ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Feb 14, 2009

ကရင့်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း တနှစ်ပြည့်အခမ်းအနားကျင်းပ

ရိုးမ ၃။ ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉
ကရင့်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်းတနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ထိုင်း-မြန်မာနယ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဒီမိုကရေစီ မဟာမိတ်အဖွဲ့အစည်းခေါင်းဆောင်များ၊ တိုင်းရင်းသား လူငယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပဒိုမန်းရှာအား ရည်စူး၍ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းနောက် တက်ရောက်လာသည့် အဖွဲ့အစည်းခေါင်းဆောင်များက အမှတ်တရစကား ပြောဆိုခဲ့ကြသည်။

“ပဒိုမန်းရှာဟာ တမျိုးသားလုံးတော်လှန်ရေး ဖက်ဒရယ်တည်ထောင်ရေးအပေါ်မှာ တစိုက်မတ်မတ် ကြိုးစားခဲ့တဲ့ ခေါင်းဆောင်ဖြစ်တယ်၊ နိုင်ငံရေး ဆွေးနွေးတဲ့အခါမှာလဲ တဖက်လူလက်ခံလာအောင် အချက်အလက်စုံလင်စွာနဲ့ ရှင်းပြနိုင်တဲ့ စွမ်းရည်ရှိတယ်၊ အဲဒါကြောင့်လဲ သူ့ကို လူတိုင်းက လေးစားကြတာဖြစ်တယ်” ဟု ကရင်အမျိုးသားအစည်းအရုံးမှ မန်းငြိမ်းမောင်က ပြောသည်။

ကရင်တော်လှန်ရေးအပေါ် ဆက်လက်တာဝန်ယူမည့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ပဒိုမန်းရှားလားဖန်းကို အတုယူကာ ဆက်လက်တိုက်ပွဲဝင်သွားရန်နှင့် ဇူလိုင် (၁၉) သည် အာဇာနည်နေ့ဖြစ်သလို ဖေဖော်ဝါရီလ (၁၄) ရက်နေ့သည်လည်း အမျိုးသားလွတ်မြောက်ရေး၊ ဘဝလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း လုပ်ကြံခြင်းခံလိုက်ရတဲ့ ကရင့်အာဇာနည်နေ့ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ပဒိုမန်းရှာလုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ “လုပ်ကြံခံရတာက သေနတ်သမားတွေက (DKBA) ကပါ၊ ဒါပေမဲ့ စစ်အာဏာရှင် နအဖရဲ့ အစီအစဉ်ဆိုတာ သိရတယ်၊ မန်းရှာက ရန်ငါ ပြတ်ပြတ်သားသား မြင်တယ်၊ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုအကြား ခိုင်မာတဲ့ ပေါင်းကူးတံတားကြီး ဖြစ်တယ်၊ အဲဒါကြောင့် သူတို့က ငွေကြေးနဲ့ တခြားလိုအပ်တာတွေကို အနောက်က ထောက်ပံ့ပြီး လုပ်ကြံခြင်းဖြစ်ပါတယ်” ဟု (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက ဆာသူးလေ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် ပဒိုမန်းရှာအောက်မေ့ဖွယ် အခမ်းအနားတွင် ပြောသည်။

မတရားသည့်ဝါဒများတိုက်ဖျက်ပြီး အမျိုးသားရေးအနေဖြင့် ကရင်အမျိုးသားများ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့လိုအပ်ပြီး အခြားသော တိုင်းရင်းသားအားလုံး တော်လှန်ရေးကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားရန်တိုက်တွန်းလိုကြောင်း ၎င်းက ဆက်ပြောသည်။

“ကျမပြောချင်တာက ကရင်အမျိုးသားအစည်းအရုံးရော၊ ကရင်အဖွဲ့အစည်းတွေအားလုံးက သူရဲ့ ယုံကြည်ချက်တွေကို လိုက်နာပြီး တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်သွားဖို့ ပြောချင်ပါတယ်၊ သူရဲ့ကြိုးစားမှု၊ နိုင်ငံရေးအရ လုပ်ဆောင်မှုတွေဟာ ဒီမိုကရေစီရရှိရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေး တော်လှန်ရေး ပြီးဆုံးအောင် သွားနိုင်ဖို့ မြင်ပါတယ်” ဟု (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

ကရင့်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းသည် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရန်သူ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ပဒိုမန်းရှာလားဖန်းကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တောကျောင်းရွာတွင် ၁၉၄၃ တွင် မွေးဖွားခဲ့ပြီး ၁၉၆၄ တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၆၄ တွင် ကရင့်အမျိုးသားအစည်းအရုံးသို့ ရောက်ရှိခဲ့ပြီး အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီရေးအတွက် သေဆုံးချိန်အထိ တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

Feb 10, 2009

မုံရွာနှင့် ပခုက္ကူတွင် ဖောက်ခွဲရေးပစ္စည်း သယ်ဆောင်လာသူများကို ဖမ်းမိ

ဖြိုးကြီး။ ဖေဖော်ဝါရီ ၁၀၊ ၂၀၀၉

ယခုလ (၈) ရက်နေ့က မုံရွာမြို့နှင့် ပခုက္ကူမြို့တွင် ဖောက်ခွဲရေးပစ္စည်များ သယ်ဆောင်လာသူများကို နယ်မြေခံ အာဏာပိုင်အဖွဲ့အစည်းများက ဖမ်းဆီးခဲ့သည်။

မုံရွာမြို့ အဝေးပြေးကားဂိတ်အတွင်း အမည်မသိလူတဦး သယ်ဆောင်လာသည့် သေတ္တာကို တန်ဆာဆောင်ရန် ကားသမားကဖွင့်ကြည့်စဉ် ပစ္စည်းပိုင်ရှင်မှာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ပြီး ၎င်း၏ အစစ်ခံချက်အရ ပခုက္ကူမြို့ ရာပြည့်ကားဂိတ်တွင် အလားတူ ဖောက်ခွဲရေးပစ္စည်းများ ဆက်လက် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

“မုံရွာမြို့က ကားဂိတ်မှာမိတော့ အဲဒီလူက အကုန်ဖော်လိုက်တာ၊ အဲဒါတွေကို ကချင်ပြည်နယ်ဘက်က သယ်လာတာလို့ ပြောတယ်၊ အဲဒါနဲ့ ပခုက္ကူရဲစခန်းက မုံရွာနဲ့ ပခုက္ကူကားဂိတ် အောင်ချမ်းသာဘုရားနားက ရာပြည့်ဂိတ်မှာ စောင့်ဖမ်းတာ” ဟု ပခုက္ကူမြို့ခံတဦးက ပြောသည်။

ပခုက္ကူမြို့တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးခံရသူများမှာ အသက် (၁၅) နှစ်အရွယ် ချင်းတိုင်းရင်းသားလူငယ်များဖြစ်ပြီး ၎င်းတို့ သယ်ဆောင်လာသည့် ကြွပ်ကြွပ်အိပ်ထဲတွင် ယမ်းများနှင့် စနက်တံများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံက ဆက်ပြောသည်။

“အဲဒီအိတ်သယ်လာတဲ့ ကောင်လေးနှစ်ယောက်က ဗမာစကားလဲ သိပ်မပြောတတ်ဘူး၊ သူတို့က မင်းတပ်ဘက်ကလို့ ပြောတယ်၊ အဲဒီပစ္စည်းတွေရဲ့ပိုင်ရှင် ဘယ်သူဆိုတာကိုတော့ မသိရသေးဘူး၊ ပစ္စည်းတွေက (ကပစ)က ထုတ်တဲ့ဟာတွေလို့တော့ ပြောနေကြတယ်” ဟု ပခုက္ကူမြို့ခံက ပြောသည်။

၎င်းကဲ့သို့ ဖမ်းဆီးရမိခြင်းကို ပခုက္ကူမြို့မရဲစခန်းမှ မှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့သော်လည်း အခြေအနေအသေးစိတ်ကို ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

ပခုက္ကူမြို့ပေါ်တွင် ယခုကဲ့သို့ တကြိမ်တခါမှ မဖြစ်ခဲ့ဖူးသည့်အတွက် မြို့ခံများအနေဖြင့် ၎င်းဖမ်းဆီးရမှုသည် မြို့နေလူထုကို ထိန်းချုပ်ရန် လှည့်ကွတ်တခုဖြစ်နိုင်ကြောင်း ပြောဆိုနေကြပြီး ယခင်ကထက် လုံခြုံရေးများတင်းကြပ်လာကြောင်း ဒေသခံက ပြောသည်။

ထိုကဲ့သို့ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိပြီးနောက် ယမန်နေ့ ညပိုင်းတွင် မကွေးတိုင်း၊ တိုင်းမှူး ဘုန်းမော်ရွှေကိုယ်တိုင် ပခုက္ကူမြို့ပေါ်သို့ ရောက်ရှိလာပြီး ကင်းလှည့်ကားများဖြင့် မြို့ထဲတွင် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု မြိုခံက ဆက်လက်ပြောဆိုခဲ့သည်။

Feb 9, 2009

(ဗကသ)ခေါင်းဆောင် ကိုကျော်ကိုကိုအား ထောင်ဒဏ်ချမှတ်

ရိုးမ ၃။ ဖေဖော်ဝါရီ ၉၊ ၂၀၀၉
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကိုနှင့်အတူ ကိုဉာဏ်လင်းအောင်တို့အား ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်သည်။

ယနေ့ နေ့လည် (၁) နာရီခန့်က မင်္ဂလာတောင်ညွန့်တရားရုံးတွင် ၎င်းတို့နှစ်ဦးအား ဗွီဒီယိုအက်ဥပဒေ ၃၂(ခ) ဖြင့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ကိုကျော်ကိုကို၏ ဖခင်ဖြစ်သူက ပြောသည်။

“သူနဲ့ တွေ့ခွင့်ရပါတယ်၊ သူပြောတာက သူတို့ကို ဥပဒေနဲ့ အမိန့်ချတာမဟုတ်ဘဲ နိုင်ငံရေးနဲ့ ချတာပါ၊ ပြောစရာမလိုတော့ပါဘူး ဆိုပြီး ပြောတယ်၊ အဖမ်းခံရတုန်းက သူ့မှာ ဖုန်းတလုံးတည်းပါတာ၊ သူက ကိုဉာဏ်လင်းအောင်ရဲ့ အမှုတွဲပါ” ဟု ပြောသည်။

ကိုကျော်ကိုကိုအား ၂၀၀၈ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ကိုဉာဏ်လင်းအောင်နေအိမ်၌ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ကိုဉာဏ်လင်းအောင် အလုပ်ထဲမှ ဆင်ဆာမဲ့ ဗွီဒီယိုအခွေများကို သက်သေခံအဖြစ် ယူသွားကာ ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

“ဗွီဒီယိုဆင်ဆာမဲ့တွေ တွေ့တယ်ဆိုပြီး သူတို့နှစ်ယောက်ကို စွဲတာ၊ ကျော်ကိုကိုက အဲဒီအခွေက သူနဲ့မဆိုင်ပါဘူးဆိုပြီး ထွက်ဆိုပါတယ်၊(စရဖ)က သက်သေခံပစ္စည်း (၉)မျိုး တင်တဲ့အခါမှာလဲ ကိုဉာဏ်လင်းအောင်ပစ္စည်းတွေလို့ ရေးထားပါတယ်၊ တကယ်ဆို သူ့အမှုက လွတ်နိုင်ပါတယ်” ဟု ကိုကျော်ကိုကို၏ဖခင်က ဆက်ပြောသည်။

ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်တို့အား ဖမ်းဆီးပြီးနောက် (၃) လပိုင်း (၂၀) ရက်နေ့တွင် ပထမဆုံးအကြိမ်၊ မရမ်းကုန်းမြို့နယ်တွင် ရုံးထုတ်၍ အခြားရုံးပြောင်းမည်ဟုဆိုကာ အချိန်ဆွဲထားခဲ့ပြီး ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၁) ရက်နေ့မှ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးသို့ ပြောင်း၍ (၂၈) ရက်နေ့မှစတင်ကာ စစ်ဆေးခြင်းပြုလုပ်ခဲ့သည်ဟု ပြောသည်။

ကိုကျော်ကိုကို၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ “အင်းစိန်ထောင်ဆေးရုံမှာ ပြီးခဲ့တဲ့လ (၃) ရက်နေ့ကတည်းက တက်နေတယ်၊ မျက်လုံးတွေ ဝါနေတယ်၊ အသဲရောင်အသားဝါ မပျောက်သေးပါဘူး၊ သူ့ကို ဆရာဝန်က ဆေးပြန်စစ်ပေးဖို့ရှိတယ်လို့ ပြောတယ်၊ အခုတော့ သူတို့ကို အင်းစိန်ထောင်မှာပဲ ထားတယ်” ဟု ပြောသည်။

ကိုကျော်ကိုကိုသည် စီးပွားရေးတက္ကသိုလ်တွင် မဟာဝါဏိစဗေဒဘာသာရပ်ဖြင့် မဟာတန်းတက်နေသည့် ကျောင်းသားတဦးဖြစ်ပြီး ကိုဉာဏ်လင်းအောင်မှာ စီးပွားရေးတက္ကသိုလ် ကျောင်းသားတဦးဖြစ်သည်။

၎င်းတို့အား ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းအပေါ် ဖခင်ဖြစ်သူက “ဖခင်တယောက်အနေနဲ့ကတော့ နအဖက ကြေညာသလို ဥပဒေအရ အတိအကျ လုပ်သွားမယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ကျနော့်သားပြောသလို နိုင်ငံရေးအရ ချလိုက်တော့လဲ ဘာမှမဖြစ်ပါဘူး၊ ပြောလဲမပြောချင်ပါဘူး” ဟု ဆက်လက်ပြောဆိုခဲ့သည်။

လက်တွေ့ဦးရွှေအုံး၏ လက်တွေ့နိုင်ငံရေး

မတတ်နိုင်တော့ပါ၊
ယင်းကဲ့သို့ပင် ခေါင်းစဉ်တတ်လိုက်ရပါတော့သည်။
ကျနော်တို့ မြန်မာပြည်နိုင်ငံရေးလောကထဲမှ အလွန်လက်တွေ့ကျသောတုန့်ပြန်မှု တစ်ခုအဖြစ် မှတ်ယူ ရပါတော့မည်။
အင်မတန်ပြတ်သားလှပါသည်၊
“ငရဲပြည်မှာရောက်နေရင် ငရဲပြည်လိုပဲ ကျင့်ကြံရမှာပဲ” ဆိုပါသည်။
“ဒယ်အိုးထဲတွင်ပူ၍ မီးပုံထဲသို့ခုန်ချခြင်း” အဖြစ်မျိုးသာမဖြစ်ပါစေနဲ့လို့ ဦးရွှေအုံးအတွက် ဆုတောင်းပေး ရပါတော့မည်။
“မနိုင်ရင် သူ့အောက်လျှိုဝင်လိုက်” ဆိုသူများနှင့် “နိုင်ငံရေးဆိုတာ (Static) မဟုတ် (Dynamic) ” ဟု ပြောဆို နေသူများအတွက်လည်း မှီငြမ်းကိုးကားစရာတစ်ခုဖြစ်နေလေမလား မပြောတတ်ပါ။
လက်တွေ့ကျသော ဦးရွှေအုံး၏ လက်တွေ့များကို လက်လှမ်းမီသ၍ ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။
“အဲဒါကိုကျနော်အစကတည်းကပြောတယ်၊ မကြိုက်ဘူး၊မထောက်ခံဘူး၊ ဒါပေမယ့်မလွှဲသာမရှောင်သာ လက်ခံတယ်၊ ထောက်ခံတာနဲ့ လက်ခံတာ တခြားစီပဲလေ၊ နောက်ဆုံးရွေးကောက်ပွဲ၊ ဆန္ဒခံယူပွဲ ကျနော်တို့ မထောက်ခံဘူးလို့ ကျနော်တို့အော်နေတာပဲ၊ ဒါပေမယ့်ပြီးသွားပြီ၊ ပြီးသွားပုံပြီးသွားနည်းကို ကြိုက်လည်း မကြိုက် ဘူး၊ ဒါပေမယ့်အဲဒါကိုဖျက်ဖို့ ကျနော်တို့အင်အားမရှိဘူး”
“နိုင်ငံရေးမှာ ဖြစ်ပြီးတဲ့ ကိစ္စတစ်ခုကို ကျနော်တို့ကြိုက်တာ မကြိုက်တာဘာမှမဆိုင်ဘူး၊ မကြိုက်ရင် လည်း ဖျက်လို့မရရင် ကျနော်တို့ ဒီအတိုင်းပဲ လက်ခံရမှာပေါ့၊ ဒါနိုင်ငံရေးမှာတော့ လက်တွေ့နိုင်ငံရေးခေါ်တာပေါ့၊ ကိုယ်ဖြစ်ချင်တာ၊ ကောင်းတာ၊ သိပ်ပြီးတော့အကျိုးရှိတာ အဲဒါတွေစိတ်ကူးယဉ်နေလို့ မရဘူးလေ၊ အခုလက်ရှိ ဘာဖြစ်နေသလဲ၊ ဖြစ်နေတဲ့ဟာကို ဖြစ်နေတဲ့အခြေအနေအပေါ်မှာမူတည်ပြီးလုပ်တာ အဲဒါမှလက်တွေ့နိုင်ငံရေး ”
“အဲဒီလိုမှမဟုတ်ဘဲ ကိုယ့်ရည်မှန်းချက်ကြီးက နိဗ္ဗာန်သွားဖို့ဆိုပြီးပြောနေပြီးတော့ လောလောဆယ် ရောက်နေတာက ငရဲပြည်မှာရောက်နေတာ၊ ငရဲပြည်မှာရောက်နေရင် ငရဲပြည်လိုပဲကျင့်ကြံရမှာပဲ၊ နိဗ္ဗာန် ရောက် အောင်တော့ သွားတော့သွားမှာပေါ့၊ နိဗ္ဗာန်မရောက်သေးဘဲနဲ့ငရဲပြည်မှာ နိဗ္ဗာန်လိုကျင့်နေမယ်ရင် တလွဲစီဖြစ် နေမှာပေါ့ ၊ ဒါ လက်တွေ့နိုင်ငံရေးမှ မဟုတ်တော့တာ” (၂၀၀၉ ဇန်နဝါရီ ၃၁၊ (ဒီဗွီဘီ) သတင်းဌာနသို့ပြောကြားချက်မှ) (ပြည်ထောင်စုဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဇန်နဝါရီလ ၂၆ ရက်နေ့ စွဲဖြင့် (နအဖ)ဥက္ကဌ၊ ပြည်ထဲရေး နဲ့ ၁၉၉၀ ရွေးကောက်ပွဲလက်ကျန် ရွေးကောက်ပွဲကော်မရှင်တွေထံ တရားဝင်စာရေး အကြောင်းကြားထားပြီးဖြစ်ကြောင်း)

“မေလ (၁၀) ရက်နေ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် ကျွန်ုပ်တို့အတွက် နောက်ဆုံး ထွက်ပေါက် ဖြစ်သည်။ ထိုထွက်ပေါက်မှ နောက်ဆုံး မထွက်နိုင်ကြလျှင် ကျွန်ုပ်တို့ကံကြမ္မာသည် ပြန်လမ်းရှိတော့မည်မဟုတ်၊ ထို့ကြောင့် ဆန္ဒမဲပေးခြင်းကို မိမိနှင့်မဆိုင်သလို လျစ်လျူမရှုပါနှင့်။ သေရေးရှင်ရေးတမျှ အရေးကြီးသည်ကို သဘောပေါက်ကြပါ။ မဲရုံကိုသပိတ်မှောက်ကြခြင်းသည်ထိရောက်မှုမရှိနိုင်။ ထွက်ပေါက်အတွက်ရရှိ ထားပါလျက် သော့ကိုမသုံးတတ်သူဖြစ်သွားပါလိမ့်မည်။ မဲရုံသို့သွားကြပါ။ ကန့်ကွက်မဲဆက်ဆက်ပေးခြင်းဖြင့်မိမိတို့၏ အသက် ကို မိမိကိုယ်တိုင်ကယ်ကြပါ” (ဦးရွှေအုံး၊ ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး၏ ၂၀၀၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ပန်ကြားချက်မှ )

“ယခင်ချမှတ်ပြီးသော အခြေခံမူ (၁၀၄) ချက်သည် ပန္နက်ရိုက်ခြင်း၊ အိမ်မကြီးကိုဆောက်ခြင်း၊ အခန်း ဖွဲ့ခြင်းစသော အဓိကပင်မလုပ်ငန်းဖြစ်ပါသည်၊ ယခုဆက်လက်ကျင်းပနေသည်မှာ ပြူတင်းတံခါး တပ်ဆင်ခြင်း၊ ရေသွယ်ခြင်း၊ မီးဆင်ခြင်းစသော သာမန်လုပ်ငန်းမျှသာဖြစ်ပါသည်၊ ဤပုံစံအတိုင်းဆက် သွားခဲ့လျှင် (ဆက်သွား ရန်လည်းအလားအလာရှိရာ) ကျွန်တော်တို့နိုင်ငံသားများသည် နှစ် (၄၀) ကျော် ယာယီစစ်အစိုးရလက်အောက်မှ လွတ်မြောက်ပြီး၊ နောက်ထပ်နှစ်ပေါင်း (၄၀၀) မျှ အမြဲတန်းစစ်အစိုးရ လက်အောက်တွင် ခံကြရဦးမည်ဟု သာမြင်မိပါသည်၊ အင်္ဂလိပ်ဥပမာလို ဒယ်အိုးထဲတွင်ပူ၍ မီးပုံထဲသို့ခုန်ချခြင်း ဟုခံစားမိပါသည်။ ကျွန်တော်တို့ ဗမာတွေ စာမရီမျိုး မှ စာကလေးမျိုး ရောက်မှန်းမသိ ရောက်နေပါပြီ၊ ဒို့ဗမာသီချင်းထဲကလို ဒို့ခေတ်တွင်မှ ညံ့ကြ တော့မှာလား ဟုညည်းညူရပါတော့မည်” (ဦးရွှေအုံး၏ ၂၀၀၆ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်၊ “အမျိုးသားညီလာခံနှင့် ငြိမ်းချမ်းရေးအဖွဲ့များ ဆက်သွယ်မှုသမိုင်းအကျဉ်း” ဟူသော ရေးသားချက်မှ)

ဦးရွှေအုံး၏လက်တွေ့များကို ၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ က ထုတ်ပြန်ခဲ့သော “ မြန်မာ့ အရေးနှင့်စပ်လျဉ်း၍ ဝါရင့်နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များ၏ရပ်တည်ချက်သဘောထား” ကြေညာချက်မှအောက်ပါ အချက်ဖြင့် နိဂုံးချုပ်ပေးလိုက်ပါသည်။

“မိမိတို့ကိုယ်တိုင်(နဝတ-နအဖ) လွတ်လပ်၍တရားမျှတစွာ ကျင်းပပေးခဲ့သော ရွေးကောက်ပွဲရလဒ် (၁၉၉၀) အကောင်အထည်ဖေါ်မပေးဘဲ၊ နောက်ထပ်ရွေးကောက်ပွဲ(၂၀၁၀) တစ်ရပ် ကျင်းပခြင်းသည် ဒီမိုကရေစီ အစဉ်အလာကောင်းတစ်ရပ် မဖြစ်နိုင်သဖြင့် ရပ်ဆိုင်းပေးရန်”

×××××××
တူမောင်ညို
(၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်)

နိုင်ငံရေးမျိုးဆက်သစ်တွေက နွားကို သနားသတဲ့

ဒီတပတ်ထဲမှာ မမခင်အဖို့အလုပ်တော်တော် များပါတယ်။ ပုံမှန်လုပ်နေကျ အလုပ်တွေအပြင် နိုင်ငံရေးဆွေးနွေးဖော် ဆွေးနွေးဖက်၊ ပြည်ပသတင်းဌာနတွေက သတင်းတွေအကြောင်း ပြောဖော်ပြောဖက် မိတ်ဆွေတယောက်ရဲ့နာရေး ဖြစ်လို့လေ။ လူမှုရေးကိစ္စဆိုရင် မနေတတ်တဲ့ မမခင်အဖို့ အသုဘကိစ္စအတွက် သတင်းစာတိုက်ပြေးရ၊ ရေခဲတိုက်ပြေးရ၊ ပန်းခွေပန်းခြင်းတွေအတွက် ပြေးရနဲ့။ သွားသမျှခရီးကိုလဲ တက္ကစီစီးပြီး သွားရတာလေ။ ဒီတော့ တက္ကစီဆရာနဲ့ စကားဖလှယ်ဖြစ်တယ်ပေါ့။ မြန်မာပြည်မှာ တက္ကစီဆရာကို အထင်မသေးပါနဲ့။ စစ်အစိုးရရဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ် စီမံခန့်ခွဲပုံက ကောင်းလွန်းလို့ တက္ကသိုလ်က ဘွဲ့တဘွဲ့၊ နှစ်ဘွဲ့၊ သုံးဘွဲ့ရတွေ၊ အရာရှိလူထွက်တွေ၊ တချို့များ ဒုညွှန်မှူး၊ ညွှန်မှူးလူထွက်တွေတက္ကစီမောင်းပြီး အသက်မွေး ဝမ်းကြောင်းနေကြရတာသိကြတယ်မဟုတ်လား။ နိုင်ငံခြား သင်္ဘောသားတွေလဲ သင်္ဘောမတက်ခင် နေ့တွက်ကိုက်အောင်တက္ကစီကို တကြောင်းနှစ်ကြောင်း ဝင်မောင်းပြီး စီးပွားရှာကြရတာလေ။ အဲ- အဲ ပြောချင်တဲ့ အကြောင်းအရာက တက္ကစီဒရိုင် ဘာတွေရဲ့ ဘဝအခြေအနေအကြောင်း မဟုတ်ဘူးရှင့်။ မမခင် တကယ်ပြောချင်တာက တက္ကစီထဲကို ထည့်မောင်းရတဲ့ လောင်စာဆီ အကြောင်းပါ။

တက္ကစီ ဒရိုင်ဘာက ပြောပါတယ်။ အခု သူတို့ ဓါတ်ဆီဆိုင်မှာ ဆီမထုတ်တော့ဘူးတဲ့။ အပြင် ဈေးကွက်ကပဲ ဝယ်ထည့်သတဲ့။ မမခင်က "ဘာလို့လဲ" လို့ မေးတော့ "အစိုးရထုတ်ဈေးထက် အပြင်ပေါက်ဈေးက သုံးရာ သက်သာနေပြီ အမရဲ့” တဲ့။ အင်း -- ဒီသတင်းမျိုး မမခင် မကြားဘူးပါဘူး။ မမခင်တသက်လုံး အစိုးရထုတ်ဈေးနှုန်းထက် အပြင်မှောင်ခိုဈေးကွက်က ဈေးပိုကြီးတာပဲ ကြားဖူးပါတယ်။ ဒီတခါ ကြားရတာသတင်းက အဆန်းပါပဲ။ စစ်အစိုးရ အုပ်ချုပ်တဲ့ တသက်တာမှာ ဒီလိုဖြစ်တာ ဒီတခါပဲ ကြားဖူးပါတယ်။ ထူးလိုက်တာ။ ဆန်းလိုက်တာ။ ဒီ အထူးအဆန်းသတင်းကို အပေါင်းအဖေါ်တွေနဲ့ ပဟေဠိ အဖြေညှိရဦးမယ်။ အဲဒီလိုတွေးပြီး နာရေးထဲမှာ အားမနာ လျှာမကျိုး ပြောကြဆိုကြတယ်။ သေသောသူကို အားမနာတာ မဟုတ်ပါဘူး။ သေသောသူကလဲ အသက်ရှင်စဉ်တုံးက နိုင်ငံထဲမှာ ဖြစ်ပျက်တာဆို သိပ်ကို စိတ်ဝင်စားပါတယ်။ အခုနေ သူသာရှိရင်လဲ ဒီပွဲမှာ သူပါဝင်ဆွေးနွေးမှာ သေချာပါတယ်။ ဒီလိုသတင်းထူးရဲ့သားနဲ့ မမခင်က ငြိမ်နေရင်တောင် သူက ငြိမ်နေရမလားလို့ အပြစ်တင်ကောင်း တင်နိုင်တယ်။ သူအပြစ်တင်တာတော့ မခံနိုင်ပါဘူး။ သူ့နာရေးမှာ သူ့သဘောကျ နေပြရမှာ မိတ်ဆွေကောင်းတို့ဝတ္တရားမဟုတ်လား။

သူက သေခါနီးမှာတောင် "ဘီဘီစီ ဗွီအိုအေ မလာသေးဘူးလား" လို့ မေးသွားပါသေးတယ်။ အဲဒီလို မေးသွားတာလေး သနားလွန်းလို့ မမခင်တို့ ဆွေးနွေးပွဲဟာ သူ့အတွက် ဂုဏ်ပြုရာတောင် ရောက်မယ်ထင်ပါတယ်။ ဆွေးနွေးပွဲမှာ တယောက်သော သူက " ကမ္ဘာ့ရေနံစိမ်းဈေးက ကျနေပြီလေ၊ တက်တုံးကတော့ ကမ္ဘာရေနံဈေးနဲ့အပြိုင် တရက်ကလေးမှ မစောင့်နိုင်ဘဲ စစ်အစိုးရက ဈေးလိုက်တက်တာ၊ ဒါကြောင့်လဲ ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ခဲ့တာပေါ့။ အခု ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းလဲကျရော ဈေးကို ချမပေးဘဲ မှိန်းပြီးစားနေတာ။

ဟုတ်ပါရဲ့.. ဟုတ်ပါရဲ့၊ မမခင်လဲ ဂျာနယ်ထဲမှာ ဖတ်ရပါတယ်။ ကမ္ဘာ့ ရေနံစိမ်းဈေး တစည်ကို ၁၄၀ ဒေါ်လာ အထက်ကို ရောက်သွားတော့ အော်-- ကိုရွှေစစ်အစိုးရက လောင်စာဆီဈေးကို ၂ ဆလောက် တက်ပစ်လိုက်တယ်။ အခု ရေနံစိမ်းဈေးက တစည်ကို ဒေါ်လာ ၅၀ အောက်လောက် ရောက်၊ ၄၀ ကျော်ကျော်ကလေးပဲ ရှိတဲ့အချိန်မှာ - ခပ်တည်တည်ဘဲ။ ဈေးနှုန်းကို ပြန်မချတောံဘဲ မြတ်သမျှ အမြတ်ကို ပါးဖြဲနားဖြဲ စားနေတာ။ ဆီဈေးကိုချပေးလိုက်ရင် သယ်ယူပို့ဆောင်စရိတ်စက နည်းသွားလို့ ကုန်ဈေးနှုန်းကျမှာ စိုးလို့ထင်တယ်။ နအဖအစိုးရဟာ ပြည်သူတွေ သက်သာမှာကို တော်တော်ကိုကြောက်တဲ့ အစိုးရပါ။ တဏှာကဲပြီး သဒ္ဒါနည်းတဲ့ အစိုးရလေ။

သတင်းဂျာနယ်တွေ၊ သတင်းတွေထဲမှာ နိုင်ငံတကာက ကိုယ်စီကိုယ်စီ လောင်စာဆီဈေးကို ကမ္ဘာ့ရေနံစိမ်း ဈေးကျရင် ကျသလို ဈေးချပေးနေတာ ဖတ်ရမှတ်ရပါတယ်။ တရုတ်ပြည်မှာတောင် ဈေးချပေးပါတယ်။ မြန်မာပြည်ကတော Out of the world ဖြစ်နေပြီထင်ပါရဲ့။ ကမ္ဘာကြီးဘာဖြစ်ဖြစ် မြန်မာပြည်က ဖြစ်ချင်မှဖြစ်မယ်။ ကမ္ဘာနဲ့မယှဉ်ဘူး။ ကမ္ဘာ့အပြင်မှာ နေမယ်။ လောင်စာဆီကို သွင်းကုန်ထုတ်ကုန် လုပ်နေတာကလဲ သူတို့ ဗိုလ်ချုပ်တွေမဟုတ်လား။ ဒီတော့ ဘယ်သူချချ သူတို့မချဘူး။ အဲဒီလိုမူဝါဒနဲ့ စားလို့ရသမျှ ဆက်စားနေတဲ့ သဘောပါပဲ။ အပြင်ပေါက်ဈေး ဈေးချိုနေတဲ့ အကြောင်းတခုက နယ်စပ်က လောင်စာဆီတွေ မှောင်ခိုဝင်လာတာကတကြောင်း။ နောက်တကြောင်းက စစ်ဘက်နဲ့ပဲ ပတ်သက်ပါတယ်။ စစ်တပ်ထဲမှာ လောင်စာဆီအတွက် စစ်တပ်ခွဲတမ်း သပ်သပ်ရှိတော့ တပ်ထဲက ပိုင်ရာဆိုင်ရာ တပ်မှူး၊ တပ်မမှူးတွေက အကြံအဖန်လုပ်ပြီး အပြင်ကို ထုတ်ရောင်းစားကြတာလေ။ သူတို့တတွေက အလကားနီးပါးရတော့ ဓါတ်ဆီဆိုင်က သတ်မှတ်ဈေးထက် လျှော့ရောင်းနိုင်တယ်။ အမယ်လေး … စစ်တပ်က ခွဲတမ်းယူထားတာ ပြည်တွင်းဝယ်လိုအားရဲ့ တဝက်ထက်တောင် များနေသေးသလား မပြောတတ်ပါဘူး။ အပြင်ဆိုင်တွေမှာ ကြိုက်သလောက်ဝယ်၊ အစိုးရ ဓါတ်ဆီဆိုင်က ဈေးထက် ဈေးချိုတယ် ဖြစ်နေပြီ။

တကယ်တော့ ပြည်ပက တင်သွင်းလာတဲ့ လောင်စာဆီဈေးကွက်ကိုတင် သူတို့ ကိုင်ထားတာမဟုတ်ပါဘူး။ ပြည်တွင်းမှာလဲ တချို့နေရာဒေသတွေက ရေနံထွက်သေးတယ်လေ။ ဟိုအရင် မြန်မာဘုရင်လက်ထက်ကတည်းက ချောက်တို့၊ ရေနံချောင်းတို့ဆိုတာ ရေနံတွင်းရိုး တွင်းစားတွေ အလွန်ပေါတဲ့ နေရာပါ။ အင်္ဂလိပ်လက်ထက်မှာတော့ အင်္ဂလိပ်တွေက နည်းပညာအသစ်တွေနဲ့ တူးဖေါ်ကြလို့ ပြည်ပကိုတောင် တင်ပို့နိုင်ခဲ့တာလေ။ အခုလဲ ဟိုတကွက် ဒီတကွက် ဒေသတချို့မှာ လက်ယက်တွင်းတွေက ဆက်ထွက်နေတဲ့နေရာတွေ ရှိပါသေးတယ်။ အဲဒီ ပြည်တွင်းကထွက်တဲ့ ရေနံဈေးကွက်ကို ဘယ်သူတွေ လုပ်ခွင့်ရသလဲ။ ဟိုတလောက ကျောက်ပန်းတောင်းမြို့နယ်၊ ငါးရှန်တောင်ဆိုတဲ့ ရေနံမြေမှာ လုပ်ခွင့်ရတာ ဘယ်ကုမ္ပဏီလဲ။ မေးကြည့်ပါဦး။ "ရွှေသိန်းသန်း ကုမ္ပဏီ" ပါတဲ့။ ထိပ်ဆုံးမှာ ရွှေတလုံးပါတယ်။ ဘယ်က ရွှေလဲ။ မြန်မာရွှေ၊ ယိုးဒယားရွှေ၊ ထိုင်ဝမ်ရွှေ၊ ဂျပန်ရွှေ၊ ကုလားရွှေ ဘယ်ရွှေဖြစ်နိုင်မယ်ထင်လဲ။ ဖြစ်နိုင်င်တာက ကြပ်ပြေးနေပြည်တော်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီးတွေထဲက ဝလချီးရွှေ တယောက်ယောက်ပဲ ဖြစ်မှာပါ။ ငါးရှန်တောင်မှာ ရေနံထွက်တယ်ကြားတာနဲ့ အာဏာပိုင်များ ရောက်လာပြီး လယ်သမား၊ ယာသမား၊ ကိုင်းသမားတွေရဲ့ မြေတွေကို အတင်းသိမ်းပြီး ရွှေသိန်းသန်းကုမ္ပဏီကို လုပ်ကိုင်ခွင့်ချပေး။ ကုမ္ပဏီရဲ့မြေစာရေးက ဆယ်ပေပတ်လည်မြေတကွက်ကို သိန်းဘယ်နှစ်ဆယ်ပေး။ မြေဈေးက ကောင်းလိုက်တာ။ ထမင်းဆိုင်တနေရာကို သိန်းငါးဆယ် တရာတဲ့။

လောင်းကစားဒိုင်လို အရက်ဆိုင်လို ဖဦးထုပ်ရေးချအခန်းလိုမျိုး ဖွင့်ချင်ရင် ဒီထက်တောင် ဈေးကြီးတယ်။ ရေနံတွင်းအတွက်က (၁၀) ပေပတ်လည်တကျင်းကို (၁၀) သိန်းအထက်။ ရေနံက ထွက်ချင်ထွက် မထွက်ချင်နေ။ အဲဒါတွေ သူတို့နဲ့မဆိုင်ဘူး။ ရေနံထွက်ရင် သူတို့ဆီမှာပဲ ရောင်းရမယ်။ စည်းကမ်းချက်ပါတယ်။ ဝယ်မယ်။ အပြင်ပေါက်ဈေး ရေနံတစည်ကို (၂) သိန်းဆိုရင် ကုမ္ပဏီက (၉) သောင်းပေးတယ်။ သူတို့အမြတ်က (၁) သိန်း (၁) သောင်း။ မရောင်းချင်လို့မရဘူး၊ ရေနံတူးခွင့် ပိတ်မယ်။ သိတယ်မို့လား ကုမ္ပဏီနဲ့ အာဏာပိုင်ဆိုတာ လင်နဲ့ မယား။ မိဘနဲ့ သားသမီး၊ ဦးကြီးနဲ့ တူ တူမ၊ ယောက္ခမနဲ့ သမက်၊ ပုလင်းတူတဲ့ ဗူးဆို့တွေ။

တကယ်တော့ ရေနံထွက်တယ်ဆိုတာ အမှန်တကယ် ရေနံကြောတွေ့ပြီး ထွက်တာမဟုတ်ပါဘူးတဲ့။ ရေနံကြောတခုက စိမ့်ထွက်လာတဲ့ ရေနံတွေဟာ ငါးရှန်တောင်တကြောရဲ့ မြေအောက် ကျောက်ကျိုကျောက်ကြားမှ ချိုင့်ကျိုချိုင့်ကြားမှာ အိုင်ကွက်လေးတွေဖြစ်ပြီး အဲဒါကို ပေတရာ နှစ်ရာလောက်တူးရင် ရေနံ ထွက်လာတယ်။ အိုင်ကွက်ထဲမှာ စုနေတာကုန်ရင် ဆက်မထွက်တော့ဘူး။ တချို့ ဆယ်ပေပါလောက် စုပ်ယူပြီးတာနဲ့ ရေနံက ဆက်မလိုက်တော့ဘူး။ တချို့လဲ ပေပါနှစ်ဆယ်လောက်နဲ့ ပြီးရတယ်။ တချို့များ တွင်းသာတူးရတယ်၊ ရေနံက တစက်ကလေးမှ မထွက်ဘူး။ အဲဒီလိုဖြစ်ရင် အကြံအဖန်လုပ်ပြီး တွင်းဟောင်းထဲကို ရေနံတွေပြန်လောင်းထည့်ပြီး အသစ်ရောက်လာတဲ့ လောဘသားကို ပြန်ရောင်း။ ဟောဒီတွင်းဟာ ရေနံထွက်ပါတယ်ဆိုတာ စက်နဲ့ စုတ်ပြပြီး ဈေးတောင်း။ မသိနားမလည်သေးသူက ဝယ်။ ရောင်းသူနဲ့ ဝယ်သူ အရှုတ်အရှင်းတွေ မျိုးစုံဖြစ်ကြ။ ငွေအတွက် လူသတ်မှုတွေလဲ ဖြစ်ကြ။ လူသတ်မှုဖြစ်ရင်လဲ ဘယ်မှုမှ မပေါ်ပါဘူး။ တခြားတခြား ဘယ်လိုအမှုမျိုးဖြစ်ဖြစ် အာဏာပိုင်တွေက သူတို့ပဲစားတယ်။ အာဏာပိုင်တွေဘက်ကတော့ ဘယ်လိုတွက်တွက် အမြတ်ချည်းပါဘဲ။

နယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့လူတွေ သိန်းနဲ့ချီတော့ လုပ်ငန်းခွန်၊ လိုင်စင်ခွန်၊ ညအိပ်ညဥ့်နေပါမစ် စသဖြင့် ကောက်ခံတာက တမျိုး။ အရက်ဆိုင်၊ ဘီယာဆိုင်၊ ဇယ်တောက်ခုံ၊ ဘိလိယက်ခုံ၊ တလုံး နှစ်လုံး သုံးလုံးဒိုင်၊ ဖဲဒိုင်၊ ကြက်ဝိုင်းတွေနဲ့ ပေါင်းပြီး ဆက်ကြေးတောင်းတာက တမျိုး။ ကြက် ကြက် ဆိုလို့ တကြက်ထဲ မထင်နဲ့။ ခွပ်တဲ့ကြက်ကော၊ နှုတ်ခမ်းနီပါးနီ ဆိုးတဲ့ ကြက်ကော သူတို့အတွက် လာဘ်လာဘပေး။ ရေရှည်မှာ ပြည်သူလူထုအတွက် HIV ဗိုင်းရပ်စ် ကင်းဝေးရေးဆိုတာတွေ ဘာတွေ စစ်အစိုးရက ခေါင်းထဲ ထည့်မစဉ်းစားပါဘူး။ မဟုတ်မတော်တရော် ဘာပဲလုပ်လုပ် နိုင်ငံရေးသာ မလုပ်နဲ့။ တကယ်တော့ နိုင်ငံရေးဆိုတာ တမင်သက်သက်လုပ်ကြတာ မဟုတ်ပါဘူး။ အာဏာရှိသူတွေဘက်က မမှန်တာ၊ မဟုတ်တာလုပ်လို့ အဲဒါကို မကြိုက်လို့၊ မနှစ်မြိုလို့၊ မခံချင်လို့ အရှိကို အရှိတိုင်း ထုတ်ပြောရင်၊ လုပ်ရင် နိုင်ငံရေး ဖြစ်သွားတာပါပဲ။

အခုရက်ပိုင်းမှာ ကြားကြတယ်မဟုတ်လား။ ပခုက္ကူနယ်၊ မြိုင်ရေနံမြေမှာ ဗိုလ်ချုပ်မှူးကြီးသမီးနဲ့ မြေးကို သိန်းသုံးထောင်ပေးပြီး လုပ်စားနေတဲ့ "ကောင်းဇော်ဟိန်းကုမ္ပဏီ" က ထွက်လာတဲ့ ရေနံတွေကို ဈေးအဆမတန် နှိမ်ဝယ်လို့ မကျေနပ်တဲ့ ဒေသခံ အလုပ်သမားတွေက ကုမ္ပဏီပိုင် အဆောက်အဦးနဲ့ ကားကို မီးရှို့ပစ်တာ။ ကောင်းဇော်ဟိန်းဆိုပေမဲ့ မကောင်းတဲ့နေရာမှာ ဇော်နေဟိန်းနေလို့ ပြည်သူက ဒဏ်ပေးလိုက်တာလေ။ အဲဒီလိုလုပ်တော့ အာဏာပိုင်တွေဘက်က စစ်တပ်လွှတ်ပြီး ပစ်လို့ ဒေသခံတွေထဲက ဒဏ်ရာရသူတွေတောင် ရှိတယ်။ ဒီအဖြစ်အပျက်ကို တနိုင်ငံလုံးက စိတ်ဝင်စားပါတယ်။ ဒါဟာ နိုင်ငံရေးဖြစ်သွားတာပါပဲ။ ရှေ့က နိုင်ငံရေးလို့ အမည်တပ်ခံသွားကြရသူတွေလဲ ဒီလိုပါဘဲ။ မတရားတာကို မတရားဘူးလို့ ထုတ်ဖော်ပြသကြရုံနဲ့ ပြည်ပကို ထွက်ခွါကြရ၊ ပြည်တွင်းမှာ ထောင်ကျခံကြရတာလေ။ အုပ်စိုးသူနဲ့ အုပ်စိုးခံကြားမှာ မမျှတရင် မမျှတဘူးလို့ ပြောတာ၊ လုပ်တာ နိုင်ငံရေးပါပဲ။ တကယ်တော့ မိဘနဲ့ သားသမီးကြားပဲ ဖြစ်ဖြစ်၊ မိတ်ဆွေအချင်းချင်း ဖြစ်ဖြစ်၊ ဆရာနဲ့ တပည့်ကြားပဲ ဖြစ်ဖြစ်၊ ရောင်းသူနဲ့ ဝယ်သူကြားပဲဖြစ်ဖြစ်၊ အုပ်စိုးသူနဲ့ အုပ်စိုးခံကြားပဲဖြစ်ဖြစ် သူ့ဘို့ ကိုယ့်ဘို့ ဘို့နှစ်ခုကို ထားရပါမယ်။

မမခင်ကတော့ ကိုယ့်သားသမီးတွေကိုလဲ လောကအလယ်မှာ မျှမျှတတနေတတ်အောင် သင်ကြားပါတယ်။ လူဆိုတာ ကိုယ့်ဘို့ချည်း မသိရဘူး။ သူ့ဘို့ ကိုယ့်ဘို့ နှစ်ဘို့သိရတယ်။ မိသားစုထဲမှာ မောင်နှမတွေ မုန့်နှစ်ခုရှိရင် တယောက်တခု ဝေစား၊ တခုပဲရှိရင် တယောက်တဝက် ဝေစား။ တခြား ဘယ်နေရာမှာပဲဖြစ်ဖြစ် အများနဲ့မျှစား။ ကိုယ့်ဘို့ပဲသိပြီး သူတပါးဘို့မသိဘဲ "ဘို့တဘို့”တည်းထားရင် လူတွေထဲမှာ နွားဟဲ့လို့ ဆုံးမထားပါတယ်။

အထက်က ပြောခဲ့သလို ကမ္ဘာ့လောင်စာဆီဈေး တက်တုံးကတော့ တက်ယူပြီး ဈေးကျတဲ့အခါကျတော့ မသိချင်ယောင် ဆောင်ပြီး အမြတ်ကြီးကြီး ယူနေတာတို့၊ ပြည်တွင်းက ရေနံမြေတွေမှာ ခေါင်းပုံဖြတ် အမြတ်ကြီးစားနေတာတို့ဆိုတာ "ဘို့တဘို့”တည်းထားနေတာနဲ့ အတူတူပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့မိသားစုဟာ ကိုယ့်သမီး၊ ကိုယ့်သား၊ ကိုယ့်မြေး၊ ကိုယ့်သမက်တွေနဲ့ ကိုယ့်ကို ဖေါ်လံဖားနေသူတွေအဖို့ "ဘို့တဘို့”လောက်ပဲ သိရင် ကိုယ့်ဖာသာကို စဉ်းစား၊ ဘာဖြစ်သွားမလဲ ဆိုတာ။ အဲဒီလို တဘို့တည်းသမားကို ထောက်ခံနေတဲ့ အောက်က “သခင်အားရ ကျွန်စာဝ” လုပ်နေ သူတွေဟာလဲ အရေးကြုံရင်၊ အချိန်တန်ရင်၊ အလှည့်ကျရင် "နွားမတွေ လှည်းကောက်ရတတ်တယ်” ဆိုတာ ကြပ်ကြပ်သိထားသင့်တယ်။

မမခင်က ဒီစကားတွေကို ကိုယ့်ပတ်ဝန်းကျင်က လူအားလုံးကိုသာမက လူစီစီဖြစ်တာနဲ့ ပြောတတ်ပါတယ်။ ဟိုတနေ့က မမခင် ဝေယျာဝစ္စလုပ်ပေးနေတဲ့ နာရေးအိမ်မှာ သတင်းလာမေးတဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာမှ နိုင်ငံရေးကို စိတ်ဝင်စားလာကြတဲ့ မျိုးဆက်သစ်လူငယ်လေးတွေ လေးငါးယောက်ရှေ့မှာ ပြောမိပါတယ်။ ဒီတော့ လူငယ်တွေက ဘာပြန်ပြောကြသလဲ မသိချင်ကြဘူးလား။ မမခင်နားမှာ ကြားလိုက်ရတဲ့ သူတို့စကားကြောင့် မမခင်ဖြင့် အားလဲ တော်တော်ရှိသွားပါတယ်။ ရှေ့ဆက်ရမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဟာ အလားအလာကောင်းနေဆဲပါလား၊ အမှန်တရားကို ခွဲခြားသိမြင်နိုင်သူတွေ အများကြီး ရှိနေပါလားလို့ပေါ့။ သူတို့လေးတွေ ပြောကြတာက "အန်တီရယ်… အန်တီ့စကား မှားနေပြီထင်တယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို နွားနဲ့ မနှိုင်းပါနဲ့၊ နွားက သူ့ဖာသာ မြက်ပဲစားပြီး လူတွေကို တကယ့်ကို အကျိုးပြုနေတဲ့ သတ္တဝါပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အုပ်စု မတရားတာက နွားနဲ့ နှိုင်းစရာစကား မဟုတ်ဘူးထင်တယ်။ ဘို့တဘို့တည်းချင်း တူပေမဲ့ နွားတွေ မတော်မတရားလုပ်တာ ကျနော် ကျမတို့တွေ မတွေ့ဖူးသေးဘူး။ နွားကို သနားပါတယ်” တဲ့ရှင်။

×××××××
မမခင် (၁၈.၁.၀၉)

Feb 8, 2009

ကုမ္ပဏီများက ဒေသခံများအပေါ် ကူညီရာမရောက်ဘဲ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု ဆို

ဖြိုးကြီး။ ဖေဖော်ဝါရီ ၈၊ ၂၀၀၉

နာဂစ်ပြန်လည်ထူထောင်ရေး တာဝန်ယူလုပ်ကိုင်နေသည့် ကုမ္ပဏီများက ဒေသခံများအပေါ် အမှန်တကယ် ကူညီရာမရောက်ဘဲ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ်များတွင် ပြန်လည်တည်ဆောက်ရေး တာဝန်ယူထားသည့် ထူးထရေးဒင်း၊ အေဝမ်းကုမ္ပဏီများက ဒေသခံပြည်သူများအား လုပ်အားပေးခိုင်းစေခြင်းများ၊ မြေယာသိမ်းဆည်းခြင်းများပင် လုပ်ဆောင်နေသည်ဟု ပြောသည်။

“မော်လမြိုင်ကျွန်းမြို့နယ်ထဲက ရှောက်ချောင်းကျေးရွာအုပ်စု ငွေဇင်ယော်ရွာတွေက နာဂစ်မှာပျက်စီးသွားတဲ့ မူလတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို အေဝမ်းကုမ္ပဏီက ဆောက်လုပ်ပေးနေတာ၊ အဲဒီကုမ္ပဏီက ရွာသားတွေကို (၂) ရက်ခြားဆိုသလို လုပ်အားပေးဆင့်ခေါ်တာတွေ လုပ်တယ်” ဟု ဒေသခံရွာသားတဦးက ပြောသည်။

အဆိုပါ အေဝမ်းကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းကို တင့်ဇော်ဦးက ဦးစီးလုပ်ကိုင်နေခြင်းဖြစ်ပြီး လက်သမားအဖွဲ့များအား လုပ်အားခပေးရာတွင် လျှော့ပေးခဲ့သဖြင့် လက်သမားများက မကျေမနပ်ဖြစ်နေကြောင်း ဒေသခံက ဆက်ပြောသည်။

“လက်သမားအဖွဲ့တွေကိုလည်း အိမ်တလုံးဆောက်လုပ်ပြီးစီးရင် ငွေ (၁) သိန်းခွဲပေးမယ်ဆိုပြီး တကယ်တမ်းတော့ (၈) သောင်းခွဲ၊ (၉) သောင်းပဲ ပေးတယ်။ အဲဒီက လက်သမားတွေလည်း အတော်စိတ်ညစ်နေပြီး မကျေမနပ်ဖြစ်နေတယ်” ဟု ပြောသည်။

ဒေသခံရွာသားများမှာ သောက်သုံးရေနှင့် စားဝတ်နေရေးအခက်အခဲများ ယနေ့အထိ ကြုံတွေ့နေရပြီး ရေပြင်ပေါ်တွင် တဲထိုးနေရကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် ဘိုကလေးမြို့နယ်၊ ဧရာဒိုင်နယ်၊ ပဒဲကောဒိုင်နယ်များတွင် ထူးထရေးဒင်းကုမ္ပဏီက ဒေသခံပြည်သူများကို အိမ်ရာအသစ် ဆောက်လုပ်ရန်အတွက် နေအိမ်များမှ ဖယ်ရှားပေးရန် ပြောဆိုနေသဖြင့် မကျေမနပ်ဖြစ်နေသည်။

“ထူးထရေးဒင်းက ကျေးလက်ဒေသတွေမှာရှိတဲ့ စာသင်ကျောင်းတွေလုပ်ပေးဖို့ တာဝန်ယူထားတာ၊ တကယ်တမ်းကျတော့ တိတိကျကျ ဆောင်ရွက်တာမရှိဘူး၊ သူတို့က သစ် (၁၀)တန် ကုန်မယ်ဆိုရင် တန် (၂၀) လောက်ပြတာ၊ အပြင်ဈေးက (၆) သိန်းလောက်ရှိတာ၊ သူတို့က ထုတ်ဈေး (၂) သိန်းခွဲလောက်နဲ့ ရတာ၊ သူတို့အမြတ်တွေရလို့ လုပ်တာ၊ အဲဒါက ကူညီတာမဟုတ်ဘူး” ဟု ဒေသခံရွာသားတဦးက ပြောသည်။

ဘိုကလေးမြို့ပေါ်ရှိ (၇) လမ်း၊ (၈) လမ်းတို့တွင် (IOM) က နေအိမ်များဆောက်လုပ်ပေးနေသော်လည်း အပြီးအစီး ဆောက်လုပ်ပေးခြင်း မဟုတ်သည့်အပြင် အချို့ရပ်ကွက်များတွင် မဲနှိုက်ကာ ဆောက်လုပ်ပေးနေခြင်းဖြစ်သည်ဟု ပြောသည်။

“ဘိုကလေးမြို့ပေါ်က (၁၁) လမ်းဘက်မှာဆို အိမ် (၃၅) လုံးဆောက်မှာ၊ အခုထိတော့ မဆောက်ရသေးဘူး၊ တချို့ ဆောက်လက်စတွေတော့ရှိတယ်၊ အဲဒါက အမိုးပဲပါတာ၊ အကာတွေ အခင်းတွေ မပါဘူး၊ မီးဖိုချောင်တို့ ဖိနပ်ချွတ်တို့က ကိုယ့်ဟာကိုယ် လုပ်ရမှာ” ဟု ဘိုကလေးမြို့ခံက ပြောသည်။

နာဂစ်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စစ်အစိုးရပိုင် သတင်းမီဒီယာများက အားလုံး ပုံမှန်အတိုင်းပြန်ဖြစ်နေကြောင်း ထုတ်ပြန်ကြေညာ ပြောဆိုနေသော်လည်း ယခုလက်ရှိတွင်မူ မုန်းတိုင်းသင့်ဒေသများတွင် သုံးပုံတပုံခန့်သာ ပြန်လည်တည်ဆောက်ပြီးကြောင်း ဒေသခံများက ပြောသည်။