၂၀၁၀ လွန်ကာလမှာ (နအဖ)စစ်အစိုးရအတွက် ပြဿနာတွေပိုများမယ်
အဆိုးမြင်လွန်းတယ်လို့ ပြောချင်လည်း ပြောကြပေတော့။ မြင်တဲ့အတိုင်း ရေးလိုက်ပြီ။
ပြဿနာအားလုံးကို ဖြေရှင်းနိုင်မယ့် သော့ချက်ဟာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့သာလျှင် ဖြစ်ပါတယ်။ ဒါပေမယ့် (နအဖ)စစ်အစိုးရဟာ ကမ်းလှမ်းအဆိုပြုမှုမှန်သမျှကို လစ်လျူရှုခဲ့ပြီး ငါ့မြင်းငါစိုင်းခဲ့လို့ တည်ရှိဆဲပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အပြင် နောက်ထပ်ပြဿနာသစ်တွေကိုလည်း ထပ်မံ ဖန်တီးနေပြန်ပါတယ်။
ဒါပေမယ့် ပြည်တွင်းပြည်ပ ကလူတချို့က ထင်ယောင်မှားပြီး ၂၀၁၀ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ရင် (နအဖ)စစ်အစိုးရအနေနဲ့ ပန်းပန်နိုင်ပြီ၊ ပြည်တွင်းပြည်ပအတိုက်အခံတွေတော့ နိဂုံးချုပ်တော့မယ်လို့ ထင်နေကြပါတယ်။ ဒါကြောင့် “ရတဲ့အပေါက်က ဝင်ကြ၊ ရတဲ့အပေါက်က ဝင်ကြရမယ်”ဆိုတဲ့ အာဘော်ကို ဖန်တီးလာပါတယ်။
ဒီလိုဝင်သွားကြမယ့်သူတွေဟာ ဂုဏ်သိက္ခာပျက်ယွင်းပြီး (ပြည်သူလူထုက ရွံရှာမုန်းတီးပြီး) အနာဂတ်လည်း ပျောက်ဆုံးသွားပါလိမ့်မယ်။
၂၀၁၀ ရွေးကောက်ပွဲလွန်ကာလ ဖြစ်နိုင်ခြေများ
အောက်ပါပြဿနာ (၃) မျိုး ဖြစ်ရန် အလားအလာရှိနေပါတယ်။
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာများ
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က ယူဆောင်ဖန်တီးလာမည့် ပြဿနာများ
၃။ လက်ရှိကမ္ဘာ့စီးပွားရေးကပ်ကြောင့် တနွယ်ငင်တစင်ပါ သက်ရောက်လာမည့် ပြဿနာရပ်များ
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာများ
- ၁၉၉၀ ပြည့်ရွေးကောက်ပွဲပြဿနာ
- အပစ်ရပ်တိုင်းရင်းသားများ၏ တည်ရှိမှုနှင့်ဆိုင်သော ပြဿနာများ
အထက်ပါပြဿနာများကို (န၀တ)လက်ထက်မှာ မဖြေရှင်းနိုင်ခဲ့သလို (နအဖ)လက်ထက်မှာလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။
ဒီပြဿနာတွေကိုမဖြေရှင်းနိုင်ခဲ့တဲ့အပြင် စစ်အုပ်စုအတွင်းပဋိပက္ခတွေကို ပိုမိုပြင်းထန် သည်းသန်လာစေခဲ့ပါတော့တယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင် ရာထူးက အနားပေးလိုက်ရတာ၊ မူလ (နဝတ)အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ စသူတွေကို အစုလိုက်အပြုံလိုက် အနားပေးလိုက်ရပါတယ်။ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦး ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရပါတယ်။ စစ်အုပ်စုရဲ့ခေါင်းကိုင်ဖခင်ကြီး ဗိုလ်နေဝင်း မိသားစုအဝန်းဝိုင်းနဲ့ အရာရှိတချို့ရဲ့ အာဏာသိမ်းပိုက်ရန် လှုပ်ရှားပေါ်ပေါက်ခဲ့တာ၊ နောက်ဆုံးမှာတော့ ဗိုလ်ခင်ညွန့်နဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကြီးကို ဖယ်ရှားဖျက်သိမ်းလိုက်ရခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားညီလာခံကို ၁၉၉၅ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ မကျင်းပနိုင်ဘဲ ရပ်ဆိုင်းထားခဲ့ရတာ၊ ဒီပဲယင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုကြီး ပေါ်ပေါက်ခဲ့တာတွေဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲပြဿနာကို မဖြေရှင်းနိုင်ရာကနေ ဆက်စပ်ဖြစ်ပွားလာခဲ့ရတဲ့ အကျိုးဆက်ပြဿနာများပဲ ဖြစ်ပါတယ်။
ဒီပြဿနာ ၂ ရပ်ကို (နအဖ)စစ်အစိုးရက ခပ်ကြမ်းကြမ်းသာ ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် (တစည)ပါတီက စိုးရိမ်နေတဲ့ လူထုအုံကြွမှုတွေ၊ ပြည်တွင်းစစ်အန္တရာယ်တွေကို မန်းမှုတ်ခေါ်ယူလိုက်သလို ဖြစ်ပါလိမ့်မယ်။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးနိုင်တဲ့အပြင် နောက်ထပ် ဖိနှိပ်မှုနဲ့ ဖမ်းဆီးတွေ တသီကြီး ဖြစ်ပေါ်လာစရာ အလားအလာတွေ ရှိနေပါတယ်။
တကယ်တော့ (နအဖ) စစ်အစိုးရ တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘဲ သူတို့ချမှတ်ထားတဲ့ လမ်းပြမြေပုံအတိုင်း ဆက်လက် ထင်ရာစိုင်းနေလေတော့ နောက်ထပ်ပြဿနာသစ်တွေကို ယူဆောင်ဖန်တီးနေသလို ဖြစ်နေပါတော့တယ်။
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က ယူဆောင်ဖန်တီးလာမည့်ပြဿနာများ
- သမတနှင့် ကာကွယ်ရေးဦးစီးချုပ် ရွေးချယ်ရေးပြဿနာ
- နိုင်ငံရေးအားပြိုင်မှုများ
- လွှတ်တော်တွင်းတိုက်ပွဲများ
ဒီပြဿနာဟာ စစ်အုပ်စုအတွင်းမှာ ဖုံးကွယ်ထားလို့မရနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ ဘယ်သူသမတလုပ်ပြီး ဘယ်သူက ကာကွယ်ရေးဦးစီးချုပ်လုပ်မလဲ၊ ၂၅ % သော စစ်သားအမတ်တွေ ဘယ်သူတွေဖြစ်မလဲ၊ ဘယ်သူတွေက အဆိုပြုဆုံးဖြတ်မလဲ၊ အဲဒီလို ဆုံးဖြတ်နိုင်တဲ့အာဏာကို ဘယ်သူက ကိုင်ထားမလဲ၊ ဒါတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)က ယူဆောင်ဖန်တီးလာမယ့် ပြဿနာများအနက် အဓိကကျတဲ့ ပြဿနာတွေ ဖြစ်ဖွယ်ရှိပါတယ်။
ဒီအခြေခံဥပဒေ (၂၀၀၈) အာဏာတည်လာတဲ့အခါ တစ်တိုင်းတပြည်လုံးရဲ့ အာဏာမှန်သမျှကို ချုပ်ကိုင်ထားမယ့် အဖွဲ့အစည်းဟာ လွှတ်တော်မဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (မကလ) ဖြစ်ပါတယ်။ သမတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ဘယ်လောက် အပေးအယူတည့်မလဲဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က ယူဆောင်လာမယ့် ပြဿနာများရဲ့ မောင်းခလုတ်ပဲ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာ ကာကွယ်ရေးဦးစီးချုပ်က အရာရာကို ဆုံးဖြတ်ချယ်လှယ်ထားတဲ့ အခြေခံဥပဒေ ဖြစ်ပါတယ်။ ကျနော်တို့က ဒါကြောင့် စစ်အာဏာရှင်စနစ် ထာဝစဉ် သက်ဆိုးရှည်ဖို့ ရေးဆွဲထားတဲ့ ဥပဒေလို့ အကဲဖြတ်ထားတာဖြစ်ပါတယ်။ ရတဲ့အပေါက်က ဝင်ကြ၊ ရတဲ့အပေါက်က ဝင်ကြမယ်ဆိုရင် တစ်သက်လုံး ခေါင်းငုံ့သွားရဖို့ပဲ ရှိပါတယ်။
အခန်း (၁၀) နိုင်ငံရေးပါတီများဆိုတာမှာ ကြည့်ပါ။ ပုဒ်မ (၆) ခု ရှိပါတယ်။ ပုဒ်မ (၄၀၉) အရ နိုင်ငံရေးပါတီများ ဥပဒေ၊ ရွေးကောက်ပွဲဥပဒေ စတာတွေ ပြဌာန်းလာတဲ့အခါ နိုင်ငံရေးပါတီများရဲ့ အနေအထားဟာ ဘယ်လိုရှိလာမလဲဆိုတာ အသေအချာ တွက်ချက်နိုင်ပါလိမ့်မယ်။ မကြာခင် ဒီဥပဒေတွေ ပေါ်ထွက်လာပါတော့မယ်။
သေချာတာတော့ လှုပ်နိုင်မှာမဟုတ်ပါဘူး။ ဝါးလုံးခေါင်းထဲ ဝင်မိတဲ့ ကျွဲလိုပဲ ဖြစ်ပါလိမ့်မယ်။ “ရတဲ့အပေါက်က ဝင်ကြ၊ ရတဲ့အပေါက်က ဝင်ကြရမယ်”လို့ ဆိုနေသူတွေ သတိပြုရမယ့်ကိစ္စဖြစ်ပါတယ်။
(၁၉၇၄) မဆလ အခြေခံဥပဒေမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တစ်ခုတည်းသော ပါတီဖြစ်သည်၊ နိုင်ငံတော်ကို ဦးဆောင်သည်လို့ လုပ်ခဲ့သလိုပဲ။ အခု (နအဖ)စစ်အစိုးရရဲ့ အခြေခံဥပဒေ (၂၀၀၈) ကလည်း ကာကွယ်ရေးဦးစီးချုပ်က အရာရာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒါကို ပြေပြေပြစ်ပြစ်နဲ့ ကြည့်ကောင်းစေဖို့နဲ့ တုံးတိလည်းမဖြစ်၊ ဒဲ့ဒိုးလည်းမကျအောင် “အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းတွင် တပ်မတော်က ပါဝင်ရေး”ဆိုပြီး ရေးထားတာဖြစ်ပါတယ်။ အနှစ်သာရက ကာကွယ်ရေးဦးစီးချုပ်က အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားတဲ့ စစ်အာဏာရှင်စနစ်ပဲ ဖြစ်ပါတယ်။ “ရတဲ့အပေါက်က ဝင်ကြ၊ ရတဲ့အပေါက်က ဝင်ကြရမယ်” ဆိုတာ စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။
၃။ လက်ရှိကမ္ဘာ့စီးပွားရေးကပ်ကြောင့် တနွယ်ငင်တစင်ပါ သက်ရောက်လာမည့် ပြဿနာရပ်များ
- စီးပွားရေး
- လူမှုရေး
- ပညာရေး
- ကျန်းမာရေးဆိုင်ရာ ပြဿနာများ
ကျနော်တို့တိုင်းပြည်ဟာ စိုက်ပျိုးရေးထွက်ကုန်နဲ့ မြေပေါ်အောက် ရေပေါ်ရေအောက် သယံဇာတ ရောင်းစားရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။
အဓိကကုန်သွယ်နေတာကလည်း အာစီယံထဲက ( စင်္ကာပူ၊ မလေးရှား၊ ထိုင်း) တို့နဲ့ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်တို့နဲ့ပဲ ဖြစ်ပါတယ်။ ဒီတိုင်းပြည်တွေဟာ လက်ရှိစီးပွားပျက်ကပ်ရဲ့ ဂယက်ကို ခံစားနေရပါပြီ။ ဒါရဲ့ ဆင့်ပွားဂယက်ကို ကျနော်တို့နိုင်ငံ ခံရမှာပါ။ အခု စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ မွေးမြူရေးနဲ့ ရေထွက်ကုန်ပစ္စည်းတွေ ဈေးကျပါတယ်။ ဒါပေမယ့် ထုတ်လုပ်ကုန်ကျစရိတ်က မကျပါဘူး။ ဒီတော့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေ နစ်နာပါတယ်။ ဒီတော့ ဘယ်သူမှ တိုးထုတ်ဖို့ စိတ်မကူးပါဘူး။ ကျနော်တို့ပို့ကုန်ဆိုတာ ပြည်ပပို့ကုန် ပဲမျိုးစုံတို့၊ ပုဇွန်သားငါးနဲ့ သဘာဝဓါတ်ငွေ့၊ ကျောက်မြက်ရတနာလောက် ရှိတာပါ။ စီးပွားပျက်ကပ် ကြုံနေရသူတွေက ဒါတွေကို သူတို့နိုင်ငံတွေက အခု ဝယ်ဖို့ စိတ်မဝင်စားပါဘူး။
ပြည်ပတင်ပို့မှုတွေ လျော့နည်းလာတာနဲ့ပတ်သက်ပြီး “လယ်ယာဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်အမယ်များ ထုတ် လုပ်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေး” (၁ ဒီဇင်္ဘာ ၂၀၀၈ နေပြည်တော်) တွင် ပြောကြားသည့် ဝန်ကြီးချုပ် ဗိုလ်သိန်းစိန် မိန့်ခွန်းမှ ကောက်နှုတ်ချက်များဖြင့် ကိုးကားပြလိုက်ပါတယ်။
- ၂၀၀၈ ခုနှစ် အောက်တိုဘာလကုန်အထိ ပြီးခဲ့သော နှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် ဆန်၊ ပြောင်း၊ နှမ်း တင်ပို့မှုသည် ပိုမိုများပြားသော်လည်း ပဲအမျိုးအမျိုး တင်ပို့မှုတန်ဖိုးသည် ၅ ဒသမ ၄ ရာခိုင်နှုန်းခန့်၊ ရော်ဘာ ၀ ဒသမ ၇ ရာခိုင်နှုန်းခန့်စီ လျော့နည်းပါကြောင်း
- တိရစ္ဆာန်ထွက်ပစ္စည်းအုပ်စုတွင် ယခင်နှစ် အလားတူကာလထက် တန်ဖိုး ၂၅ ဒသမ ၄ ရာခိုင်နှုန်း တိုးသော်လည်း ရေထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး ၆ ဒသမ ၁ ရာခိုင်နှုန်းလျော့နည်းပါကြောင်း
- ငါးတင်ပို့မှုမှာ တန်ဖိုး ၁ ဒသမ ၇ ရာခိုင်နှုန်းခန့်၊
- ပုစွန်တင်ပို့မှုတန်ဖိုးသည် ၄ ဒသမ ၂ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ပါကြောင်း
- အလားတူ သစ်တောထွက်ပစ္စည်းအုပ်စုတွင် ၀ ဒသမ ၆ ရာခိုင်နှုန်း လျော့နည်းပြီး
- စက်မှုကုန်ချောအုပ်စုတွင် ၁၅ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းပါကြောင်း
- ဓါတ်ငွေ့တင်ပို့ရောင်းချမှုတန်ဖိုးမှာလည်း ၁၈ ဒသမ ၂ ရာခိုင်နှုန်းခန့် လျော့နည်းနေကြောင်း
ဒီအချက်တွေဟာ လွန်ခဲ့တဲ့ ၃ လနီးပါးကာလက အချက်အလက်တွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဘယ်လောက်အထိ ကျဆင်းသွားမလဲဆိုတာ ခန့်မှန်းတွက်ဆကြည့်နိုင်ပါတယ်။
သူတို့ပြောနေတဲ့ စက်မှုဇုန် (၁၉) ခုဆိုတာကလည်း လျှပ်စစ်မီး မှန်မှန်မလာလို့ မလည်ပတ်နိုင်ပါဘူး။ မီးစက်နဲ့ လည်ဖို့ဆိုရင်လည်း စရိတ်ထောင်းလို့ တွက်ခြေမကိုက်ပါဘူး။ ဒီတော့ အောက်ပါပြဿနာတွေဟာ တက်လာမှာ သေချာသလောက်ပါပဲ။ နိုင်ငံရေးအကျဉ်းသားတော့ မလွှတ်ဘဲ ရာဇ၀တ်သား (ခိုးဆိုးနှိုက်) တွေကို စေတနာဗလပွနဲ့ လွှတ်ပေးနေတော့ ရာဇ၀တ်မှုတွေဖြစ်လာအောင် (နအဖ) စစ်အစိုးရကိုယ်တိုင် ဖန်တီးပေးနေတာကို ရှင်းရှင်းမြင်နိုင်ပါတယ်။ အကျဉ်းသား (၆၃၁၃) ယောက် လွှတ်တာမှာ နိုင်ငံရေးအကျဉ်းသားက (၂၉ ) ယောက်ပဲ ပါတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောနေပါတယ်။ (နအဖ) စစ်အစိုးရရဲ့ အကျဉ်းသားလွှတ်ပေးမယ်ဆိုတဲ့ ကြေညာချက်မှာပါတဲ့ “လူသားချင်းစာနာထောက်ထားမှု၊ သနားချစ်ခင်မှု၊ မိသားစုများအား ငဲ့ညှာမှု” ဆိုတဲ့ အချက်တွေဟာ နိုင်ငံရေး အကျဉ်းသားတွေအပေါ်မှာ ထားရှိတာမဟုတ်ဘဲ (ခိုးဆိုးနှိုက်)ဆိုတဲ့ ရာဇဝတ်သားတွေအပေါ်မှာ ထားတယ်ဆိုတာ သိပ်ပေါ်လွင်ထင်ရှားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ မိသားစုနဲ့ဝေးတဲ့ ထောင် ပြောင်းတယ်၊ တိုက်ပိတ်ထားတယ်။
ဒီအချက်အလက်တွေကို ပေါင်းရုံးသုံးသပ်ကြည့်လိုက်ရင် (နဝတ-နအဖ) စစ်အစိုးရဟာ ပြဿနာဟောင်းတွေကို မဖြေရှင်း နိုင်တဲ့အပြင် ပြဿနာအသစ်တွေကိုပါ ထပ်မံဖန်တီးနေတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဗမာပြည်ဟာ ပေါက်ကွဲတော့မယ့် ယမ်းအိုးကြီးနဲ့တူနေတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။
ချုပ်ပြီးပြောရရင် ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလမှာ ဖြေရှင်းရမယ့် ပြဿနာတွေဟာ ပိုမိုးများပြားသလောက် ရှုပ်ထွေးပါလိမ့်ဆိုတာပါပဲ။ ပြီးတော့ ဒီပြဿနာတွေကို ပြေလည်ကောင်းမွန်စွာ ဖြေရှင်းနိုင်စေမယ့် နည်းလမ်းတွေ (နအဖ) စစ်အစိုးရ အတင်းအကြပ် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မှာ မပါရှိဘူးဆိုတာပါပဲ။
ဒါကြောင့် ဒီအချက်အလက်တွေပေါ်ကပြောရင် ကျနော်တို့အတွက် ပြင်ဆင်မှုကောင်းဖို့လိုတယ်ဆိုတာနဲ့ လူထုအုံကြွမှုဆိုတာ ကျနော်တို့ ဘယ်လောက် ပြင်ဆင်စည်းရုံး စုစည်းထားနိုင်သလဲဆိုတဲ့ အချက်အပေါ်မှာသာ တည်မှီနေပါတယ်။
တူမောင်ညို (၂၀၀၉ ခုနှစ်၊ မတ် ၂ ရက်)