဆက်ပြောသည်။

“ကိုမင်းကိုနိုင် ရေးသားပြုစုထားတဲ့ သူ့ရဲ့ ပထမဆုံး ဝတ္ထုရှည်လို့ ပြောလို့ရတဲ့ စာအုပ်လေးကို ဒီနေ့ ထုတ်ဝေမှာဖြစ်ပါတယ်။ စာအုပ်နာမည်က နောက်ကြည့်မှန်လို့ အမည်ပေးထားပါတယ်” ဟု ပြောသည်။

အဆိုပါဝတ္တုသည် ရှစ်လေးလုံး လူထုအရေးတော်ပုံကာလကို ကျောရိုးယူရေးထားပြီး ခေတ်စနစ်ရဲ့စိန်ခေါ်မှုကို မည်ကဲ့သို့ ရင်ဆိုင်ရပြီး ကြိုးစားဖြတ်ကျော်ခဲ့ရပုံများကို ဖော်ကျူးထားသည့် ဇာတ်လမ်းတပုဒ်ဖြစ်ကာ ကိုမင်းကိုနိုင် ပထမအကြိမ် ထောင်က ထွက်လာစဉ် ၂၀၀၅-၂၀၀၆ ခုနှစ်အတွင်းက ရေးထားခဲ့သည့် ဝတ္ထုဖြစ်သည်။

ယနေ့ကျရောက်သည့် ကိုမင်းကိုနိုင်၏ မွေးနေ့ကို မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူများက မြန်မာပြည်တွင်းနှင့် နိုင်ငံတကာတွင် တပြိုင်နက်တည်း ကျင်းပပြုလုပ်နေလျက်ရှိသည်။

ထို့အပြင် ပြီးခဲ့သည့် (၁၆) ရက်နေ့ကလည်း ကိုမင်းကိုနိုင်မွေးနေ့အကြို ဂုဏ်ပြုပွဲအဖြစ် အမှတ်တရ ဟောပြောပွဲများကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) က ဦးဆောင်၍ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာစာသင်ကျောင်းများတွင် ပြုလုပ်ခဲ့သည်။