ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 18, 2009

၄၇ နှစ်မြောက် ကိုမင်းကိုနိုင်မွေးနေ့ ကျင်းပ

ရိုးမ ၃

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၇ နှစ်မြောက်မွေးနေ့ကို ထိုင်း-မြန်မာနယ်စပ်ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ကိုမင်းကိုနိုင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် ၎င်းအား ချစ်ခင်လေးစားကြသည့် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်လူပ်ရှားနေကြသူများက ဝိုင်းဝန်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က “ကျနော်တို့က ကိုမင်းကိုနိုင်ရဲ့ စိတ်ဓါတ်၊ အမျှော်အမြင်ကြီးမှုတွေကို အရင်ကတည်းက ကျနော်တို့ လေးစားခဲ့ရတာပါ။ အရင်ကတည်းက လေးစားချစ်ခင်တယ်။ တန်ဖိုးထားခဲ့တယ်။ အဲဒါကြောင့် အခုလိုပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် AAPP အဖွဲ့ကိုလည်း ကိုမင်းကိုနိုင်အား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းအကျဉ်းကျခံရသည့် (၁၁) နှစ်မြောက်နေ့တွင် စတင်ကာ ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။

တပြိုင်နက်တည်းမှာပင် ကိုမင်းကိုနိုင်အား ဂုဏ်ပြုသောအားဖြင့် ၎င်း ပထမဆုံး ရေးသားခဲ့သည့် ဝတ္ထုရှည်တပုဒ်ကိုလည်း စာအုပ်အနေဖြင့် ယနေ့ ထုတ်ဝေလိုက်ကြောင်း ကိုတိတ်နိုင်က ဆက်ပြောသည်။

“ကိုမင်းကိုနိုင် ရေးသားပြုစုထားတဲ့ သူ့ရဲ့ ပထမဆုံး ဝတ္ထုရှည်လို့ ပြောလို့ရတဲ့ စာအုပ်လေးကို ဒီနေ့ ထုတ်ဝေမှာဖြစ်ပါတယ်။ စာအုပ်နာမည်က နောက်ကြည့်မှန်လို့ အမည်ပေးထားပါတယ်” ဟု ပြောသည်။

အဆိုပါဝတ္တုသည် ရှစ်လေးလုံး လူထုအရေးတော်ပုံကာလကို ကျောရိုးယူရေးထားပြီး ခေတ်စနစ်ရဲ့စိန်ခေါ်မှုကို မည်ကဲ့သို့ ရင်ဆိုင်ရပြီး ကြိုးစားဖြတ်ကျော်ခဲ့ရပုံများကို ဖော်ကျူးထားသည့် ဇာတ်လမ်းတပုဒ်ဖြစ်ကာ ကိုမင်းကိုနိုင် ပထမအကြိမ် ထောင်က ထွက်လာစဉ် ၂၀၀၅-၂၀၀၆ ခုနှစ်အတွင်းက ရေးထားခဲ့သည့် ဝတ္ထုဖြစ်သည်။

ယနေ့ကျရောက်သည့် ကိုမင်းကိုနိုင်၏ မွေးနေ့ကို မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူများက မြန်မာပြည်တွင်းနှင့် နိုင်ငံတကာတွင် တပြိုင်နက်တည်း ကျင်းပပြုလုပ်နေလျက်ရှိသည်။

ထို့အပြင် ပြီးခဲ့သည့် (၁၆) ရက်နေ့ကလည်း ကိုမင်းကိုနိုင်မွေးနေ့အကြို ဂုဏ်ပြုပွဲအဖြစ် အမှတ်တရ ဟောပြောပွဲများကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) က ဦးဆောင်၍ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာစာသင်ကျောင်းများတွင် ပြုလုပ်ခဲ့သည်။

No comments:

Post a Comment