ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 2, 2009

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၇)

စောကျော်ကျော်မင်း

ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အား တရားစွဲဆိုထားသော အမှုတွင် တရားရုံးတော်ရှေ့တွင် ပေါ်ပေါက်လျက်ရှိသော ဥပဒေပြဿနာများမှာ တရားရုံးတော်မှ ဖမ်းဝရမ်း (သို့မဟုတ်) သမ္မန်စာ ထုတ်ဆင့်ပေးသည့်အခါမှသာ တရားရုံးတော်သို့ လာရောက်အမှုရင်ဆိုင်စေခြင်း သို့မဟုတ် ဖမ်းဆီးခေါ်ဆောင် အမှုရင်ဆိုင်စေခြင်း ဟုတ်သည်/မဟုတ်သည်၊ ကဗျာစာသားများကို ရေးသားပြီး ဖြန့်ချီဝေငှခြင်းမရှိဘဲ သိမ်းဆည်းထားသည်မှာ ပြစ်မှုဥပဒေပုဒ်မ ၅၀၅(ခ) ကို ကျူးလွန်ခြင်း ဟုတ်သည်/မဟုတ်သည် စသည်တို့မှာ ဥပဒေပြဿနာများအဖြစ် သက်ဆိုင်ရာ တရားရုံးတော်တွင် ပေါ်ပေါက်လျက်ရှိပေသည်။

အကြောင်းချင်းရာပြဿနာများအဖြစ် ကိုညီညီမင်း၏ နေအိမ်တွင်လည်းကောင်း၊ ကိုတင်ဝင်း၏ နေအိမ်တွင်လည်းကောင်း ကဗျာစာရွက်နှစ်ရွက်နှင့် မူရင်းကဗျာစာအုပ်တစ်အုပ် စသည်တို့ကိုလည်းကောင်း သိမ်းဆည်းရမိပြီး ကိုညီညီမင်း၊ ကိုတင်ဝင်းတို့ကို ဖမ်းဆီးသည့်အခါတွင်မူ ထိုကဗျာစာရွက်များကို ဖြန့်ဝေနေသည့်အချိန်တွင် ဖမ်းဆီးရမိခြင်းမဟုတ်သောကြောင့် ပြစ်မှုဥပဒေပုဒ်မ ၅၀၅(ခ) ပြဌာန်းချက်ပါ ပြစ်မှုမြောက်စေသည့် အင်္ဂါရပ်များနှင့် ကိုက်ညီမှု ရှိ/မရှိ စသည့်အကြောင်းချင်းရာပြဿနာများသည် တရားရုံးတော်မှ ဖြေရှင်းဆုံးဖြတ်ပေးရမည့် ပြဿနာများအဖြစ် ပေါ်ပေါက်လျက်ရှိနေပေသည်။


ထို့အပြင် တရားလို ဒုရဲမှူး တင်မောင်အေးသည် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်ကြောင်းနှင့် ၎င်းတို့အား ဖမ်းဆီးသောအချိန်တွင် နိုင်ငံတော်မှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်မည့် အချိန်ဖြစ်သည့်အပြင် ထိုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များသည် နိုင်ငံတော် တည်ငြိမ်ရေးပျက်ပြားအောင် လုပ်ဆောင်လျက်ရှိကြောင်း စသည်တို့ဖြင့် တရားရုံးတော်တွင် စွပ်စွဲထွက်ဆိုလေတော့သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဖြင့် တရားဝင် မှတ်ပုံတင် ရပ်တည်လျက်ရှိသော နိုင်ငံရေးပါတီဖြစ်သည်ကို သိပါသလားဆိုသည့် ပြန်လှန်မေးခွန်းမျိုးဖြင့်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ၈၂% ကျော်ဖြင့် အနိုင်ရရှိခဲ့သော အနိုင်ရ နိုင်ငံရေးပါတီကြီး ဖြစ်သည်ကို သိပါသလားဆိုသည့် ပြန်လှန်မေးခွန်းမျိုးဖြင့်လည်းကောင်း၊ ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အား ဖမ်းဆီးလိုက်သည့် အချိန်တွင် နိုင်ငံတော် မငြိမ်မသက်ဖြစ်နေပါသည် ဆိုသော စွပ်စွဲချက်နှင့်ပတ်သတ်၍လည်း ထိုအချိန်က နိုင်ငံတော်အနှံအပြားတွင်လည်းကောင်း၊ သို့မဟုတ် မငြိမ်မသက်ဖြစ်ပါသည်ဆိုသည့် ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ နေထိုင်ရာ ဒဂုံမြို့နယ်တွင်သော်လည်းကောင်း၊ နိုင်ငံတော်မှ အရေးပေါ်အခြေအနေ ကြေငြာထားခြင်းမျိုး ရှိပါသလားဆိုသည့် ပြန်လှန်မေးခွန်းမျိုးဖြင့်လည်းကောင်း၊ ထို့ပြင် သက်သေခံအဖြစ် တင်ပြထားသော အမျိုးသားပြန်လည်သင့်မြတ်ရေး တီရှပ်အင်္ကျီနှင့်စပ်လျဉ်း၍လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ နိုင်ငံတော်အစိုးရကိုယ်တိုင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆောင်ပုဒ်ကို တာဝန်တစ်ရပ်အနေဖြင့် စွဲကိုင်လုပ်ဆောင်နေခြင်းဖြစ်သဖြင့် နိုင်ငံတော်၏ တာဝန်ကို တာဝန်သိပြည်သူများမှ ကူညီပံ့ပိုး လုပ်ဆောင်ခြင်းဖြစ်၍ ကောင်းမွန်သော ရည်ရွယ်ချက်သာဖြစ်သည်ဆိုလျှင် မှန်ပါသလား ဆိုသည့် ပြန်လှန်မေးခွန်းမျိုးဖြင့်လည်းကောင်း၊ FREE AUNG SAN SUU KYI အင်္ကျီနှင့်စပ်လျဉ်း၍လည်း ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထင်ကရ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင်၊ လူထုခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအနေဖြင့် မိမိခေါင်းဆောင် လွတ်မြောက်စေရန် တောင်းဆိုခြင်းဖြစ်ကြောင်းနှင့် လူတိုင်းလူတိုင်းအနေဖြင့် လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့်၊ ရေးသားတောင်းဆိုခွင့်၊ ဆန္ဒထုတ်ဖေါ်ခွင့်များ ရှိသည်မှာ လူတိုင်း၏ မွေးရာပါအခွင့်အရေးများဖြစ်သည်ကို သိပါသလားဆိုသည့် ပြန်လှန်မေးခွန်းမျိုးဖြင့်လည်းကောင်း ချေဖျက်မေးမြန်းရလေတော့သည်။

ပထမရုံးချိန်းသည် တရားလို ဒုရဲမှူး တင်မောင်အေး စွပ်စွဲထားသော စွပ်စွဲချက်များကို ပြန်လှန်မေးခွန်းပေါင်းမြောက်များစွာဖြင့် ချေဖျက်မေးမြန်းရခြင်းဖြစ်သောကြောင့် ရုံးချိန်းတစ်ချိန်းနှင့်မလောက်ဘဲ နောက်တစ်ရက်သို့ ထပ်မံချိန်းဆိုလိုက်ရလေသည်။

ကျွန်တော့်အနေဖြင့်လည်း နောက်ရုံးချိန်းတွင် ပိုမိုထိရောက် ချေဖျက်နိုင်စွမ်းရှိသော မေးခွန်းများ မေးမြန်းနိုင်ရန်အတွက် ပိုမိုပြင်ဆင်ရလေတော့သည်။

နောက်ရုံးချိန်းတွင် ဥပဒေပြဿနာပိုင်းဆိုင်ရာများကို ပိုမိုထိရောက်စွာ မေးမြန်းနိုင်ရန်အတွက် လိုအပ်နေကြောင်း စိတ်တွင် အလိုလိုသိရှိနေပေသည်။ ကျွန်တော်သည် တရားခွင်စစ်ဆေးမှု အတွေ့အကြုံ လုံးဝမရှိသော သူတစ်ယောက်သာဖြစ်သည့်အပြင် တရားခွင်စစ်ဆေးနေသည့် အချိန်တွင်လည်း နဘေးမှ ထောက်ပြပြောဆို အကြံပေးမည့်သူ တစ်ဦးတစ်လေမျှ မရှိသောကြောင့် စိတ်တထင့်ထင့်ဖြင့်သာ စစ်ဆေးမေးမြန်းနေရခြင်းဖြစ်လေသည်။ သက်သေအနေဖြင့် အမှန်အတိုင်း ၀န်ခံထွက်ဆိုလာစေရန်လည်း ပြန်လှန်စစ်ဆေးခြင်း နည်းပညာများကို တတ်ကျွမ်းသိနားလည်မှုလည်း လုံးဝမရှိဟု မိမိကိုယ်ကို နားလည်လာမိသည်။ အထူးသဖြင့် ဥပဒေပြဿနာများကို မေးမြန်းရမည်ဆိုလျှင် မိမိ၌ရှိသော အရည်အချင်း၊ လေ့လာလိုက်စားမှုများနှင့် မလုံလောက်တော့ဟု အလိုလို နားလည်လာမိသည်။

ထို့ကြောင့်ဆရာ ဦးခင်မောင်ရှိန်အား ပြောဆိုတိုင်ပင်မိသည့်အားလျော်စွာ ဆရာမှလည်း မေးမြန်းရမည့် မေးခွန်းများကို အစွမ်းကုန် ကြိုးစားပြင်ဆင်ပေးလေသည်။ မည်သည့်အချိန်တွင် မည်သည့်မေးခွန်းမျိုး၊ မည်သည့် အခြေအနေတွင် မည်သည့်မေးခွန်းမျိုးကို မေးမြန်းသင့်ကြောင်းကို သင်ပြပေးလေသည်။ သို့သော် ဆရာ့အနေဖြင့် ထိုအမှုကို သူကိုယ်တိုင် လိုက်ပါစစ်ဆေးပေးချင်ပါသော်လည်း ထောင်တွင်းတရားရုံးတွင် စစ်ဆေးလျက်ရှိသော အမှုများနှင့် ရုံးချိန်းချင်း တိုက်ဆိုင်နေပါသောကြောင့် လိုက်ပါနိုင်ခြင်းမရှိ ဖြစ်နေလေသည်။

နောက်ရုံးချိန်းသို့ ရောက်သောအခါတွင် လုံးဝမျှော်လင့်မထားဘဲ လူငယ်ရှေ့နေ ကိုဖိုးဖြူ ရောက်ရှိလာလေသည်။ ကိုဖိုးဖြူနှင့်အတူ ကိုညီညီထွေးပါ ရောက်ရှိလာသောကြောင့် စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ကြမည့် ရှေ့နေအင်အားမှာ အလွန်တောင့်တင်းသွားလေတော့သည်။

× × × × ×
ဆက်လက်ရေးသားပါအုံးမည်


စာဖတ်သူများကို အစဉ်လေးစားလျက်-
စောကျော်ကျော်မင်း
(၈.၉.၂၀၀၉)

Sep 29, 2009

၈၈ မျိုးဆက် ကျောင်းသားများက စစ်အစိုးရကို တိုက်တွန်း

ဉာဏ်မောင်

စစ်အစိုးရ ခေါင်းဆောင်များအနေဖြင့် စီးပွားရေးပိတ်ဆို့မှုကိစ္စအပါအဝင် အမျိုးသားရေးပြဿနာများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အင်န်အယ်ဒီနှင့် ပူးပေါင်းဖြေရှင်းရန် မေတ္တာ စေတနာထားကာ ဆောင်ရွက်စေချင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် တိုက်တွန်းချက်တစောင် ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) နှင့် ပူးပေါင်းဖြေရှင်း၍ အမျိုးသားရေးပြဿနာများကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် ယနေ့အချိန်အခါသည် အကောင်းဆုံးနှင့် အသင့်တော်ဆုံး ဖြစ်သည်ဟု ယုံကြည်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်လ်ဒီပါတီမှ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးကိစ္စနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက် ဖြေရှင်းနိုင်ရန် စစ်အစိုးရခေါင်းဆောင်ထံသို့ မေတ္တာရပ်ခံလွှာ ပေးပို့ထားသည်ကို သိရှိရပြီး ထိုသို့ အဖြေရှာကြမှသာ အဆိုပါကိစ္စသည် အဆင်ပြေချောမွေ့ လာနိုင်ကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ၎င်းနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့နေမှုများကို ရုတ်သိမ်းအောင် လုပ်ဆောင်ပေးမည်ဆိုလျှင် သူကိုယ်တိုင် အင်န်အယ်လ်ဒီနှင့် တွေ့ဆုံဆွေးနွေးမည်ဟု ထုတ်ပြန်ခဲ့ဖူးသည်။

အချက် (၇) ချက်ပါဝင်သည့် ၈၈ မျိုးဆက်ကျောင်းသားများ တိုက်တွန်းချက်တွင် မကြာသေးမီရက်ပိုင်းအတွင်းက အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအပြင် နိုင်ငံချင်း တိုက်ရိုက်ထိတွေ့ဆက်ဆံသော နည်းလမ်းကိုလည်း ကျင့်သုံးမည့် မူဝါဒကို ဒေါ်အောင်ဆန်းစုကြည်မှ ထောက်ခံကြိုဆိုသကဲ့သို့ ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့်လည်း ကြိုဆိုပါကြောင်း ဖော်ပြထားသည်။

Sep 28, 2009

အရှင်ဆန္ဒဓိက ထောင်တွင်းဆေးရုံတွင် ဆေးကုသနေရ

ရိုးမ ၃

ရန်ကုန်တိုင်း၊ ရဲချုပ်ရုံး အချုပ်တွင် အာဏာပိုင်များရိုက်နှက်မှုကြောင့် အူကျသည့်ဝေဒနာကို ခံစားနေရသူ အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံ ထောင်ဆေးရုံတွင် ဆေးကုသမှု ခံနေရသည်။

အာဏာပိုင်များဘက်က အရှင်ဆန္ဒာဓိကကို နိုင်ငံရေးပုဒ်မ ဖြစ်နေသည့်အတွက် ထောင်ပြင်ထွက် ဆေးဝါးကုသခွင့်ကို မပေးဘဲထားခြင်းဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

“ခြေထောက်တွေ ပေါင်တွေမှာ ရိုက်ထားတဲ့ ဒဏ်ရာတွေ များတယ်။ ဝါးရင်းတုတ်နဲ့ ရိုက်ထားတဲ့ အရာတွေ တော်တော်များတယ်။ အပြင်ထွက်မရတော့ ထောင်ဆေးရုံမှာပဲ ကုနေရတယ်” ဟု ပြောသည်။

အာဏာပိုင်များဘက်က အရှင်ဆန္ဒာဓိကကို ဓါတ်ဆီလောင်း မီးရှို့ဆန္ဒပြရန် ကြံစည်ကြောင်း အတင်းအကြပ် ထွက်ဆိုခိုင်းကာ ရုံးတင်တရားစွဲဆိုမှုများ ပြုလုပ်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ အမှုဖွင့်တရားစွဲဆိုထားသော်လည်း အမှုစတင်စွဲဆိုသည့် တကြိမ်သာ တရားလိုဘက်က လာရောက်ခဲ့ပြီး ရုံးချိန်း လေးကြိမ် ပျက်ကွက်နေကြောင်း မိသားစုဝင်က ဆက်ပြောသည်။

“တရားလိုလုပ်တာက ဒုရဲအုပ် ဇော်ဖုန်းဝင်း၊ တခါပဲ တရားရုံးကို လာတယ်၊ နောက်ထပ် ရုံးချိန်းတွေ သူတို့ဘက်က သက်သေခံဖို့ တခေါက်မှမလာတော့ဘူး။ သူတို့ ပျက်ကွက်တာများပြီ” ဟု ဆက်လက်ပြောသည်။

အရှင်ဆန္ဒာဓိကသည် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချသည့်နေ့က တရားရုံးသို့ သွားရောက်ကြားနာပြီး အပြန်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထား၍ ယနေ့ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။