ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 14, 2009

စိုက်ပျိုးစရိတ်မလုံလောက်ခြင်းနှင့် ခိုင်းနွားများ ရောဂါဖြစ်ပွာမှုများကြောင့် လယ်သမားများ စပါးမစိုက်နိုင်သေး

Saturday, 13 June 2009 ရိုးမ ၃

စပါးစိုက်ပျိုးရန် ထွန်ယက်နေချိန်တွင် ခိုင်းနွားများ ခွာနာလျှာနာရောဂါ ဖြစ်ပွားနေလျှက်ရှိပြီး စိုက်ပျိုးစရိတ်ချေးငွေ အပြည့်အဝ ရရှိခြင်းမရှိသဖြင့် လယ်သမားများ အခက်အခဲ ဖြစ်နေကြသည်။

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အဆိုပါရောဂါဖြစ်ပွားမှု များပြားနေလျှက်ရှိပြီး အစိုးရစိုက်ပျိုးရေးဘဏ်မှ ချေးငွေမှာလည်း အာဏာပိုင်များနှင့် အဆင်ပြေသူများသာ ရရှိသည့်အတွက်ဖြစ်သည်။

“ကျနော်တို့ဘက်မှာက နွားနဲ့ပဲ သုံးကြတယ် စက်သုံးဖို့ သိပ်အဆင်မပြေဘူး၊ အခုလို နွားတွေ တော်တော်များများက အဲလို ရောဂါတွေဖြစ်နေတော့ လယ်ထွန်ဖို့ အခက်အခဲဖြစ်နေတယ်၊ ချေးငွေကလဲ ရတဲ့သူက ရတယ်၊ မရသူတဲ့သူက များနေတော့ ဒီနှစ်မိုးစပါးစိုက်ဖို့ အခက်အခဲဖြစ်နေတာ” ဟု ဒေခံလယ်သမားတဦးကပြောသည်။

သာယာဝတီမြို့နယ်အတွင်းရှိ ဂုဏ်မင်းရောင်၊ သရက်ကုန်း၊ သဲဖြူ၊ အင်တောရိုး၊ ဂွေးချောင်း၊ ကျောက်တွင်း၊ သုံးထောင့်ကန် ကျေးရွာများတွင် ခိုင်းနွားများ ရောဂါဖြစ်ပွားမှု ပိုများကြောင်း ဆက်ပြောသည်။

အစိုးရက စိုက်ပျိုးစရိတ် တဧကလျှင် တသောင်းကျပ်နှုန်း ထုတ်ချေးပေးနေသော်လည်း ၁၀ ဧကအထိသာ ထုတ်ပေးခြင်းဖြစ်ပြီး လုံလောက်မှုမရှိသည့်အပြင် ဓါတ်မြေသြဇာ ထုတ်ဈေးမှာ အပြင်ဈေးနှုန်းထက် ပိုများနေကြောင်း ဒေသခံလယ်သမားက ဆက်ပြောသည်။

“အစိုးရထုတ်ပေးတဲ့ ယူရီးယားမြေသြဇာက အပြင်ဈေး ၁၈,၀၀၀ ပဲရှိတာ၊ ထုတ်ဈေးက ၂၀,၀၀၀ လောက်ဖြစ်နေတယ်၊ နောက်ပြီးအခုက မိုးကလဲ ခေါင်တယ်၊ ဆည်ရေလဲမရတော့ ပျိုးသက်တွေက ရင့်နေပြီး အခုထိ မစိုက်ရသေးဘူး” ဟု ပြောသည်။

သာယာဝတီမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၄၈ အုပ်စုရှိပြီး မိုးစပါးစိုက်ဧက (၁) သိန်းကျော်ရှိကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စပါးစိုက်ပျိုးထားမှုကို တိုင်းမှူးက လာရောက်ကြည့်ရှုသွားကြောင်း ၎င်းက ဆက်ပြောသည်။

“တိုင်းမှူးလာတော့ ဂုဏ်မင်းတောင်ရွာက ကိုမျိုးသိမ်း လယ် ၅ ဧကပဲ စိုက်ပြီးသေးတာကို ကြည့်သွားတာ၊ အဲဒီရွာမှာ ဧက ၂၀၀၀ ကျော်လောက်ရှိတာ၊ သူတယောက်ပဲ စိုက်ပြီးသေးတယ်၊ ကျန်တာတွေက ဘာမှမလုပ်ရသေးဘူး” ဟု ပြောသည်။

ပဲခူးတိုင်းအတွင်းရှိ လယ်သမားအများစုမှာ ယခုနှစ် မိုးစပါး စိုက်ပျိုးချိန်တွင် မိုးခေါင်ရေရှားအခြေအနေများ ကြုံတွေ့နေရပြီး စိုက်ပျိုးစရိတ် လုံလောက်မှုမရှိခြင်းတို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရလျှက်ရှိသည်။

အလားတူ နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသများမှ လယ်သမားများမှာလည်း မိုးစပါးစိုက်ပျိုးချိန်တွင် စိုက်ပျိုးစရိတ်မရှိခြင်းနှင့် ဆားငန်ရေလွှမ်းမှုကြောင့် မြေဆီများပျက်စီးကာ ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသည့် အခြေအနေများ ကြုံနေရသည်။