ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 29, 2009

စာရိတ္တမကောင်းသည့် ရယကဥက္ကဋ္ဌကို အရေးမယူသည့်အတွက် ပြည်သူများ မကျေမနပ်ဖြစ်

ရိုးမ ၃

အကျင့်စာရိတ္တကောင်းမွန်ခြင်းမရှိသည့် ရယကဥက္ကဋ္ဌကြောင့် ပြည်သူများအတွက် မလိုလားအပ်သည့် ဆူပူမှုများ ဖြစ်လာနိုင်ကြောင်း အထက်အာဏာပိုင်များထံသို့ တင်ပြတိုင်ကြားသော်လည်း တစုံတရာအရေးယူခြင်း မရှိသည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၇) ရပ်ကွက် ရယကဥက္ကဋ္ဌ ဦးဝင်းသိန်းသည် နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည့်အပြင် ယခင်ကလည်း ခိုးမှုဖြင့် ထောင်ကျခဲ့ဖူးသူတဦးဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“နာဂစ်တုန်းက ပေးတဲ့ အကူညီပစ္စည်းတွေထဲက သံထည်ပစ္စည်းတွေကို သူ့တပည့် အေးကြူကို ထော်လာဂျီနဲ့ ခိုးထုတ်ပြီး ရာမည (၁၂) လမ်းက ဦးသိန်းအောင် ပန်းပဲဖို၊ အမှတ် (၆) ရပ်ကွက် ရယက ဦးမြင့်လွင်သံဆိုင်နဲ့ ဈေးကြီးထဲက စိန်နဲ့မြ သံဆိုင်တွေမှာ သွားရောင်းတာ။ အဲဒီ ရောင်းတဲ့ပိုက်ဆံတွေကို သူ့မိန်းမက ညဘက်ကျမှ လိုက်သိမ်းတာ” ဟု ပြောသည်။

ထို့အပြင် ရပ်ကွက်အတွင်းရှိ လေဘေးသင့်ပြည်သူ အယောက် ၁၄၀ အတွက် ပေးသည့် သံထည်နှင့် ဘိလပ်မြေများကို ခွဲဝေပေးခြင်းမရှိဘဲ ၎င်း၏အစ်မဖြစ်သူ နေထိုင်ရာ ရာမည (၁၀) လမ်းထိပ် သမဝါရမဆိုင် အနောက်ဘက်တွင် သိမ်းထားပြီး လိုသလောက်ထုတ်ယူကာ သုံးစွဲနေကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောသည်။

“သူနဲ့ သူ့တပည့်တွေက ညတိုင်း ရယကရုံးထဲမှာ အရက်ဝိုင်းလုပ်နေတာ။ ရပ်ကွက်ထဲက လူတွေကလည်း ဘာမှမပြောဘူးဆိုတာက သူက ထောင်ထွက်ဖြစ်ပြီး တပည့်တွေအကုန်လုံးကလည်း ထောင်ထွက်လူမိုက်တွေကို ခန့်ထားတာ။ ရုံးစောင့် အေးကြူဆိုရင် ခိုးမှုနဲ့ အကြိမ်ကြိမ် ထောင်ကျထားတာ။ အဲလိုလူတွေ ခန့်ထားတာ” ဟု ဆက်ပြောသည်။

ထို့အပြင် ရုံးတယ်လီဖုန်းပြင်ရန် အကြောင်းပြပြီး ရပ်ကွက်အတွင်း လုပ်ငန်းရှင်များထံမှ အလှူငွေ ၃,၀၀၀ နှင့် အခြေခံလူတန်းစားများထံမှ ၃၀၀ နှုန်း ကောက်ခံပြီး တယ်လီဖုန်းအသစ်တလုံးကို ၎င်းအိမ်တွင် တပ်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ရပ်ကွက်အတွင်း ရဲအရေးပိုင်အမှုများကိုလည်း ၎င်းသဘောဆန္ဒအလျောက် ဒဏ်ရိုက်အပြစ်ပေးခြင်းကို ပြုလုပ်နေသည့်အတွက် ဥပဒေဝန်ထမ်းများအနေဖြင့်လည်း လုပ်ငန်းအနှောင့်အယှက်များ ကြုံတွေ့နေရကြောင်း အမည်မဖော်လိုသည့် ဥပဒေဝန်ထမ်းတဦးက ပြောသည်။

“ဖဲဝိုင်းတွေဘာတွေကို သူ့ဟာသူ ဖမ်းဝရမ်းမပါဘဲ သူများအိမ်ပေါ်တွေ တက်ဖမ်းတယ်။ ပြီးတော့ ဒဏ်ငွေ ငါးသောင်းစီ တောင်းတယ်။ ဒဏ်ငွေမပေးနိုင်တော့မှ ရဲစခန်းကို အကြောင်းကြားတာဆိုတော့ ရဲတပ်ဖွဲ့အနေနဲ့လည်း အလုပ်လုပ်ရတာ ခက်တယ်။ အဲလိုမျိုး လုပ်တာကလည်း အကြိမ်ပေါင်းမနည်းတော့ဘူး” ဟု သူက ပြောသည်။

အဆိုပါ ရယကဥက္ကဋ္ဌ၏ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာနေမှုများကို သက်ဆိုင်ရာ အထက်အာဏာပိုင်များထံ စာရေးတိုင်ကြားသော်လည်း တစုံတရာ အရေးယူခြင်းမရှိသည့်အတွက် ရပ်ကွက်နေ ပြည်သူများ၊ ဥပဒေဝန်ထမ်းများအနေဖြင့် မကျေမနပ်ဖြစ်နေကြောင်း အဆိုပါဝန်ထမ်းက ဆက်လက်ပြောသည်။

ကိုမင်းကိုနိုင်၏ နောက်ကြည့်မှန်ဝတ္တု


“လိုရာခရီးကို မောင်းနှင်ရာတွင် ရှေ့ကိုသွားရန် နောက်ကို ကြည့်ကြရသည်သာ။ သူ့ချစ်ခင်သော ပြည်သူလူထုကြီးထံ သူကိုယ်တိုင် ပေးပို့လိုက်သော မွေးနေ့လက်ဆောင်မှာ နောက်ကြည့်မှန်တချပ်ဖြစ်ကြောင်း အံအားသင့်ဖွယ်ရာ တွေ့ကြရပေသည်”

၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ၄၇ နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ဝေသည့် မင်းကိုနိုင်ကိုယ်တိုင် ရေးသားခဲ့သည့် "နောက်ကြည့်မှန်" အမည်ရှိ လုံးချင်းဝတ္တုကို ဝယ်ယူဖတ်ရှုနိုင်ပါသည်။

ဆက်သွယ်မှာယူရန် -

P.O box. 93
Mae Sot
Tak, Province
63110, Thailand

Email - info@aappb.org
Office phone – 055 545 495
Fax – 055 545 495

Oct 27, 2009

ဦးဝင်းတင်အား အကျဉ်းကျနိုင်ငံရေးသမား မိသားစုဝင်များ ကန်တော့

ဉာဏ်မောင်

ဝါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင်အား အကျဉ်းကျနိုင်ငံရေးသမား မိသားစုဝင်များက ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို ဦးတင်ဝင်း(ဒဂုံဝင်း)နှင့် ဦးမင်းဆွေတို့က ဦးဆောင်၍ အကျဉ်းကျနိုင်ငံရေးသမား မိသားစုဝင်များ၊ ဦးဝင်းတင်အား လေးစားချစ်ခင်ကြသူ ၄၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သူတဦးက ပြောသည်။

အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ “ရည်ရွယ်ချက်က အကျဉ်းကျနိုင်ငံရေးသမား မိသားစုတွေ တယောက်နဲ့တယောက် မိတ်ဆက်တွေ့ဆုံကြမယ်။ နိုင်ငံရေးသမားတွေ စုစည်းပြီး တိုင်တိုင်ပင်ပင်နဲ့ တွေ့ခွင့်ရတဲ့ သဘောပါ” ဟု ပြောသည်။

အခမ်းအနားကို နံနက် (၈)နာရီခွဲတွင် စတင်၍ အဘဦးဝင်းတင်အား ကန်တော့ပြီးနောက် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို အဘဦးဝင်းတင်က အမှာစကားများပြောကြားကာ ကဗျာများ ရွတ်ဆိုခဲ့ကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သူက ဆက်လက်ပြောသည်။

“နိုင်ငံရေးသမားတွေအနေနဲ့ ထောင်ကို မကြောက်ဖို့၊ သစ္စာရှိရှိ ဇွဲရှိရှိနဲ့ ဒီမိုကရေစီမရမချင်း ဆက်လုပ်သွားဖို့ ဘဘဦးဝင်းတင်က အဓိကထား ပြောသွားတယ်။ ၂၀၁၀ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်တာကိုတော့ ပြောသွားတာမရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယင်းအခမ်းအနားကို အာဏာပိုင်များဘက်မှ တစုံတရာ နှောင့်ယှက်တားမြစ်ခြင်းမရှိသော်လည်း ဓါတ်ပုံရိုက်၊ မှတ်တမ်းယူ၍ စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ပြောသည်။

“ကျနော်အနေနဲ့ကတော့ နိုင်ငံရေးအကျဉ်းကျ မိသားစုဝင်တွေ အခုလိုလာရောက်ကြပြီး ဘဘဦးဝင်းတင်ကို နိုင်ငံရေး ဝါရင့်ပုဂ္ဂိုလ်တယောက်အနေနဲ့ လာရောက်ကန်တော့ရတဲ့အတွက် ဂုဏ်လည်း ဂုဏ်ယူတယ်၊ လေးလည်း လေးစားတယ်။ အဖွဲ့တွေလည်း စုံစုံလင်လင်နဲ့တွေ့ပြီး ရှေ့ဆက်နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ဆက်လုပ်သွားနိုင်ရေးအတွက် မျှော်လဲမျှော်လင့်တယ်။ ကျနော်အနေနဲ့ ဒီလိုအခမ်းအနားတွေ ဆက်ပြီး လုပ်သွားနိုင်ရင် နိုင်ငံရေးလမ်းကြောင်းပေါ်ကို ပြည်သူလူထုတွေပါ ပိုပြီး ပါဝင်လာနိုင်မယ်လို့ ထင်ပါတယ်” ဟု သွားရောက်ခဲ့သူတဦးက ပြောသည်။