ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Apr 10, 2009

လျှပ်စစ်အရာရှိလုပ်ရပ်ကြောင့် မြို့ခံများ မကျေမနပ်ဖြစ်နေရ

ရိုးမ ၃

မြို့နယ်လျှပ်စစ်ဌာနသို့ စစ်တပ်မှ အရာရှိ ရောက်ရှိလာပြီးကတည်းက မီတာအသစ်တပ်ဆင်ရန် အကြောင်းပြပြီး သတ်မှတ်ထားသည်ထက် ငွေကြေးပိုကောက်ခံနေသဖြင့် မြို့ခံပြည်သူများက မကျေမနပ်ဖြစ်နေကြသည်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်လျှပ်စစ်ဌာနသို့ ဗိုလ်ကြီးမြင့်သိန်းဆိုသူ ရောက်ရှိလာပြီး မီတာအသစ်တပ်ဆင်ရန် ကျပ်ငွေ ၇၀,၀၀၀ အထိ တောင်းယူနေလျှက်ရှိပြီး ပြီးခဲ့သည့်လမှစ၍ ယခင်တပ်ဆင်ထားသည့် မီတာများကို အားနည်းနေသည်ဟုဆိုကာ အသစ်လဲခိုင်းနေကြောင်း မြို့ခံတဦးက ပြောသည်။

“သူရောက်လာကတည်းက မီတာတွေ အသစ်တပ်ဆင်မယ်ဆိုရင် ၅၆,၀၀၀ ကနေ ၇၀,၀၀၀ အထိ တောင်းတယ်၊ အခု နောက်တခါ ပြီးခဲ့တဲ့လမှာလဲ မီတာတွေ လဲခိုင်းတယ်၊ ၁၉၇၈ နောက်ပိုင်းက မီတာတွေကို အားနည်းတယ်ဆိုပြီး လဲခိုင်းပါတယ်၊ အစိုးရသတ်မှတ်ထားတာက မီတာတလုံး ၁,၀၀၀ ကို ၆,၀၀၀ အထိ တောင်းတယ်၊ အဲလိုတွေဆို မြို့ခံတွေ စိတ်ညစ်နေရတာပေါ့” ဟု မြို့ခံတဦးက ပြောသည်။

ယင်းကဲ့သို့ ဗိုလ်ကြီးမြင့်သိန်းလုပ်ရပ်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တိုင်ကြားခဲ့သဖြင့် လာရောက်စစ်ဆေးမှုများ ပြုလုပ်ရာတွင် မြို့နယ်အာဏာပိုင်များက ကာယကံရှင် ပြည်သူများနှင့် ပေးတွေ့ခြင်းမရှိဘဲ ၎င်းတို့စည်းရုံးထားသည့် လူများကိုသာ ဖြေကြားခိုင်းခဲ့ကြောင်း မြို့ခံက ဆက်ပြောသည်။

“လူကြီးတွေ ဆင်းစစ်တဲ့အခါကျတော့ စစ်ဆေးခံရမဲ့သူတွေကို ခေါ်တဲ့အခါ တကယ်ခံရတဲ့သူတွေကို မစစ်ဘူး၊ သက်ဆိုင်ရာ လူကြီးကတော့မသိဘူး၊ ခေါ်ပေးတဲ့ မြို့နယ်အာဏာပိုင်တွေက သူတို့လူ သူတို့ ခေါ်ပေးတဲ့အခါကျတော့ စစ်ဆေးတဲ့နေရာမှာ အမှန်အကန်သတင်း မရဘူး၊ တကယ်တမ်းခံစားရတဲ့သူတွေက ပြောမယ်ဆိုတော့လဲ ပြောခွင့်မပေးဘူး” ဟု ပြောသည်။

ခရမ်းမြို့နယ်အတွင်း လျှပ်စစ်ဝန်ထမ်းများ အကျင့်ပျက်ခြားမှုများ ကျူးလွန်နေသည့်အပြင် မီးပုံမှန်မလာခြင်းနှင့် အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံခြင်းများ ဆက်လက်ဖြစ်ပွား နေလျှက်ရှိကြောင်း မြို့ခံက ဆက်လက်ပြောသည်။

Apr 8, 2009

လယ်သမားများ အကြွေးမဆပ်နိုင်သဖြင့် လယ်မြေနှင့် ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းခံရ

ဖြိုးကြီး

လယ်သမားများ အကြွေးမဆပ်နိုင်သဖြင့် ငွေတိုးချေးသူများက လယ်မြေနှင့် အိမ်များ သိမ်းဆည်းသွားသည်ကို သက်ဆိုင်ရာသို့ စာတင်တိုင်းတန်းထားသော်လည်း တစုံတရာ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ရွာသားများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကွန်ကလပ်ကျေးရွာမှ လယ်သမား ၆၂ ဦးထံမှ လယ်မြေများ၊ လူနေအိမ်၊ နွားများနှင့် လှည်းများကို ပြီးခဲ့သည့်လလယ်ခန့်မှစ၍ ဦသိန်းဇော်နှင့် အခြားငွေတိုးချေးသူများက ခြိမ်းခြောက်ကာ သိမ်းယူသွားခြင်းဖြစ်သည်ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

“ကျနော်တို့က သူတို့ဆီက ပိုက်ဆံကို ၇ ကျပ် - ၈ ကျပ်တိုးနဲ့ ချေးပြီးတော့ မြေဆီသြဇာအတွက် ယူသုံးရတယ်၊ စာချုပ်တွေပေါ်မှာ လက်မှတ်ထိုးယူကြတာပဲ၊ အရင်နှစ်တွေက ပြေလည်ပေမဲ့ ဒီနှစ်ကျတော့ မကျေတဲ့အခါကျတော့ စာချုပ်ကိုပြပြီး ပုဒ်မ (၄၀၆/၄၂၀) နဲ့ ရဲစခန်း၊ တရားရုံးတို့မှာ အမှုဖွင့်တဲ့အခါကျတော့ ကျနော်တို့လဲ ကြောက်လန့်ပြီးတော့ ရယကလူကြီးရှေ့မှာ ညှိပြီးတော့ ပေးလိုက်ရတာ” ဟု လယ်သမားတဦးက ပြောသည်။

ငွေတိုးချေးသူများ သိမ်းယူသွားသည့် ပစ္စည်းများမှာ လယ်ဧက ၂၁၁ ဧက၊ နွား ၂ ကောင်၊ လှည်း ၃ စီးနှင့် လယ်မြေမရှိသူများက ခြံမြေနှင့် အိမ် ၃ လုံးပါဝင်ကြောင် ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ သိမ်းဆည်းခံရခြင်းနှင့်ပတ်သက်၍ “ဒီနှစ်ကျတော့ နာဂစ်ဒဏ်ကြောင့်လဲ ပါတယ်၊ နောက် လယ်သမားတွေမှာက မြေဆီလဲ မရတော့တဲ့အခါကျတော့ စပါး၊ ပဲ မကောင်းဘူး၊ အထွက်နည်းတယ်၊ ဈေးကလဲမကောင်းတော့ အကြွေးမဆပ်နိုင်ဖြစ်ကြတာ၊ အခု ကျနော်တို့ အရမ်းကို ဒုက္ခရောက်နေတာပေါ့ဗျာ၊ လယ်သမားက လယ်မရှိတော့ စားရသောက်ရမဲ့ဘဝ ရောက်နေတာပေါ့” ဟု အဆိုပါလယ်သမားက ပြောသည်။

လယ်မြေအသိမ်းခံလိုက်ရသည့် လယ်သမားများအနေဖြင့် ရယကအဖွဲ့ဝင်များအကူအညီဖြင့် မြို့နယ်မြေစာရင်းဌာန၊ မြို့နယ်(မယက)နှင့် ခရိုင်အထိ စာရေးတင်ပြ တိုင်တန်းထားသော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ မြို့နယ် (မယက)၊ (ခရက)၊ မြေစာရင်းတို့ကို (ရယက)တွေနဲ့တိုင်ပင်ပြီး စာတင်ထားတာ တပတ်လောက်ရှိပြီ၊ အခုထိတော့ ဘာမှ ဖြေရှင်းမပေးသေးဘူး၊ ငွေတိုးချေးတဲ့သူတွေက မြို့ပေါ်ကလူတွေလဲ ပါတယ်၊ ကျနော်တို့ရွာထဲကတော့ ကိုသိန်းဇော်ဆိုတဲ့သူပါတယ်၊ ကျန်တဲ့တွေ နာမည်တွေတော့ ကျနော်မသိဘူး” ဟု ဆက်လက်ပြောသည်။

Apr 7, 2009

ကုမ္ပဏီပိုင်လယ်များ ရေရရှိရန် ဆည်ဖောက်ချသဖြင့် အနိမ့်ပိုင်းလယ်များနှင့် ကျေးရွာများ ရေနစ်မြုပ်နေ

ဗထူး

ဒဂုံမြို့သစ်မြို့နယ်အတွင်း ကုမ္ပဏီပိုင် လယ်မြေများရေရရှိရန် ဆည်ဖောက်ချလိုက်သဖြင့် အနိမ့်ပိုင်းရှိ ကျေးရွာနှင့် လယ်မြေများ ရေနစ်မြုပ်သွားသဖြင့် သွားရေးလာရေးခက်ခဲပြီး စပါးရိတ်သိမ်းဆဲ လယ်သမားများ ဒုက္ခရောက်နေကြသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ သုံးခွကျေးရွာနှင့် လေးထောင့်ကန်ကျေးရွာများဘက်တွင် ကုမ္ပဏီများက သိမ်းယူထားသည့် အမြင့်ပိုင်းလယ်မြေများကို ရေရောက်ရှိရေးအတွက် ငမိုးရိပ်ဆည်ကို ဖောက်ချလိုက်ခြင်းကြောင့် အနိမ့်ပိုင်း လယ်မြေနှင့် ကျေးရွာများ ပြီးခဲ့သည့် သုံးလေးရက်ခန့်က စတင်နစ်မြုပ်နေခြင်းဖြစ်ကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

“သုံးခွရွာရဲ့ အနောက်ဖက်ခြမ်း၊ ညောင်ပင်ရွာဘက်က အခြမ်းတွေ၊ အဲဒီဘက်က အခြမ်းတွေကို ရေမရောက်ရောက်အောင်တင်တော့ အနိမ့်ပိုင်းက ကျေးရွာတွေ ရေမြုပ်နေတာ သုံးခွကျေးရွာ၊ လေးကောင့်ကန်၊ အောင်ပြေသာဘက်တွေ အကုန်လုံး ရေတွေမြုပ်နေတာ၊ အခုသွားရေးလာရေးခက်ပြီး တချို့မသိမ်းရသေးတဲ့ လယ်သမားတွေ ဒုက္ခရောက်ကုန်တယ်” အဆိုပါ ရွာသားတဦးက ပြောသည်။

၎င်းကျေးရွာများးတွင် လယ်မြေများသိမ်းယူထားသည့် ကုမ္ပဏီများမှာ အထူးဇုန် (၁) အကွက်အမှတ် (၁) ဒဂုံဧရာနေရှင်နယ် လီမိတက်၊ အေးရှားဝေါလ်၊ ထူးထရေးဒင်း၊ ယုဇနတို့ဖြစ်ပြီး ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဘုရင့်နောက်လမ်း စံပြစိုက်ပျိုးရေး အထူးဇုန်(၁) ရွှေနဂါးမြင့်ကုမ္ပဏီ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ပဲခူးမြစ် စံပြစိုက်ပျိုးရေးအထူးဇုန် (၂) တို့ ဖြစ်သည်။

“လယ်တွေက ဧက ၂၀၀ ကျော်လောက်ရှိတယ်၊ တချို့ အိမ်တွေတောင် ရေမြုပ်တော့မယ်၊ ရေစတက်လာတာ တပတ်လောက်ရှိပြီ၊ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီး အဆမတန် ထပ်တက်လာပြီး မြုပ်ကုန်တာ၊ ရေတွေတတ်လာတော့ ပိုးကောင်မွှားကောင်တွေပါ ရောက်လာတော့ တော်တော်ဒုက္ခ ရောက်နေတယ်၊ အထက်အာဏာပိုင်တွေကို တင်ပြဖို့ကလဲ ကြောက်နေကြတယ်၊ ” ဟု ရွာသားက ဆက်ပြောသည်။

ဒဂုံမြို့နယ်အတွင်းရှိ လယ်များမှာ ရေနက်ကွင်းများဖြစ်သည့်အတွက် စပါးရိတ်သိမ်းချိန် နောက်ကျသည့်အတွက် လယ်သမားအများစုမှာ အကုန်အပြီးစီးအောင် သိမ်းဆည်းနိုင်ခြင်း မရှိသည့်အတွက် ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။

Apr 6, 2009

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်သူကို စစ်တပ်က ပေါ်တာခေါ်

ရိုးမ ၃

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် အကျဉ်းသားကို ပြန်မလွှတ်ပေးဘဲ သထုံဝန်ဆောင်(ကန့်)သို့ ပို့ဆောင်စဉ် စစ်တပ်က ပေါ်တာခေါ်ယူသွားသဖြင့် မိသားစုများက အလွန်စိုးရိမ်နေလျှက်ရှိသည်။

စက်တင်ဘာသံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှ ကိုဝင်းမောင်အား ကျောက်ဖြူထောင်တွင် အကျဉ်းကျနေရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်သည့်စာရင်းတွင် ပါသော်လည်း ပြန်လည် ရောက်ရှိလာခြင်းမရှိသည့်အတွက် ကျောက်ဖြူထောင်သို့ စုံစမ်းရာ ပေါ်တာပါသွားသည်ဟု ပြောဆိုလိုက်ကြောင်း ဇနီးဖြစ်သူ မရီရီဖြိုးက ပြောသည်။

“ကျောက်ဖြူအကျဉ်းထောင်ထဲက ကျမတို့ရပ်ကွက်ထဲက လူတယောက် ရောက်လာတယ်၊ သူက ကျမကိုတွေ့တော့ နင့်ယောင်္ကျားလွတ်ပြီလို့ ပြောတယ်၊ ကျမ မယုံလို့ ကျောက်ဖြူထောင်ကို သွားမေးတော့ လွတ်ပြီလို့ပြောတယ်၊ အဲဒါနဲ့ စောင့်တာ တလနဲ့ ရှစ်ရက်ကြာတယ်၊ မရောက်တဲ့အခါကျတော့ ကျောက်ဖြူထောင်ဝန်ထမ်းက ဝင်းမောင်က နိုင်ငံတော်က လွှတ်လိုက်တာ မရောက်ဘူးဆိုတော့ သထုံကို ပို့လိုက်တယ်လို့ ပြောပါတယ်၊ သထုံထောင်ကို ဖုန်းလှမ်းဆက်တော့ ရှေ့တန်းကို ပေါ်တာပါသွားတယ်လို့ ပြောတယ်” ဟု ပြောသည်။

ကိုဝင်းမောင်ကို အာဏာပိုင်များက ကျောက်ဖြူထောင်သို့ ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ပို့ဆောင်လိုက်ပြီး မိသားစုအနေဖြင့် နောက်ဆုံးထောင်ဝင်စာကို ၂၀၀၈ ခု (၈) လပိုင်းတွင် တွေ့ခွင့်ရခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း ကိုဝင်းမောင်အကြောင်းကို သိရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ကျောက်ဖြူထောင်က ဝန်ထမ်းတယောက်က ဖုန်းဆက်ပေးတော့ အမယောင်္ကျားကို သထုံကိုမရောက်ဘဲနဲ့ ရှေ့တန်းကို ပါသွားတယ်လို့ ပြောတယ်၊ ဒီလ (၂) ရက်နေ့က ဖုန်းဆက်လိုက်တာ၊ ကျောက်ဖြူထောင်ကတော့ သူတို့ သတင်းပို့ပေးမယ်လို့တော့ ပြောတယ်၊ ဒီမနက် သထုံထောင်ကို ကျမ ဖုန်းလှမ်းဆက်တဲ့အခါကျတော့ ထောင်ပိုင်ကြီးမရှိဘူး ရန်ကုန်ဆင်းသွားတယ်လို့ ပြောတယ်၊ အရေးကြီးလို့သိချင်ရင် သထုံကိုလာစုံစမ်းလို့ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကိုဝင်းမောင်သည် စက်တင်ဘာသံဃာ့လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် မာန်အောင်မြို့နယ်အာဏာပိုင်များက ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာ (၂၇) ရက်နေ့က ဖမ်းဆီးခဲ့ပြီး ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ကာ (၅.၁၂.၂၀၀၇) ရက်နေ့တွင် ထောင်ဒဏ်နှစ်နှစ်ခွဲ ချမှတ်လိုက်ပြီးနောက် ကျောက်ဖြူထောင်သို့ ပို့ဆောင်ခံရခြင်းဖြစ်သည်။

ကိုဝင်းမောင်နှင့်ပတ်သက်၍ “အာဏာပိုင်တွေက သူတို့လုပ်ပိုင်ခွင့်ရှိလို့ သူ့ကို ဆက်ချုပ်ထားတယ်ဆိုရင်တော့ ကျမ ဘာမှမပြောလိုပါဘူး၊ ကျမယောင်္ကျား လွတ်တယ်ဆိုရင် အမြန်ဆုံး အိမ်ပြန်ရောက်အောင် ဆောင်ရွက်ပေးသင့်တယ်လို့ ကျမ တောင်းဆိုချင်ပါတယ်” ဟု ဇနီးဖြစ်သူက ဆက်လက်ပြောဆိုသည်။

ပလောင်လူငယ်များကို အဓမ္မ စစ်သင်တန်းတက်ခိုင်းပြီး ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေ

ဉာဏ်မောင်

ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ဒေသ ကျေးရွာများတွင် လူငယ်များကို စစ်သင်တန်းများ အတင်းအဓမ္မ တက်ခိုင်းခြင်း၊ ဒေသခံပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေသည့်အတွက် ရွာသူရွာသားများ အခက်အခဲကြုံတွေ့နေရသည်။

နမ့်ခမ်းမြို့နယ်အတွင်း ခလရ (၁၃၂) အခြေစိုက်ရာ ကျေးရွာများဖြစ်သည့် ဖာလင်း၊ ဆာလု၊ မန်အောင်ကျေးရွာများမှ တရွာလျှင် လူငယ် ၂၀ ဦးကို စစ်တပ်နှင့် ကျေးရွာအာဏာပိုင်များက ခေါ်ယူကာ ကျေးရွာလုံခြုံရေးအတွက် ကြောင်းပြ၍ စစ်သင်တန်းများ တက်ခိုင်းနေပြီး ရွာသားများထံမှ တအိမ်ထောင်လျှင် ငွေ ၂,၀၀၀ ကျပ် ကောက်ခံနေခြင်းတို့ကြောင့် ဖြစ်သည်။

“သူတို့တွေက အဲဒီလိုသင်တန်းတွေ အတင်းတက်ခိုင်းတာဟာ ၂၀၁၀ မှာလုပ်မဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ ဖြစ်နိုင်တယ်လို့ ကျနော်တို့သုံးသပ်တယ်၊ အခုလို သူတို့က လူငယ်တွေကိုခေါ်ပြီး သင်တန်းအတင်းတတ်ခိုင်းနေတာ တစုံတရာ ထောက်ပံ့တာလဲမရှိဘူး၊ အချိန်ကုန် လူပင်ပန်း အလုပ်လုပ်ဖို့ အချိန်မရဘူး၊ ကျနော်တို့က အဲလိုတွေ မလုပ်သင့်ဘူးလို့ မြင်တယ်” ဟု (TSYO) တအောင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ မိုင်းအိုက်ဒျဲတ်က ပြောသည်။

အဆိုပါ ပြည်သူ့စစ်သင်တန်းကို ပြီးခဲ့သည့် မတ်လအတွင်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသားအယောက် ၆၀ ကို ယခင်ပြည်သူ့စစ် အဖွဲ့ဝင်ဟောင်းများက ပြန်လည် သင်ကြားပေးနေခြင်းဖြစ်သည်။

သင်တန်းတက်ချိန်တွင် အစားအသောက် ကောင်းကောင်းမွန်မွန် ကျွေးမွေးခြင်းမရှိသည့်အပြင် သင်တန်းဆရာများက ထိုးကြိတ်ကန်ကျောက်မှုများ ပြုလုပ်နေသည့်အတွက် လူငယ်များ အလွန်ဒုက္ခရောက်နေရသည်ဟု ဆိုသည်။

“အရင်ကတည်းက ကျနော်တို့ ပလောင်ဒေသတွေမှာ အဲဒီလို ပြည်သူ့စစ်သင်တန်းတွေ တက်ခိုင်းတာရှိတယ်၊ ဒါပေမဲ့ ဒီတခါလုပ်တာက လူဦးရေလဲ ပိုများတယ်၊ နောက်ထပ်လဲ ထပ်လုပ်မဲ့သဘောရှိတယ်၊ အဲဒီရွာတွေက ရွာကြီးတွေ တရွာကို အိမ်ခြေ ၅၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ခမ်းနှင့် မန်တုံမြို့နယ်များတွင်လည်း ကျေးရွာများမှ ပလောင်လူငယ်များကို ပြည်သူ့စစ်သင်တန်းများ အတင်းတက်ခိုင်းခြင်းများ ပြုလုပ်ခဲ့သည်။