ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 19, 2009

စစ်အစိုးရ ပြန်လွှတ်ပေးသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၄၃ ဦးသာ ပါဝင်

ရိုးမ ၃

မနေ့က စစ်အစိုးရပိုင် မီဒီယာတွေများမှ နိုင်ငံသား အကျဉ်းသားအကျဉ်းသူ ၇,၁၁၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးမည့် သတင်း ကြေညာပြီးနောက် ယနေ့ မြန်မာပြည် အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၄၃ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPPB မှ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ သတင်းထုတ်ပြန်မှုတွင် ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားများနှင့် သူတို့ပြန်လွတ်လာသည့် နေရာများကို အောက်ပါအတိုင်း ဖော်ပြထားသည်။

၁။ မအိမ့်ခိုင်ဦး (အင်းစိန်)

၂။ ဦးတင်မြ (အင်းစိန်)

၃။ ကိုညီညီမင်း (ဘူးသီးတောင်)

၎။ ကိုကျော်ကျော်သန့် (အင်းစိန်)

၅။ မုံရွာ အောင်ရှင် (ခ) ဦးအေးကြူ

၆။ ဦးနိုင်းနိုင်း (အင်းစိန်)

၇။ မတင်တင်မြင့် (အင်းစိန်)

၈။ မသန်းသန်းဌေး (အင်းစိန်)

၉။ မသန်းသန်းဆင့် (မန္တလေး)

၁၀။ မသင်းမင်းစိုး (အင်းစိန်)

၁၁။ မကြည်ကြည်မင်း (အင်းစိန်)

၁၂။ ကိုဇော်ထွန်းအောင် (ကလေး)

၁၃။ ကိုတင်မျိုးထွဋ် (ခ) ကျော်ဦး (အင်းစိန်)

၁၄။ ဦးဝင်းမြင့် (အင်းစိန်)

၁၅။ ဦးကျော်မောင် (မြစ်ကြီးနား)

၁၆။ ဦးနေဝင်း (မြစ်ကြီးနား)

၁၇။ ဦးကြည်လင်း (မြစ်ကြီးနား)

၁၈။ ဦးစိုးဝေ (ခ) သန်းဇော် (မြစ်ကြီးနား)

၁၉။ အရှင် စန္ဒောဘာသ (အင်းစိန်)

၂၀။ ကိုအောင်ကြီး (အင်းစိန်)

၂၁။ ဒေါ်မီမီစိန် (အင်းစိန်)

၂၂။ ဦးဝင်းထိန် (ကသာ)

၂၃။ ဦးစိုးဟန် (လားရှိုး)

၂၄။ ဦးဘိုကြီး (ပဲခူး)

၂၅။ ဒေါ်ခင်ခင်လေး (ပဲခူး)

၂၆။ ဦးဖေတင် (ပဲခူး)

၂၇။ ဦးတင်မြင့်

၂၈။ ဒေါ်ဇင်မာထွေး (မော်လမြိုင်)

၂၉။ ကိုမိုးလှိုင် (မော်လမြိုင်)

၃၀။ ကိုမိုးလွင် (မော်လမြိုင်)

၃၁။ ကိုမျိုးမင်းလွင် (မော်လမြိုင်)

၃၂။ မဌေး (ခ) စန်းစန်းမြင့် (အင်းစိန်)

၃၃။ ကိုသက်ဦး (တောင်ငူ)

၃၄။ ဦးပဏ္ဏိတ (ခ) မြင့်အေး (တောင်ငူ)

၃၅။ ကိုဇော်ထွန်း (တောင်ငူ)

၃၆။ ကိုဘိုဘို (မြင်းခြံ)

၃၇။ မစန္ဒာ (မြင်းခြံ)

၃၈။ ကိုပြည့်ဖြိုးလှိုင် (ဘားအံ)

၃၉။ ကိုဝဏ္ဏစိုး (ဘားအံ)

၄၀။ ဦးဘချစ် (သာယာဝတီ)

၄၁။ ကိုအေးမင်းမင်း (သာယာဝတီ)

၄၂။ ကိုတင်ထွန်း (သာယာဝတီ)

၄၃။ ကိုရွှေသာ (သာယာဝတီ)

ယခုကဲ့သို့ စစ်အစိုးရက အကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့်ပြုရာတွင် ၎င်းတို့အနေဖြင့် မိမိအကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံတော်အကျိုးကို ထမ်းရွက်သွားနိုင်စေရန် ၇,၁၁၄ ဦးကို လွှတ်ပေးသည်ဟု ကြေညာခဲ့သော်လည်း အမှန်တကယ် နိုင်ငံအကျိုး၊ ဒေသအကျိုးအတွက် လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားအရေအတွက်မှ လွန်စွာ နည်းပါးနေသေးကြောင်း မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ဖြောဆိုဝေဖန်နေကြသည်။

Sep 18, 2009

မြင်းခြံတွင် သံဃာတော်များ ဖမ်းဆီးခံရ

ဉာဏ်မောင်

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် သံဃာ့နာယကအဖွဲ့ဝင်များ ပါဝင်သည့် အာဏာပိုင်အဖွဲ့များက သံဃာ ၄ ပါးကို မနေ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ အဖမ်းခံရသည့် သံဃာ ၄ ပါးအနက် ၂ ပါး၏ ဘွဲ့အမည်ကို သိရှိရပြီး ကျန် ၂ ပါးမှာ မည်သည့်ကျောင်းတိုက်က ဖြစ်သည်ကို မသိရှိရသေးကြောင်း မြို့ခံက ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရသည့် သံဃာများမှာ စွန်းလွန်းဂူကျောင်းမှ အရှင်နန္ဒဝံသ၊ သဲပင်တိုက်ကျောင်းမှ အရှင်စာဂရ တို့ဖြစ်ပြီး မည်သည့်အတွက် ဖမ်းဆီးသွားကြောင်း အတိကျမသိရသေးကြောင်း မြို့ခံက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း မြင်းခြံမြို့တွင် သံဃာတော်များကို ဆက်တိုက် ဖမ်းဆီးနေလျှက်ရှိပြီး တမြို့လုံးအနှံ့ လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု ၎င်းက ဆက်ပြောသည်။

“တမြို့လုံး လုံခြုံရေးတွေ ချထားတာ၊ အင်းအားပြတဲ့ သဘောနဲ့ပါ၊ သူတို့တွေ အဲလိုလုပ်တော့ အခမဲ့ ဆေးကုတာ၊ ပညာသင်ကြားရေးလုပ်ငန်းတွေ ရပ်ဆိုင်းကုန်တော့ မြို့ခံလူထုတွေက မကျေနပ်ကြဘူး” ဟု ပြောသည်။

စက်တင်ဘာသံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နီးလာချိန်တွင် အာဏာပိုင်များဘက်မှ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေပြီး ထပ်မံဖမ်းဆီးမည့် သတင်းများလည်း မြင်းခြံမြို့တွင် ထွက်ပေါ်နေလျှက်ရှိသည်ဟု ပြောသည်။

ထို့အပြင် မကြာသေးခင်ရက်ပိုင်းအတွင်းက မြန်မာပြည်အလယ်ပိုင်း မြို့ကြီးများတွင် သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကို မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် သံဃာများနှင့် အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေလျက်ရှိသည်။

အာဏာပိုင်များဘက်မှ သံဃာတော်များကို ဖမ်းဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ)က တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို လာမည့် သတင်းကျွတ်လပြည့်နေ့တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဆရာမများ၏ ဘက်လိုက်သင်ကြားမှုများကြောင့် ကျောင်းသားမိဘများ သားသမီးပညာရေးကို စိုးရိမ်နေ

ဖြိုးကြီး

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမက (၉) မှ ကျောင်းဆရာ၊ ဆရာမများက ကျောင်းသားကျောင်းသူများအပေါ် ဘက်လိုက်သင်ကြားမှုများ ပြုလုပ်နေခြင်းကြောင့် ကလေးငယ်များပညာရေးအတွက် စိုးရိမ်နေရကြောင်း ကျောင်းသား၏မိဘတဦးက ပြောသည်။

ထက်မြက်ထူးချွန်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို အတန်းပိုင်ဆရာမများက ၎င်းတို့ထံ ကျူရှင်တက်မှ ဂရုတစိုက် သင်ကြားပေးခြင်းများပြုလုပ်ပြီး အခြားကလေးငယ်များကို သင်ကြားပေးခြင်းမရှိဘဲ ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေလျှက်ရှိသည်။

“အခုထက်မြက်ထူးချွန်ဖြေမဲ့ ကလေးတွေတချို့က အတန်းပိုင်တွေဆီမှာ ကျူရှင်တက်ကြတယ်လေ၊ တကယ်ဆို အဲလိုဖြေဖို့ ဆရာမတွေက အားလုံးကို ဂရုတစိုက်သင်ပေးရမှာ၊ ကျူရှင်မတက်တဲ့ ကလေးတွေကြတော့ မသင်ပေးဘူးဖြစ်နေတာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

အတန်းပိုင်များထံ ကျူရှင်တက်သည့် ကျောင်းသားများကို လေ့လာနိုင်ရန် News light of Myanmar အမည်ရှိ study guard သတင်းစာများကို ပေးလေ့လာစေပြီး အခြားကျောင်းသားများကို လေ့လာခိုင်းခြင်းမရှိကြောင်း အဆိုပါ ကျောင်းသားမိဘက ဆက်ပြောသည်။

“သူတို့ပေးတဲ့ သတင်းစာကို ကျူရှင်မတက်တဲ့ ကလေးဆိုရင် ပေးမပြဖို့ ဆရာမတွေက မှာထားတာ၊ ဒါပေမဲ့ ကလေးအချင်းချင်းကတော့ ဆရာမ မသိအောင် ခိုးပေးနေရတာပေါ့” ဟု ပြောသည်။

ဆရာမများအနေဖြင့် ယခုကဲ့သို့ ကျောင်းသားများအပေါ် ခွဲခြားဆက်ဆံမှုများကြောင့် ကလေးငယ်များ ပညာရေးကို ထိခိုက်မှုများစွာ ဖြစ်ပေါ်ပြီး မြန်မာ့ပညာရေးစနစ်မှာ စိုးရိမ်စရာများရှိနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

Sep 17, 2009

အပိုင်း (၃)

အပိုင်း (၄)

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၆)

စောကျော်ကျော်မင်း

ယခင်ဆောင်းပါးတွင် ဖေါ်ပြထားသည့်အတိုင်း စုံစမ်းထောက်လှမ်းရန် အခွင့်ပေးခြင်းခံရသော ရဲအရာရှိ (သို့မဟုတ်) တရားရုံးမှ သင့်သည်ထင်မြင်သော တစုံတဦးသည် ၎င်းတို့စုံစမ်းထောက်လှမ်းသည့် တွေ့ရှိချက်ကို တရားရုံးတော်သို့ ပြန်လည်တင်ပြသောအခါတွင် တရားရုံးသည် ယခုအဆင့်တွင်မှသာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၄(၁) အရလည်းကောင်း၊ တရားရုံးများလက်စွဲ အပိုဒ် (၄၂၉) အရလည်းကောင်း ပြစ်မှုတစုံတရာကို အရေးယူသည့် ရာဇဝတ်တရားသူကြီးတစ်ဦးသည် အမှုကို အရေးယူဆောင်ရွက်ရန် လုံလောက်သည့် အကြောင်းရှိသည်ဟု ထင်မြင်လျှင်၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ဒုတိယဇယားတွင် ပြဌာန်းထားသည့်အတိုင်း သမ္မန်စာထုတ်ပေးရမည်ဟု ပြဌာန်းထားလျှင် သမ္မန်စာထုတ်ဆင့်ပေးရမည်ဖြစ်ပြီး၊ ဝရမ်းထုတ်ဆင့်ပေးရမည်ဟု ပြဌာန်းထားပါက ဝရမ်းထုတ်ဆင့်ပေးရမည်ဖြစ်သည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(ခ) သည် ဖမ်းဝရမ်းထုတ်ဆင့်ပေးရမည်ဟု ပြဌာန်းထားလေသည်။ ထိုသို့ တရားရုံးမှ ဖမ်းဝရမ်းထုတ်ဆင့်ပေးလိုက်သည့် အခါတွင်မှသာ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသူတို့ကို ဝရမ်းပြသ ဖမ်းဆီးခွင့်ရှိပေသည်။

သို့ရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေက ဝရမ်းထုတ်ဆင့်ရမည်ဟု ပြဌာန်းထားသည်မှန်သော်လည်း တရားသူကြီးက ၎င်း၏ ဆင်ခြင်တုံတရားအရ အမှုအသီးသီး၏ အကြောင်းခြင်းရာအခြေအနေတို့ကို ထောက်၍ စွပ်စွဲခံရသူကို တရားရုံးတော်သို့ ဖမ်းဆီးချုပ်နှောင်ခြင်းမပြုဘဲ လာရောက်အမှုရင်ဆိုင်နိုင်ရန် ဖမ်းဝရမ်းအစား သမ္မန်စာကိုလည်း ထုတ်ဆင့်ပေးနိုင်ပေသည်။

ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အမှုကို ဒဂုံမြို့သစ်တောင်ပိုင်းတရားရုံးတွင် ပြစ်မှုဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုသောအခါတွင် တရားလို ဒုရဲမှူး တင်မောင်အေးမှ ဦးတိုက်လျှောက်ထား တရားစွဲဆိုနေသည့်အချိန်နှင့် တပြိုင်နက်တည်း ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကိုလည်း လက်ထိပ်တန်းလန်းဖြင့် တရားရုံး တရားသူကြီးရှေ့မှောက်သို့ ပို့ဆောင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ ယခင်ဆောင်းပါးတွင် ဖော်ပြထားသော လုပ်ထုံးလုပ်နည်းအဆင့်ဆင့်၊ ဥပဒေပြဌာန်းချက်အဆင့်ဆင့်ကို လိုက်နာလုပ်ဆောင်ခြင်းမရှိကြောင်း ပေါ်ပေါက်လျက်ရှိပေသည်။

အမှန်အတိုင်းဝန်ခံရပါလျှင် ထိုအချိန်က ကျွန်တော့်နေဖြင့် အထက်ဖေါ်ပြပါ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ရှင်းရှင်းလင်းလင်း သိရှိထားခြင်းမရှိသေးပေ။ ယခုမှသာ ပြန်လည်လေ့လာဖတ်ရှု သိရှိလာခြင်းဖြစ်သည်။ အမှုတခုကို တရားရုံးတစ်ရုံးသို့ စွဲဆိုတင်ပို့ စစ်ဆေးကြသောအခါတွင် ဥပဒေပြဿနာနှင့် အကြောင်းခြင်းရာ ပြဿနာဟူ၍ ပြဿနာနှစ်ရပ်ကို ရင်ဆိုင်ကြရမည်ဖြစ်သည်။

ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို အမှုစတင်မစစ်ဆေးမီ တရားရုံးအချုပ်တွင် ခုခံကာကွယ်ရေးလမ်းကြောင်းအဖြစ် ပြောဆိုဆွေးနွေးခွင့် ရသောအခါတွင်လည်း ကျွန်တော်သည် အကြောင်းခြင်းရာပြဿနာများကိုသာ ပြောဆိုဆွေးနွေးမိသည်။

ကိုတင်ဝင်းအနေဖြင့် တရားစွဲဆိုသည့် ကဗျာများသည် ၎င်းကိုယ်တိုင် ရေးသားသည်မှန်သော်လည်း အများပြည်သူသို့ ထုတ်ဖေါ်ဖြန့်ချီခြင်းမျိုးမဟုတ်ဘဲ မိခင်ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပပေးလေ့ရှိသော နေ့ကြီးရက်ကြီးအခါသမယ အခမ်းအနားပွဲများတွင် နံရံကပ်စာစောင်ပြိုင်ပွဲများနှင့် ကဗျာပြိုင်ပွဲများတွင် ပေးပို့ယှဉ်ပြိုင်ရန် ရည်ရွယ်ရေးသားထားခြင်းဖြစ်ကြောင်းနှင့် ယင်းကဗျာစာရွက်နှစ်ရွက် ကိုညီညီမင်းနေအိမ် ရောက်ရှိနေရသည်မှာလည်း ကိုညီညီမင်းအနေဖြင့် ကိုတင်ဝင်းရေးသားသော ကဗျာစာသားများကို ကြိုက်နှစ်သက်လွန်းအားကြီးသဖြင့်သာ သိမ်းဆည်းထားခြင်းဖြစ်ကြောင်းတို့ကို အဓိကထား ခုခံကာကွယ်မည်ဖြစ်ကြောင်း ပြောဆိုဆွေးနွေးဖြစ်လေသည်။

ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့နှစ်ဦးသည် ဖမ်းဆီးခံရပုံချင်း မတူညီသကဲ့သို့ စစ်ကြောရေးလုပ်သည့် နေရာမှာလည်း မတူညီကြောင်း သိရှိရလေသည်။ ကိုညီညီမင်းကို ရန်ကုန်တိုင်းရဲရုံးချုပ်တွင် (ရန်ကုန်တိုင်းစုပေါင်းတရားရုံးအပေါ်ထပ်) ထ.လ.ရ (နိုင်) မှ ဖမ်းဆီးစစ်ကြောခဲ့ခြင်းဖြစ်သည်။ ကိုညီညီမင်း၏ ပြောကြားချက်အရ ညှဉ်းပမ်းနှိပ်စက်မှုများလည်း လုပ်ခဲ့ကြောင်းသိရသည်။ ကိုတင်ဝင်းကိုမူ မြို့နယ်ရဲအချုပ်တွင်သာ ထားရှိခြင်းဖြစ်ပေသည်။

ကျွန်တော်လိုက်ပါဆောင်ရွက်ရသည့် ပထမဆုံးအမှုဖြစ်သောကြောင့် စိုးရိမ်ကြောက်ရွံ့မိသည်မှာ အမှန်ဖြစ်သည်။ တရားခွင်တွင် ကိုယ်စားလှယ်လွှဲစာတင်သည့် အချိန်ကတည်းကပင် တုန်တုန်ယင်ယင်ဖြစ်နေပေသည်။ ၎င်းအမှုစစ်ဆေးမည်ကို လာရောက်ကြည့်ရှုကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကလည်း တရားရုံးအပေါက်ဝတွင် စောင့်ဆိုင်းကြည့်ရှုနေကြခြင်းဖြစ်သောကြောင့် တိုက်ပုံအနက်ဝတ် ခေါင်းပေါင်းဆောင်းထားသော ကျွန်တော့်အနေဖြင့် တရားခွင်ရှေ့တွင် ဟန်ကိုယ့်ဖို့ဆိုသည့်အတိုင်း တရားခွင်မှ ထွက်ပြေးချင်သည့် စိတ်ကို မနဲမျိုသိပ်ထားရပေသည်။

ပထမဆုံး ရုံးချိန်းရက်တွင် တရားလို ဒုရဲမှူး တင်မောင်အေး လာရောက်အစစ်ခံမည်ဆိုသော်လည်း မြို့နယ်ဥပဒေအရာရှိက အမှုတွဲ မလေ့လာရသေးဟူသော အကြောင်းပြချက်ဖြင့်လည်းကောင်း၊ ကျွန်တော့်အနေဖြင့်လည်း အမှုတွဲလေ့လာချင်ပါသေးသည်ဟူသော အကြောင်းပြချက်ဖြင့်လည်းကောင်း တရားရုံးသို့ တင်ပြကြရာ တရားရုံးမှ အမှုမစစ်ဆေးသေးဘဲ နောက်တပတ်သို့ ရုံးချိန်းချိန်းဆိုလိုက်လေသည်။

×××××
(ဆက်လက်ရေးသားပါအုံးမည်)


စာဖတ်သူများကိုအစဉ်လေးစားလျှက်-
စောကျော်ကျော်မင်း
(၂၂.၇.၂၀၀၉)

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၅)

စောကျော်ကျော်မင်း

ကျွန်တော် ရှေ့နေလိုက်ပါခွင့်လိုင်စင် ရရှိပြီး ပထမဆုံး စ၍လိုက်ပါဆောင်ရွက်ရသော အမှုမှာ ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ် တရားရုံးတွင်ဖြစ်သည်။ တရားလို ဒုရဲမှူး တင်မောင်အေးနှင့် စွပ်စွဲခံရသူများမှာ ဒဂုံမြို့သစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်ကြသည့် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ ဖြစ်ကြသည်။ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို ပြစ်မှုဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် မြို့နယ်ရဲမှူး ဦးတင်မောင်အေးက တရားလိုပြုလုပ် တရားစွဲဆိုခြင်းဖြစ်ကာ ၂၀၀၈ ခုနှစ် ပြစ်မှုကြီးမှုအမှတ် ၄၉၄ ဖြင့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားသူကြီးရုံးမှ လက်ခံကာ အမှုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် သင်္ကြန်ပွဲတော်တွင် ကိုတင်ဝင်းနှင့်အတူ ဒဂုံမြို့သစ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်များသည် “NO” မဏ္ဍပ်ကို ဆောက်လုပ် ရေကစားကြသည်။ ထိုအချိန်က လူထုဆန္ဒခံယူပွဲ ကျင်းပပေးမည်ဟု န.အ.ဖအစိုးရက ကြေငြာထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း မဲရုံကိုသွား၍ ကန့်ကွက်မဲပေးကြရန် ပြည်သူလူထုကို ပန်ကြားချက်ထုတ်ပြန်ထားသော အချိန်ဖြစ်သည်။ ထိုအချိန်တွင် ကိုတင်ဝင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်များက ရေကစားမဏ္ဍပ်ကို “NO” ဟူသော အမည်ဖြင့် ဖွင့်လှစ်ရေကစားခြင်းမှာ မြို့နယ်အာဏာပိုင်များအတွက် ကြီးစွာသော စိုးရိမ်ပူပန်မှု၊ တုန်လှုပ်မှုကို ဖြစ်ပေါ်စေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

သို့သော် သင်္ကြန်ကာလတွင် ရေကစားမဏ္ဍပ်ကို ပိတ်ခိုင်း၍မရသကဲ့သို့ “NO” ဟူသော အမည်မပေးပါနှင့်ဟူ၍လည်း တားဆီးပိတ်ပင်၍ မရပေ။ ထို့ကြောင့် အာဏာရှင်တို့၏ထုံးကို နှလုံးမူကာ ကိုတင်ဝင်းကို တနည်းမဟုတ်တနည်း ဖမ်းဆီးရန် ကြံရွယ်လုပ်ကြတော့သည်။

ဒုရဲမှူး တင်မောင်အေးခေါင်းဆောင်သော အဖွဲ့သည် နယ်မြေတည်ငြိမ်ရေးဟူသော အကြောင်းပြချက်ဖြင့် ဧည့်စာရင်းစစ်သည်။ ကိုညီညီမင်း၏ နေအိမ်တွင်မူ ဧည့်စာရင်းစစ်ပါမည်ဟူသော အကြောင်းပြချက်ဖြင့် ဝင်ရောက်ရှာဖွေတော့သည်။ ထိုသို့ရှာဖွေရာတွင် ကဗျာရှင် တင်ဝင်းဟူ၍ ရေးသားထားသော ကဗျာစာရွက်နှစ်ရွက်ကို စာအုပ်စင်၏ စာအုပ်နှစ်အုပ်ကြားတွင် ညှပ်ထားသည်ကို တွေ့ရှိသိမ်းဆည်းလိုက်သည်။ ယင်းအချိန်တွင် ကိုညီညီမင်းမှာ နေအိမ်တွင်မရှိသောကြောင့် အဖမ်းမခံရသေးပေ။

ထို့နောက် ကိုတင်ဝင်းနေအိမ်သို့ လည်းသွားရောက်ကာ ဧည့်စာရင်းစစ်ပါမည်ဟူသော အကြောင်းပြချက်နှင့်ပင် ဝင်ရောက်ရှာဖွေပြန်သည်။ ထိုကဲ့သို့ရှာဖွေရာတွင် ကိုတင်ဝင်းကိုယ်တိုင် လက်ရေးဖြင့်ရေးသားထားသော မူရင်းကဗျာများပါဝင်သည့် စာအုပ်နှင့်အတူ 'FREE AUNG SAN SUU KYI' စာတမ်းပါ တီရှပ်တစ်ထည်၊ 'အမျိုးသားပြန်လည်သင့်မြတ်ရေး' စာတမ်းပါ တီရှပ်တစ်ထည် စသည်တို့ကို တွေ့ရှိသိမ်းဆည်းလိုက်သည်။ ကိုတင်ဝင်းကို နောက်တနေ့တွင် ဖမ်းဆီးပြီး ကိုညီညီမင်းကိုမူ တစ်ပတ်ကျော်ကျော်အကြာတွင်မှ ဖမ်းဆီးခဲ့သည်။

ယင်းကဗျာစာရွက်နှစ်ရွက်၊ မူရင်းကဗျာများ ရေးသားထားသည့် စာအုပ်တစ်အုပ်၊ တီရှပ်နှစ်ထည်တို့ကို အခြေခံ၍ အမှုတည်ဆောက်ကာ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို ပြစ်မှုဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ ရေးသားထားသော ကဗျာများမှာ “ခွပ်ဒေါင်းအားမာန်” နှင့် တခြားကဗျာများ ပါဝင်လေသည်။

ကျွန်တော့်အနေဖြင့် ထိုအမှုကို လိုက်ပါဆောင်ရွက်ရန် အခွင့်တိုက်ဆိုင်လာသည်။ အကြောင်းမှာ ထိုအချိန်တွင် ကျွန်တော်၏ ဆရာများသည်လည်းကောင်း၊ ကျွန်တော့်ထက် အတွေ့အကြုံများသည့် လူငယ်ရှေ့နေများသည်လည်းကောင်း နိုင်ငံရေးအမှုများကို အားလပ်ချိန်မရှိလောက်အောင်ပင် လိုက်ပါဆောင်ရွက်နေရသောကြောင့် ဖြစ်သည်။ ဆရာဦးခင်မောင်ရှိန်မှ ရှေ့နေကိုယ်စားလှယ် လွှဲစာပေါ်တွင် ပူးတွဲလက်မှတ် ရေးထိုးပေးပြီး ကျွန်တော့်အား လိုက်ခိုင်းတော့သည်။

ပြစ်မှုဥပဒေပုဒ်မ ၅၀၅(ခ) ၏ အဓိပ္ပာယ်ဖွံ့ဆိုချက်အကျဉ်းမှာ “အများပြည်သူ၏ အကျိုးပျက်စီးမှုကို ဖြစ်စေမှု” ဖြစ်သည်။ အကျယ်မှာ မည်သူမဆို ဖေါ်ပြချက်/ကောလဟာလ သတင်းကို ထုတ်ပြန်ကြေငြာရာတွင် သို့မဟုတ် ဖြန့်ချီရာတွင်၊ နိုင်ငံတော်အစိုးရ/ ငြိမ်ဝပ်ရေး ထိခိုက်သည့်ပြစ်မှုကို တဦးယောက်သောသူက ကျူးလွန်ချင်လာအောင်၊ အများပြည်သူ/ သီးခြားလူတစုကို ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ တခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့မဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ပြစ်မှုမြောက်သည်ဟု ပြဌာန်းထားလေသည်။

ပြစ်မှုကျူးလွန်သူ တဦးတယောက်ကို ဖမ်းဆီးမည်ဆိုရာတွင် ရဲအရေးပိုင်သည့် အမှုရှိသကဲ့သို့ ရဲအရေးမပိုင်သည့် အမှုလည်း ရှိပေသည်။ ရဲအရေးမပိုင်သည့်အမှုကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ဇယား (၂) စာတိုင် (၃) ပြန်ဌာန်းချက်ပါ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိဟု အတိအလင်း ပြဌာန်းထားသည်။ ပြစ်မှုဥပဒေပုဒ်မ ၅၀၅(ခ) သည် ရဲအရေးမပိုင်သော အမှုပင်ဖြစ်သည်။

ရဲအရေးယူပိုင်ခွင့်မရှိသော အမှုများတွင် ပြစ်မှုကျူးလွန်ကြောင်း ရဲတပ်ဖွဲ့စခန်းမှူးထံ သတင်းပေးလာလျှင် ရဲအရာရှိသည် ထိုသတင်းပေးချက်အကျဉ်းချုပ်ကို သတ်မှတ်ထားသည့် ပုံစံအတိုင်း ထားရှိသည့် မှတ်တမ်းစာအုပ်တွင် ရေးသွင်း၍ ထိုသတင်းပေးသူကို ရာဇဝတ်တရားသူကြီးထံ သွားရောက်ရန် လမ်းညွှန်ပေးရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၅(၁) တွင် ပြဌာန်းထားပေသည်။ ရဲလက်စွဲဥပဒေ အပိုဒ် ၁၄၅၄ တွင်လည်း ရဲတပ်ဖွဲ့ဝင်များသည် ဆင်ခြင်တိုင်းထွာပြီး အများပြည်သူတို့အကျိုးအတွက် လိုအပ်လျှင် (လူတဦး သို့မဟုတ် လူအချို့ အကျိုးခံစားရန်အတွက် မဟုတ်ချေ) အခွင့်အာဏာရှိ ရာဇဝတ်တရားသူကြီးများထံ ရဲအရေးမယူပိုင်သော အမှုများကို သက်ဆိုင်ရာဥပဒေနှင့် ပုဒ်မများအရ စွဲဆိုလျှောက်ထားရမည်ဟု ဖေါ်ပြထားလေသည်။

ယင်းကဲ့သို့ ရာဇဝတ်တရားသူကြီးထံ သွားရောက်လျှောက်ထား အမှုစွဲဆိုသည့်အခါမှသာ ရာဇဝတ်တရားသူကြီးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ တိုင်တန်းသူကို ကျမ်းသစ္စာကျိန်ဆိုစေ၍ ချက်ခြင်းစစ်ဆေးရမည်ဖြစ်သည်။ ယင်းကို တရားရုံးတော်၌ ဦးတိုက်လျှောက်ထား တရားစွဲဆိုသည်ဟု ခေါ်ဆိုလေသည်။ တရားရုံးများလက်စွဲ အပိုဒ် ၄၂၅ တွင်လည်း အထက်ပါအတိုင်း ဖေါ်ပြထားလေသည်။ ထို့ပြင် တရားရုံးများလက်စွဲ အပိုဒ် ၄၂၅(ခ) တွင် တိုင်လျှောက်သူ တရားလို၏ စစ်မေးချက်မှာ စစ်မေးသည်ဆိုရုံမျှသာ မဖြစ်စေရ။ အမှုဆက်လက်ဆောင်ရွက်ရန် လုံလောက်သော အခြေခံရှိမရှိကို ရာဇဝတ်တရားသူကြီးက ချင့်ချိန်ဆုံးဖြတ်နိုင်လောက်အောင် တိုင်လျှောက်ချက်ပါ အကြောင်းအရာနှင့်တကွ ထိုတိုင်လျှောက်ချက်ကို အထောက်အခံအဖြစ် တင်ပြနိုင်မည့် သက်သေခံချက်တို့ကိုပါ ဉာဏ်အမြော်မြင်ဖြင့် စုံစမ်းစစ်ဆေးခြင်းဖြစ်စေရမည်ဟု ဖေါ်ပြထားလေသည်။

ယခုအဆင့်အထိ ဦးတိုက်လျှောက်ထား တရားစွဲဆိုသည့် ရဲအရာရှိသည် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူကို ဖမ်းဆီးရန်ဝေးစွ၊ ယင်းအမှုကို စုံစမ်းရန်ပင် အခွင့်အဏာမရှိသေးချေ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၅(၂) တွင် ရာဇဝတ်တရားသူကြီး၏အမိန့် မရရှိဘဲ မည်သည့်ရဲအရာရှိကမျှ ရဲအရေးယူပိုင်ခွင့်မရှိသော အမှုကို စုံစမ်းထောက်လှမ်းခြင်းမပြုရဟု အတိအလင်း ပြဌာန်းထားပေသည်။

အထက်ပါကဲ့သို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုသည့် အမှုကို ရာဇဝတ်တရားသူကြီးက လက်ခံလိုက်သောအခါတွင်မှသာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရလည်းကောင်း၊ တရားရုံးများလက်စွဲ အပိုဒ် ၄၂၆ အရလည်းကောင်း မိမိလက်အောက်ရှိ ရာဇဝတ်တရားသူကြီး တဦးဦးကိုဖြစ်စေ၊ သင့်သည်ထင်မြင်သည့် တခြားသူတဦးတယောက်ကိုဖြစ်စေ၊ ရဲအရာရှိတဦးဦးကိုဖြစ်စေ တိုင်တန်းချက်မှန်မမှန် သိသာရန်ကိစ္စအလို့ငှာ စုံစမ်းထောက်လှမ်းခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း ပြုလုပ်ရမည့်အကြောင်း ညွှန်ကြားနိုင်ပေသည်။

ညွှန်ကြားချက်ရရှိသော အခါတွင်မှသာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၅(၃) ပြဌာန်းချက်ပါအတိုင်း စုံစမ်းထောက်လှမ်းရန် အမိန့်မျိုးရရှိမှသာ မည်သည့်ရဲအရာရှိမဆို ရဲအရေးယူပိုင်ခွင့်ရှိသော အမှု၌ သုံးစွဲနိုင်သော ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူးတစ်ဦးရရှိသော အာဏာများကို သုံးစွဲလျှက် စုံစမ်းထောက်လှမ်းနိုင်သည်။ သို့သော် ဝရမ်းမပါဘဲ ဖမ်းဆီးရန် အာဏာမရှိပေဟု ပြဌာန်းထားသည့်အတိုင်း ယခုအဆင့်မှသာ စတင်၍ ရာဇဝတ်တရားသူကြီးတဦးဦး၏ ခွင့်ပြုမိန့်နှင့်အညီ စတင်စုံစမ်းထောက်လှမ်းရမည်ဖြစ်ပေသည်။ သို့ရာတွင် စုံစမ်းထောက်လှမ်း၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့်တိုင်အောင် ရဲအရာရှိ၌ ၎င်း၏သဘောဆန္ဒအတိုင်း ဖမ်းဆီးရန် အခွင့်အာဏာမရှိသေးပေ။
xxxxxx
(ဆက်လက်ရေးသားပါအုံးမည်)


စာဖတ်သူများကိုအစဉ်လေးစားလျှက်-
စောကျော်ကျော်မင်း
(၂၄.၆.၀၉)

အပိုင်း (၅)

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၄)

စောကျော်ကျော်မင်း

ယခင်ဆောင်းပါးတွင် ရဲများ၏ စွပ်စွဲခံရသူတဦးဦးအပေါ်တွင် ဖြောင့်ချက်ရယူခြင်းမှာ ပြစ်မှုကျူးလွန်ခြင်းပင်ဖြစ်ကြောင်းကို ဥပဒေအထောက်အထားများဖြင့် တင်ပြခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ ရဲထံပေးသော ဖြောင့်ချက်ကို တရားရုံးများတွင် သက်သေခံအဖြစ် တင်သွင်းလာလျှင် တရားရုံးများအနေဖြင့် တရားဥပဒေနှင့်အညီ ပယ်ချရမည်သာဖြစ်လေသည်။

ရဲထံပေးသော ဖြောင့်ချက်သည် သက်သေခံမဝင်သော်လည်း တရားသူကြီး တဦးဦးထံပေးသော ဖြောင့်ချက်သည် တရားဝင် သက်သေခံအဖြစ် တင်ပြခွင့်ရှိပေသည်။ သို့ရာတွင် ဖြောင့်ချက်ယူသော တရားသူကြီး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း မြောက်များစွာ ရှိပေသည်။ ထိုစည်းမျည်းစည်းကမ်းများထဲမှ တခုခုကို ဖေါက်ဖျက်မိရုံ (သို့မဟုတ်) သတိချွတ်ချော် မလိုက်နာမိရုံကာမျှဖြင့် ထိုတရားသူကြီးထံတွင် ပေးထားသော (သို့မဟုတ်) ထိုတရားသူကြီး ရယူထားသော ဖြောင့်ချက်တခုလုံး ပျက်ပြယ်သွားတတ်ကြသည်မဟုတ်သော်လည်း အရေးကြီးသော အကြောင်းအရာ၊ လုပ်ထုံးလုပ်နည်းများကိုမူ မလွဲမသွေ လိုက်နာကျင့်သုံးကြရမည်ဖြစ်ကာ မှားယွင်းချွတ်ချော်သွားပါက ဖြောင့်ချက်တခုလုံး ပျက်ပြယ်သွားတတ်သည်။

ပြစ်မှုကျူးလွန်သူတဦးဦးသည် ၎င်းကျူးလွန်ခဲ့သော ပြစ်မှုကို တရားသူကြီးတဦးဦးထံတွင် ဝန်ခံထွက်ဆိုခြင်းမှာ လွန်စွာအရေးကြီးသော ကိစ္စဖြစ်ပေသည်။ မိမိကိုယ်တိုင် ပြစ်မှုကျူးလွန်မိခဲ့သည့်အတွက် နောင်တွင် မိမိအပေါ်သို့ ကျရောက်မည့် ပြစ်ဒဏ်ကို ခံယူပါ့မည်ဟူသော သဘောသက်ရောက်ပေသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံချက် (သို့မဟုတ်) ဖြောင့်ချက်သည် ပြစ်မှုကျူးလွန်သူ၏ သဘောဆန္ဒအလျောက် ပေးသည့် ဝန်ခံချက်မျိုး (သို့မဟုတ်) ဖြောင့်ချက်မျိုးဖြစ်ရန် လိုအပ်ပေသည်။ ထိုကဲ့သို့ ပြစ်မှုကျူးလွန်သူကိုယ်တိုင် ၎င်း၏ သဘောဆန္ဒအလျောက်ပေးသည့် ဖြောင့်ချက်မျိုးကို ရရှိနိုင်ရန်အတွက် ဥပဒေဖြင့် စည်းကမ်းသတ်မှတ်ချက်များ သတ်မှတ်ကာကွယ်ပေးထားရခြင်းဖြစ်သည်။ တနည်းအားဖြင့် ပြစ်မှုကျူးလွန်သူအတွက် ဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးကို သတ်မှတ်ထားခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူကိုယ်တိုင်၏ အမှန်တကယ် ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ဖြောင့်ဆိုဝန်ခံချက်ဖြစ်သည်ဟု ယုံကြည်လက်ခံနိုင်မှသာလျှင် ၎င်း၏ ဖြောင့်ဆိုဝန်ခံချက်ကို ရေးမှတ်ယူခွင့်ပြုလေသည်။

ဖြောင့်ဆိုဝန်ခံချက်သည် ပြစ်မှုကျူးလွန်သူကိုယ်တိုင်၏ သဘောဆန္ဒအလျောက် ပေးသော ဖြောင့်ဆိုဝန်ခံချက်မဟုတ်ပါက သက်သေခံမဝင်ပေ။ “ဖြောင့်ချက်ယူသည့် တရားသူကြီးအား ဖြောင့်ချက်မယူမီ တရားခံအား မေးမြန်းခဲ့ခြင်းရှိမရှိ၊ ထိုသို့ မေးမြန်းသည့်အခါ တရားခံသည် ၎င်း၏ သဘောဆန္ဒအလျောက် ဖြောင့်ဆိုသည်ဟု ယုံကြည်ခဲ့ခြင်းရှိမရှိ၊ ရေးယူသော ဖြောင့်ချက်သည် တရားခံပြောသည့်အတိုင်း အမှန်အကန် အပြည့်အစုံ ပါရှိခြင်းရှိမရှိ စစ်မေးရသည်” ဟု မောင်ဝဲအမှု၊ အောက်မြန်မာပြည်စီရင်ထုံး အတွဲ ၂၊ စာမျက်နှာ ၃၁၇ တွင်လည်းကောင်း၊ “တရားခံသည် မိမိသဘောဆန္ဒအလျောက် ဖြောင့်ချက်ပေးခြင်းဟုတ်မဟုတ် သိရှိရန် လုံလောက်သော မေးမြန်းစစ်ဆေးမှု မပြုလုပ်ပါက ဖြောင့်ချက်သည် သက်သေခံမဝင်” ဟု သိန်းအောင်အမှု၊ အောက်မြန်မာပြည် စီရင်ထုံး အတွဲ ၃၊ စာမျက်နှာ ၁၇၃ တွင်လည်းကောင်း အတိအလင်း စီရင်ထုံးဖွဲ့ထားပေသည်။

ပြစ်မှုကျူးလွန်သူတဦးဦးထံမှ ဖြောင့်ချက်ယူရာတွင် လိုက်နာရမည့် နည်းဥပဒေများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၁၆၄) နှင့် (၃၆၄) တို့တွင် အတိအလင်း ပြဌာန်းထားသည်။ ဖြောင့်ချက်ရေးမှတ်ရယူသော တရားသူကြီးတိုင်းသည် ဖြောင့်ချက်ကိုရေးသွင်းရန် ပုံစံ (၆၉) ကိုသာ အသုံးပြုရမည်ဖြစ်ကာ ထိုပုံစံ (၆၉) တွင် ရေးသွင်းရန် အကြောင်းအရာတိုင်းကို ထိုတရားသူကြီးသည် အလေးအနက် ဂရုပြုရေးသွင်းရမည်ဖြစ်ပေသည်။ ထိုတရားသူကြီး၏ အရေးအကြီးဆုံး တာဝန်ဝတ္တရားမှာ ဖြောင့်ဆိုဝန်ခံချက်ပေးမည့်သူသည် ၎င်းကိုယ်တိုင် ၎င်း၏ သဘောဆန္ဒအလျောက် ပေးသည့် ဖြောင့်ဆိုဝန်ခံချက် ဟုတ်မဟုတ်ဆိုသည်ကို ယုံကြည်ကျေနပ်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ မေးမြန်းခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်ရပေသည်။ ထို့ပြင် ထိုသို့ ယုံကြည်ကျေနပ်ပါကလည်း ဖြောင့်ချက်ပေးရန် အကြောင်းဖြစ်ပေါ်လာသည့် အကြောင်းခြင်းရာ အတိအကျတို့မှစတင်၍ တရားခံသည် ရဲအချုပ်တွင် အချိန်မည်မျှကြာအောင် ဖမ်းဆီးချုပ်နှောင်ခံထားရခြင်း၊ ဖြောင့်ချက်ပေးဆိုရန်အတွက် ရဲက ခြိမ်းခြောက်ခြင်းရှိမရှိ၊ မတော်သြဇာလွမ်းမိုးမှုရှိမရှိ၊ ရိုက်နှက်ညှဉ်းပမ်း နှိပ်စက်ခြင်းရှိမရှိ စသည်တို့ကို မေးမြန်းစုံစမ်း၍ အတိအကျ ရေးမှတ်ရယူရမည်ဖြစ်ပေသည်။

ဖြောင့်ချက်မရယူမီအချိန်ကပင် တရားသူကြီးသည် ဖြောင့်ဆိုဝန်ခံချက်ပေးမည့်သူအား ရဲ၏ သြဇာလွှမ်းမိုးမှုမရှိသည့် အခြေအနေနှင့် နေရာဒေသတွင် အချိန်ပေး၍ စဉ်းစားဆင်ခြင်ခွင့်ပေးရမည်ဖြစ်သည်။ ရဲက ညှဉ်းပန်းနှိပ်စက်သည်ဟု အလိုအလျောက်ပြောဆိုလာလျှင် ဖြောင့်ချက်ယူမည့် တရားသူကြီးသည် အချိန်မဆိုင်း ရေးသွင်းမှတ်တမ်းတင်ရမည်ဖြစ်သည်။ ထို့ပြင် မတော်မလျှော် အကျပ်အတည်းဖြစ်စေရန် ပြုလုပ်ကြောင်း တွေ့ရှိရပါက ချက်ချင်း စုံစမ်းစစ်ဆေးရမည်ဖြစ်သည်။ ဖြောင့်ချက်ပေးပြီးသော သူကိုလည်း ရဲစခန်းအချုပ်သို့ ပြန်လည်ပို့ဆောင် ချုပ်နှောင်ခွင့်မရှိပေ။

အထက်ဖေါ်ပြပါ အကြောင်းခြင်းရာများအနက် ပြစ်မှုကျူးလွန်သူကို ရဲအချုပ်တွင် အချိန်မည်မျှကြာကြာ ဖမ်းဆီးချုပ်နှောင်ထားသည် ဆိုသည့်အချက်က ၎င်းကိုယ်တိုင် သဘောဆန္ဒအလျောက် ထွက်ဆိုသည့် ဖြောင့်ချက်ဟုတ်မဟုတ်ဆိုသည်ကို စိစစ်ရာတွင် အလွန်အရေးပါသည့် အချက်ဖြစ်ပေသည်။ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူတဦးသည် ရဲအချုပ်တွင် ဥပဒေပြဌာန်းချက်များအတိုင်း ညီညွတ်မှုမရှိဘဲ အချိန်ကြာမြင့်စွာ ချုပ်နှောင်ခံထားရပြီး နောက်ပိုင်းတွင်မှ ဖြောင့်ဆိုဝန်ခံချက်ပေးလျှင် ဖြောင့်ချက်ကိုရယူမည့် တရားသူကြီးသည် လွန်စွာ စဉ်းစားချင့်ချိန်ရမည်ဖြစ်သည်။

ကျွန်တော်လိုက်ပါဆောင်ရွက်ခဲ့ရသော အမှုအချို့တွင် ဖြောင့်ချက်ပေးထားသော အမှုများလည်း ပါဝင်လေသည်။ ထိုအမှုများတွင် ဖြောင့်ချက်ရယူကြသော တရားသူကြီးများသည် ရဲအချုပ်တွင်ရှိစဉ်က စွပ်စွဲခံရသူများကို ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ ဖြောင့်ချက်ပေးရန်အတွက် သွေးဆောင်စည်းရုံးခြင်းများ၊ မတော်သြဇာ လွှမ်းမိုးမှုများကို ပြုလုပ်ခဲ့သည်ဟု သိရှိထားသည့်အပြင် မတော်မလျော် အကျပ်အတည်းဖြစ်စေရန် ပြုလုပ်မှုများရှိကြောင်းကိုလည်း ဖြောင့်ချက်ပေးမည့် စွပ်စွဲခံရသူများက ပြောဆိုသဖြင့် သိရှိထားကြကာ ချုပ်နှောင်ထားသည့် ကာလမှာလည်း ဥပဒေပြဌာန်းချက်များနှင့်မညီဘဲ ကာလကြာမြင့်စွာ ချုပ်နှောင်ထားခြင်းဖြစ်ကြောင်းတို့ကို သိရှိသော်လည်း ထိုအချက်များကို အလေးမထား၊ ဂရုမပြု၊ စွပ်စွဲခံရသူများထံမှ ဝန်ခံချက်ရရန်ကိုသာ အလေးထား လုပ်ဆောင်ခဲ့ကြောင်း တွေ့ရပေသည်။

တရားသူကြီးများသည် တရားဥပဒေပြဌာန်းချက်များအတိုင်း တရားမျှတမှုကို ဖေါ်ဆောင်ပေးကြရသူများ ဖြစ်သည်။ နိုင်ငံတနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်ရာတွင် တရားရုံးများသည် အရေးအကြီးဆုံးသော အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပေသည်။ ထို့ကြောင့် တရားသူကြီးများ၏ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်မှု၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံမှုတို့ဖြင့် ဆင်ခြင်တုံတရားရှိရှိ အဂတိတရားကင်းစင်စွာ စဉ်းစားဆုံးဖြတ်နိုင်စွမ်းတို့သည် ယနေ့မြန်မာနိုင်ငံ တရားစီရင်လောကတွင် အထူးလိုအပ်လျက်ရှိသော လိုအပ်ချက်တရပ် ဖြစ်ပေသည်။ ထို့ပြင် စွပ်စွဲခံရသူတဦးဦးသည် အမှန်တကယ် ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းခံလိုက်ရပါက ထိုသူ၏ ဘဝသည် လွန်စွာ ထိခိုက်နစ်နာသွားပေလိမ့်မည်။ ဘဝပင်ပျက်သွားနိုင်သည်ကို ပြစ်ဒဏ်ချမှတ်ကြသော တရားသူကြီးများ၏ ပင်ကိုယ်အသိတရားအရပင် သိရှိထားကြပြီးဖြစ်ပေသည်။

တရားဥပဒေ၏ကျောရိုးမှာ တရားမျှတမှုပင်ဖြစ်သည်။ တရားမျှတမှုဆိုသည်မှာလည်း နစ်နာသူတို့၏ ကုစားခွင့်ကို အာမခံပေးရန်နှင့် ကျူးလွန်သူကို ကျူးလွန်သည်နှင့်ညီမျှသော ပြစ်ဒဏ်ပေးရန်၊ အပြစ်မဲ့သူတို့ကို ပြစ်မှုကျူးလွန်သူတို့၏ ရန်မှ အကာအကွယ်ပေးရန်တို့ပင်ဖြစ်တော့သည်။
×××××
ဆက်လက်ရေးသားပါအုံးမည်


စာဖတ်သူများကို အစဉ်လေးစားလျက် -
စောကျော်ကျော်မင်း
၅.၅.၂၀၀၉

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၃)

စောကျော်ကျော်မင်း

ယခင်ဆောင်းပါးတွင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်မှုများ ကျူးလွန်ခြင်းသည် ရာဇဝတ်မှုကျူးလွန်ခြင်းပင်ဖြစ်ကြောင်း၊ ၁၉၉၅ ခု ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် သုံးသပ်ဖေါ်ပြခဲ့ပြီးဖြစ်သည်။ အမှုစစ် (သို့) ရဲအရာရှိတယောက်အနေဖြင့် အမှုတခုကို မေးမြန်းစုံထောက်သည့်အခါတွင် ပထမသတင်းပေးတိုင်ချက်တွင်ပါရှိသော အချင်းအရာများ မှန်မမှန်၊ မိမိမေးမြန်းစုံထောက်နေစဉ် တွေ့ရှိရသည့် အချင်းအရာများနှင့် အခြေအနေများက ပြစ်မှုတစုံတခုကို ဖော်ထုတ်ပေးနိုင်မှု ရှိ/မရှိနှင့် မည်သူမည်ဝါတို့က အမှန်တကယ် ပြစ်မှုကျူးလွန်ထားသူများ ဖြစ်သည်/မဖြစ်သည်ကို သိရှိနိုင်ရန်အတွက် မေးမြန်းစုံစမ်းရခြင်းဖြစ်ပေသည်။ အရေးအကြီးဆုံး တာဝန်မှာ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးအတွက်ပင် ဖြစ်သည်။ ထိုသို့ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရာတွင်လည်း နည်းမှန်လမ်းမှန်ဖြင့် တရားဥပဒေနှင့်အညီ ဖော်ထုတ်ကြရမည်ဖြစ်ပေသည်။

ပြစ်မှုတခုကို စုံစမ်းထောက်လှမ်းရသည့် ရဲဝန်ထမ်းတဦး၏ အဓိကတာဝန်နှင့် ရည်ရွယ်ချက်မှာ အမှန်တရား ဖော်ထုတ်နိုင်ရန်အတွက်ပင်ဖြစ်သည်။ ထို့ကြောင့် အမှန်တရားကို တရားဥပဒေ လမ်းကြောင်းများနှင့်အညီ ဖေါ်ထုတ်ကြရာတွင် အပင်ပန်းအဆင်းရဲ ခံကြရမည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် ယနေ့ကာလတွင် မြန်မာနိုင်ငံ ရဲအတော်များများသည် ထိုကဲ့သို့ အပင်ပန်းအဆင်းရဲ မခံကြတော့ဘဲ တရားဥပဒေနှင့်မညီသော ရဲထံပေးသည့် ဖြောင့်ချက်များကို ညှဉ်းပန်းနှိပ်စက်သည့် နည်းလမ်းအမျိုးမျိုး အသုံးပြု၍ ရယူလာကြသည်။ ထိုကဲ့သို့ အပြစ်ရှိကြောင်း ဝန်ခံချက်ကို ရအောင်ယူခြင်းမှာ ကြီးလေးသော တာဝန်ဝတ္တရားပျက်ကွက်မှုပင်ဖြစ်ပေသည်။

ရဲရှေ့အစစ်ခံချက်သည် တရားရုံးတော်တွင် သက်သေခံမဝင်ကြောင်းကို သက်သေခံဥပဒေပုဒ်မ ၂၄၊ ၂၅၊ ၂၆ တို့တွင် အတိအလင်း ပြဌာန်းထားသည်။ သက်သေခံဥပဒေပုဒ်မ ၂၄ တွင် ဖြောင့်ချက်ကို သွေးဆောင်/ခြိမ်းခြောက်/ကတိပြု၍ ရယူခြင်း။

ထိုသို့ သွေးဆောင်/ခြိမ်းခြောက်/ကတိပြုသူမှာ အခွင့်အာဏာရှိသူတဦးက ပြုလုပ်ခြင်း။ ထိုသို့ပြုလုပ်သဖြင့် အမှုနှင့်ပတ်သက်၍ အကျိုးတစုံတရာခံစားရမည် (သို့မဟုတ်) လောကီအန္တရာယ်ရာယ် တခုခုမှ ကင်းလွတ်လိမ့်မည်ဟု တရားခံက ယူဆနိုင်ရန်အကြောင်းရှိခြင်း၊ စသည့် အကြောင်းအချက်များ ရှိပါက သက်သေခံမဝင်ကြောင်း အတိအလင်းပြဌာန်းထားသည်။

သက်သေခံဥပဒေပုဒ်မ ၂၅ တွင် ရဲအရာရှိထံတွင်ပြုလုပ်သော ဖြောင့်ချက်က မည်သည့်ပြစ်မှုဖြင့်ဖြစ်စေ စွပ်စွဲခြင်းခံရသော တရားခံတဦးအပေါ်၌ သက်သေခံတင်ပြခြင်းမပြုရဟု အတိအလင်းပြဌာန်းထားသည်။ သက်သေခံဥပဒေပုဒ်မ ၂၆ တွင်လည်း မည်သူမဆို ရဲထံတွင် အချုပ်ခံနေရစဉ်အတွင်း ပြုလုပ်သော ဖြောင့်ချက်သည် ရာဇဝတ်တရားသူကြီးတဦးရှေ့မှောက်တွင် ဖြောင့်ဆိုခြင်းမဟုတ်လျှင် ထိုသူအပေါ် သက်သေခံတင်ပြခြင်းမပြုရဟု အတိအလင်းပြဌာန်းထားသည်။

ထိုကဲ့သို့ ရဲထံတွင်ပေးသော ဖြောင့်ချက်မှာ သက်သေခံမဝင်ကြောင်းကို ဥပဒေများ ပြဌာန်းထားရခြင်းမှာ ဖမ်းဆီးခံရသူများအတွက် ဥပဒေအရ အကာအကွယ်ပေးထားခြင်းဖြစ်ကာ ဖမ်းဆီးခံရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရခြင်းဘေးမှ ကင်းဝေးစေရန်အတွက်လည်းကောင်း၊ လွယ်လင့်တကူ ဖြောင့်ချက်ရယူတတ်သော ရဲများ၏ ညာဉ်ဆိုးအန္တရာယ်မှ ကင်းဝေးစေရန်လည်းကောင်း၊ ရဲထံပေးသော ဖြောင့်ချက်သည် အမှန်တရားပေါ်ပေါက်နိုင်ရန် လွန်စွာအားနည်းသည်ကို ဥပဒေပညာရှင်များက သိရှိ၍လည်းကောင်း၊ အကယ်၍ ရဲထံပေးသော ဖြောင့်ချက်မှာ အမှန်ဟု ယူဆ သက်သေခံတင်သွင်းစေပါက တရားရုံးတော်၏ တရားမျှတစွာ ဆောင်ရွက်နိုင်မှု အခန်းကဏ္ဍသည် လွန်စွာ အားပျော့နိုင်သည်ဖြစ်၍လည်းကောင်း ပြဌာန်းထားရခြင်းဖြစ်ပေသည်။

ဖြောင့်ချက်ကို ခြောက်လှန့်တောင်းယူခြင်းမှာ လုံးဝ တရားဝင်ခြင်းမရှိသည်သာမက ဖြောင့်ချက်တောင်းယူသော ရဲအဖို့လည်း လွန်စွာ အန္တရာယ်ကြီးလေသည်။ ဖြောင့်ချက်ကို ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ခြောက်လှန့်တောင်းယူခြင်းဘေးမှ အကာအကွယ် ပေးနိုင်ရန်အတွက် ပြစ်မှုဥပဒေတွင် ပုဒ်မနှစ်ရပ် ထည့်သွင်းပြဌာန်းထားသည်ကို တွေ့ရှိရသည်။

ပြစ်မှုဥပဒေပုဒ်မ ၃၃၀ တွင် အပြုခံရသူထံမှဖြစ်စေ၊ အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူထံမှဖြစ်စေ ပြစ်မှု သို့တည်းမဟုတ် အကျင့်ပျက်ပြားမှု ပေါ်စေနိုင်သော ဖြောင့်ချက်ကို သို့တည်းမဟုတ် ထိုသို့သော သတင်းပေးချက်ကို ခြောက်လှန့်တောင်းရန်သော်လည်းကောင်း၊ အပြုခံရသူအား သို့တည်းမဟုတ် အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူအား အဖိုးတန် စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ပေးအောင် သို့တည်းမဟုတ် ပြန်ပေးစေအောင်၊ သို့တည်းမဟုတ် တောင်းဆိုချက်ကိုဖြစ်စေ၊ လိုလားချက်ကိုဖြစ်စေ ပေးအောင် သို့တည်းမဟုတ် ပစ္စည်းကိုဖြစ်စေ အဖိုးတန် စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ရစေနိုင်သော သတင်းကို ပေးအောင် အဓမ္မပြုစေရန်သော်လည်းကောင်း မည်သူမဆို မိမိအလိုအလျောက် နာကျင်စေမှုကိုပြုလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု အတိအလင်း ပြဌာန်းထားသည်။

ပြစ်မှုဥပဒေပုဒ်မ ၃၃၁ တွင် အပြုခံရသူထံမှဖြစ်စေ အပြုခံရသူနှင့် အကျိုးသက်ဆိုင်သော သူထံမှ ဖြစ်စေ ပြစ်မှု သို့တည်းမဟုတ် အကျင့်ပျက်ပြားမှု ဖြစ်ပေါ်စေနိုင်သော ဖြောင့်ချက်ကို သို့တည်းမဟုတ် ထိုသို့သော သတင်းပေးချက်ကို ခြောက်လှန့်တောင်းရန်သော်လည်းကောင်း၊ အပြုခံရသူအား သို့တည်းမဟုတ် အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူအား ပစ္စည်းကိုဖြစ်စေ အဖိုးတန် စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ပေးအောင် သို့တည်းမဟုတ် ပြန်ပေးစေအောင် သို့တည်းမဟုတ် တောင်းဆိုချက်ကိုဖြစ်စေ လိုလားချက်ကိုဖြစ်စေ ပေးအပ်အောင် သို့တည်းမဟုတ် ပစ္စည်းကိုဖြစ်စေ အဖိုးတန် စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ရစေနိုင်သော သတင်းကို ပေးအောင် အတင်းအဓမ္မ ပြုစေရန်သော်လည်းကောင်း မည်သူမဆို မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှုကို ပြုလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု အတိအလင်း ပြဌာန်းထားသည်။

ပြစ်မှုဥပဒေပုဒ်မ ၅၀၆ တွင်လည်း မည်သူမဆို ရာဇဝတ်မကင်းသော ခြောက်လှန့်မှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

ထို့ကြောင့် ဖြောင့်ချက်ကို ညှဉ်းပန်းနှိပ်စက်နည်း အမျိုးမျိုးဖြင့် တောင်းယူကြသော ရဲများအနေဖြင့် အထက်ဖေါ်ပြပါ ပြစ်မှုများကို ကျူးလွန်ခြင်းဖြစ်ကြောင်းမှာ လွန်စွာထင်ရှားပေသည်။ ရာဇဝတ်မှုဟူသည် ဟောင်းနွမ်းဆွေးမြေ့သွားသည်ဟူ၍မရှိပေ။ အထူးသဖြင့် ပြစ်မှုဆိုင်ရာဥပဒေပါ ပြဌာန်းချက်တရပ်ရပ်ကို ကျူးလွန်ထားပါက၊ ၎င်းပြစ်မှု ကျူးလွန်ချိန်မှစတင်ကာ မည်သည့်အချိန်ကာအတွင်း၌သာ တရားစွဲဆိုခွင့်ရှိသည်ဟု အချိန်ကာလ စည်းကမ်းသတ်မှတ်ချက် ပြဌာန်းထားခြင်းမရှိသောကြောင့် ယနေ့ မြန်မာနိုင်ငံအရပ်ရပ်ရှိ ဖြောင့်ချက်ရယူခြင်း ရာဇဝတ်မှုကို ကျူးလွန်ထားကြသော ရဲများ၏ အနာဂတ်သည် များစွာ ရင်လေးဖွယ်ရာပင် ဖြစ်ပေတော့သည်။
xxxxx
(ဆက်လက်ရေးသားပါအုံးမည်)


စာဖတ်သူများကိုအစဉ်လေးစားလျက်-
စောကျော်ကျော်မင်း
၂၉.၄.၂၀၀၉

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၂)

စောကျော်ကျော်မင်း

ယခင်ဆောင်းပါး အမှတ် (၁) ၌ ရဲများတွင်လည်း ၎င်းတို့လိုက်နာရမည့် ‘ရဲဥပဒေ’ ရှိသည်ဟု ဖော်ပြခဲ့ပြီးဖြစ်သည်။ ယနေ့ခေတ်ကာလတွင် မြန်မာနိုင်ငံရဲများ လိုက်နာကျင့်သုံးရမည့် ဥပဒေ အများအပြားရှိသည့်အနက် ၎င်းတို့နှင့် အနီးစပ်ဆုံး၊ အသက်ဆိုင်ဆုံး ဥပဒေတစ်ရပ်ကို ယခုဆောင်းပါးတွင် ဖော်ပြအပ်ပါသည်။

ယင်းဥပဒေမှာ ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ပြုလုပ်ပြဌာန်းလိုက်ခြင်း ဖြစ်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(ယခု နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) သည် “ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ” ကို ၁၉၉၅ ခု၊ ဧပြီလ (၂၆) ရက်နေ့တွင် ပြုလုပ်ပြဌာန်းခဲ့သည်။

ယင်းဥပဒေ ပြဌာန်းလိုက်သည့်အချိန်က “ပြည်သူ့ရဲ” အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့သော်လည်း ယနေ့အချိန်တွင် “မြန်မာနိုင်ငံရဲ” အဖြစ် ပြောင်းလဲ ခေါ်ဝေါ်သုံးစွဲနေပြီဖြစ်သည်။ ယင်းဥပဒေ၏ ပုဒ်မ- ၂ ပြဌာန်းချက်အရ “ပြည်သူ့ရဲတပ်ဖွဲ့တွင် အမှုထမ်းနေကြသော ရဲတပ်ဖွဲ့ဝင်အားလုံးသည် မည်သည့်အရပ်၌ ရောက်ရှိနေစေကာမူ ဥပဒေကို လိုက်နာကြရမည်” ဟု ပြဌာန်းထားသည်မှာ အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြရန် မလိုအောင်ပင် ပေါ်လွင်လှပါသည်။

ယင်းဥပဒေ ပုဒ်မ - ၁၇(က)တွင် ဥပဒေအရ ဖမ်းဆီးခွင့်မရသော သူအား အကြောင်းမဲ့ဖမ်းဆီး ထားလျှင်၊ ချုပ်နှောင်ထားလျှင် (သို့မဟုတ်) ထိုသူ၏အမှုကို စုံစမ်းစစ်ဆေးရန်အတွက် ဆိုင်ရာ အာဏာပိုင်များထံ တင်ပြရန် ပျက်ကွက်လျှင် …… ဟု ပြဌာန်းထားသည်။

ပုဒ်မ - ၁၇(ဆ)တွင် အကျဉ်းသား၊ အချုပ်သား (သို့မဟုတ်) ဖမ်းဆီးထားသူတစ်ဦးအား ရိုက်ပုတ်လျှင် (သို့မဟုတ်) အခြားနည်းဖြင့် ညှဉ်းပန်းနှိပ်စက်လျှင် …… ဟု ပြဌာန်းထားပြီး ယင်းပြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ပါက ၃ နှစ်ထိ ထောင်ဒဏ်ကျခံစေရမည်ဟု အတိအလင်း ဖေါ်ပြထားသည်။

အထက်ဖေါ်ပြချက်များကို လေ့လာပါက နိုင်ငံသားတစ်ဦးအတွက် အကြောင်းမဲ့ ဖမ်းဆီးခြင်းမှ ကင်းလွတ်ခွင့်၊ ချုပ်နှောင်ခံထားရခြင်းမှ ကင်းလွတ်ခွင့် စသည့်အခွင့်အရေးများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မလွဲမသွေ လေးစားလိုက်နာ ကာကွယ်ပေးရမည်ဖြစ်သည်။ (အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ စုံစမ်းစစ်ဆေးရန်အတွက် ဆိုင်ရာ အာဏာပိုင်များထံ တင်ပြရန် ပျက်ကွက်ခြင်း စသည့်စကားရပ်များကို နောက်ပိုင်းတွင် အလျဉ်းသင့်သလို ရှင်းလင်းတင်ပြသွားပါမည်။)

ပုဒ်မ - ၁၇(ဆ) တွင် “ရိုက်ပုတ်လျှင် (သိုမဟုတ်) အခြားနည်းဖြင့် ညှဉ်းပန်းနှိပ်စက်လျှင်” ဟု ပြဌာန်းထားချက်အရ ညှဉ်းပန်းနှိပ်စက်မှုဆိုရာတွင် “စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု” နှင့် “ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု” ဟု နားလည်လက်ခံရမည် ဖြစ်သည်။

ထို့ပြင် “အကျဉ်းသား၊ အချုပ်သား (သို့မဟုတ်) ဖမ်းဆီးထားသူ” ဟု ပြဌာန်းထားခြင်းအားဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ မည်သူကိုမဆို ရိုက်နှက်ခွင့်၊ ညှဉ်းပမ်းနှိပ်စက်ခွင့် မရှိကြောင်း တွေ့ရပေသည်။

ယင်းမှာ ညှဉ်းပန်းနှိပ်စက်ခံရခြင်းမှ ကင်းလွတ်ခွင့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မလွဲမသွေ လေးစားလိုက်နာ ကာကွယ်ပေးရမည်ဟု ယင်းဥပဒေက ပြဌာန်းပေးထားခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရာတွင် “ရဲတပ်ဖွဲ့” ဟူသည် အရေးကြီးသော အစိတ်အပိုင်းတရပ်မှ ပါဝင်လျက်ရှိပေသည်။ ရဲတပ်ဖွဲ့ဝင်များက အဂတိလိုက်စားသဖြင့် ပြစ်မှုကျူးလွန်သူတို့ တရားဥပဒေဘောင်မှ ကင်းလွတ်ခွင့်ရနေလျှင် လူ့အဖွဲ့အစည်း ထိခိုက်နစ်နာစေသည့်အပြင် အကျင့်စရိတ္တ ကောင်းမွန်သူတို့ပင် အကျင့်စာရိတ္တ ပျက်ပြားလာစေနိုင်သည်ကို အလေးအနက်ထား ဂရုပြုရမည် ဖြစ်ပေသည်။ ထို့ပြင် တရားဥပဒေစိုးမိုးမှုကိုပင် ထိခိုက်စေနိုင်သည်။

အပြန်အလှန်အားဖြင့် ပြစ်မှုကျူးလွန်ခြင်းမရှိသူတို့ တရားဥပဒေ၏ အကာအကွယ်ကို မရရှိပါကလည်း တရားဥပဒေစိုးမိုးမှုမရှိကြောင်း ဖော်ပြရာရောက်ပေသည်။

အထူးသဖြင့် ယုံကြည်ချက်တစ်ခုခုကြောင့် နိုင်ငံ၏ ရေးရာကိစ္စရပ်တစ်ခုခုတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်ကြသူများသည် မိမိတို့ရသင့်ရထိုက်သော ဥပဒေအရ အကာအကွယ်ပေးမှုများကို လုံလောက်စွာ မရရှိပါက တိုင်းပြည်အတွက် လွန်စွာ ထိခိုက်နစ်နာမည် ဖြစ်ပေသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးမြင့်အေးကို ဖမ်းဆီးချုပ်နှောင် စစ်ဆေးခဲ့သည့်အချိန်၌ နေ့စဉ်ရက်ဆက် မတ်တပ်ရပ်ခိုင်းပြီး စစ်ဆေးမေးမြန်းခြင်းဖြင့်လည်းကောင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် အဖွဲ့ဝင် ကိုသန်းဇော်မြင့်ကို ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခြင်းဖြင့်လည်းကောင်း၊ ထိုကဲ့သို့ ရိုက်နှက်ညှဉ်းပန်းမှုကို ဦးမြင့်အေးမြင်အောင် ပြသမှုဖြင့်လည်းကောင်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို စစ်ဆေးမေးမြန်းသော ရဲတပ်ဖွဲ့င်များက ကျူးလွန်ခဲ့ကြပေသည်။

ထိုနည်းတူ အခြား ညှဉ်းပန်းနှိပ်စက်ခံရသူပေါင်း မြောက်များစွာ ရှိပေသေးသည်။ ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခံရကြောင်းကို သက်ဆိုင်ရာ တရားရုံးများတွင် အမှုရင်ဆိုင်ဖြေရှင်းရစဉ် အချိန်များ၌ တင်ပြခဲ့ကြသော်လည်း လျစ်လျူရှု ပစ်ပယ်ခြင်းကို ခံခဲ့ကြရပေသည်။

ဆုံးရှုံးနစ်နာသူတို့၏ ဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးများကို အကာအကွယ် မပေးနိုင်သော တရားရုံးတော်များအနေဖြင့် တရားဥပဒေ စိုးမိုးရေးကိုလည်း ဖော်ဆောင်ပေးနိုင်လိမ့်မည်မဟုတ်ကြောင်း သိရှိခဲ့ရပေသည်။

×××××
(ဆက်လက်ရေးသားပါအုံးမည်)


စာဖတ်သူများကိုအစဉ်လေးစားလျှက်
စောကျော်ကျော်မင်း
(၂၅.၄.၂၀၀၉)

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁)

စောကျော်ကျော်မင်း
(၁)

ဥပဒေဟုပြောလိုက်လျှင် ကြားရသူတိုင်း၏စိတ်ထဲတွင် လေးပင်သွားတတ်သည်။ မြန်မာလိုအဓိပ္ပါယ် ဖွင့်ဆိုထားသော ဥပဒေစာပိုဒ်များကိုပင် ဖတ်၍နားမလည်နိုင်အောင် ရေးသားထားသည့် ဥပဒေစာအုပ်အထူကြီးများကို ပြေး၍ မြင်ယောင်တတ်ကြသည်။ မှန်ပါသည်။ ဥပဒေပညာကို လေ့လာလိုက်စားကြသူများပင်လျှင် တခါတရံ စိတ်ပျက်လက်ပျက် ဖြစ်သွားစေနိုင်သည်။ သို့သော် ဥပဒေဟူသည်မှာ လူ့ဘောင်လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

ထို့အပြင် နိုင်ငံတစ်နိုင်ငံ၌ ပြဌာန်းထားသော ဥပဒေများကို ၎င်းနိုင်ငံသားများက လေးစားလိုက်နာရသည်။ ထိုကြောင့် နိုင်ငံသားတိုင်းသည် ၎င်းနိုင်ငံ၌ ပြဌာန်းထားသော ဥပဒေများကို တတ်နိုင်သလောက် လေ့လာသိရှိနိုင်ရန် လိုအပ်သကဲ့သို့ ဥပဒေပညာရှင်များ၊ ဥပဒေပညာနှင့် အသက်မွေးဝမ်းကြောင်းပြုကြသူများ၊ ဥပဒေပညာကို လေ့လာလိုက်စားကြသူများ အားလုံးသည်လည်း မိမိနိုင်ငံအတွင်းရှိ နိုင်ငံသူနိုင်ငံသားများအပေါ် မေတ္တာ၊ စေတနာထား၍ ဥပဒေပညာရပ်များကို ဖြန့်ဝေပေးသင့်ပါသည်။
(၂)

ကျွန်တော် အလုပ်သင်ရှေ့နေဖြစ်ကာစက ဆရာက ကျွန်တော့်ကို "ဥပဒေပညာဆိုတာ အရမ်းကျယ်ပြန့်တယ်၊ လေ့လာလိုက်စားရတာကို၌က သမုဒ္ဒရာထဲ လက်လက်ပစ်ကူးနေရသလိုပဲ" ဟု ပြောဖူးပါသည်။ ဆရာပြောသည်မှာ မှန်သင့်သလောက် မှန်ပါသည်။ ကျွန်တော်တို့နိုင်ငံ၌ပင် ဥပဒေအမြောက်အများ ပြဌာန်းထားပါသည်။ ရာဇသတ်ကြီး၊ သစ်တောဥပဒေ၊ လောင်းကစားဥပဒေ … စသည့်ဥပဒေများအပြင် ဓလေ့ထုံးတမ်းဥပဒ … စသည်အားဖြင့် ဥပဒေအများအပြား ရှိသည်။ ရာဇသတ်ကြီးဥပဒေ၌ပင် ပုဒ်မ ၅၁၁ ခုရှိသည်။ ထိုသည်မှာ ပြည်တွင်းဥပဒေပင် ရှိသေးသည်။ global ခေတ်ကြီး၌ နိုင်ငံတကာဥပဒေကလည်း မပါမပြီး ပါရသေးရာ ဥပဒေပညာသဘောသည် ဆရာပြောသကဲ့သို့ "သမုဒ္ဒရာထဲ လက်ပစ်ကူး" စရာပင် ဖြစ်သည်။

သို့သော် ဥပဒေကို လူတစ်ဦးတစ်ယောက်က ကျူးလွန်သည် ချိုးဖောက်သည်ဆိုရာတွင် "ပြုလုပ်မှု" ဖြင့် ကျူးလွန်ခြင်းရှိသကဲ့သို့ "ပျက်ကွက်မှု" ဖြင့် ကျူးလွန်ခြင်းလည်း ရှိသည်။ ချိုးဖောက်ကျူးလွန်ခြင်း အခြေခံသဘော၌ ၎င်း (၂) မျိုးသာ ရှိသည်။
(၃)

ကျွန်တော်ငယ်စဉ်က ယူနီဖောင်းဝတ် ရဲကို ကြောက်ရွံ့မိသည်။ အကြောင်းမှာ ရဲဟူသည် ရာဇဝတ်သားကို ဖမ်းဆီးနှိပ်စက်ခွင့်ရှိသည်ဟု လူကြီးမိဘများက ခြောက်လှန့်ထားသောကြောင့် ဖြစ်သည်။ ငယ်စဉ်က စိတ်ထဲ၌ စွဲမှတ်မှုသည် အသက်အရွယ်ကြီးရင့်သည်အထိ အသိအမြစ်တွယ်နေသည်။ ယူနီဖောင်းဝတ် ရဲ မြင်လျှင် စေ့စေ့မကြည့်ရဲ။

ကျွန်တော် (၁၀) တန်းအောင်၍ ဥပဒေပညာကို သင်ယူရန် ဆုံးဖြတ်လိုက်သောအချိန်တွင် မိမိ နားလည်နိုင်မည်ထင်သော ဥပဒေစာအုပ်များကို စုဆောင်းဖတ်ရှုမိသည်။ ထိုသို့ လေ့လာဖတ်ရှုမိသည်နှင့်တပြိုင်နက် အထက်ဖေါ်ပြပါ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ အခြေခံသဘောကို မြည်းစမ်းမိလာသည်။

"ပြုလုပ်မှုဖြင့်ကျူးလွန်ခြင်း" ဆိုရာတွင် မောင်နီကို မတရားသင်းနှင့် ဆက်သွယ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဒုရဲအုပ် မောင်ဖြူက ဖမ်ဆီးသည်။ စစ်ဆေးရာတွင် ရရှိထားသော သတင်းအချက်အလက်များအတိုင်း မောင်နီကို ဝန်ခံစေသည်။ မောင်နီက ဝန်မခံသောကြောင့် နားရင်းကို နှစ်ချက်ရိုက်သည်။ နံပါတ်တုတ်ဖြင့် ကျောကုန်းကို လေးငါးကြိမ် ရိုက်ပြီး ဝန်ခံစေသည်။ ထိုကဲ့သို့ ရိုက်နှက်စစ်ဆေးခွင့် မရှိကြောင်းကို ဒုရဲအုပ် မောင်ဖြူက သိရှိပြီးလည်းဖြစ်သည်။ ထိုသည်မှာ ဒုရဲအုပ် မောင်ဖြူသည် "နာကျင်စေမှု" ဟူသည့် ပြစ်မှုကို "ပြုလုပ်မှု"ဖြင့် ကျူးလွန်လိုက်ခြင်းဖြစ်သည်။

"ပျက်ကွက်မှုဖြင့်ကျူးလွန်ခြင်း" ဆိုရာတွင် မောင်နီကို ဒုရဲအုပ် မောင်ဖြူက ရိုက်နှက်စစ်ဆေးနေကြောင်း စခန်းမှူး ကျော်မြသန်းက သိလည်းသိ၊ မြင်လည်းမြင်သည်။ မိမိ လက်အောက်ငယ်သားတစ်ယောက်က ရဲကျင့်ဝတ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်းကို သိရှိမြင်တွေ့ရချိန်၌ တားမြစ်ရန် တာဝန်မှာ မိမိအပေါ်၌ရှိသည်ကိုလည်း ကိုယ်တိုင်သိသည်။ သို့သော် မတားမြစ်ပေ။ ထိုသို့ မတားမြစ်ဘဲ ပျက်ကွက်သည့်အတွက် ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူနှင့် အလိုတူရာရောက်သည်။ ထိုသည်မှာ စခန်းမှူး ရဲအုပ်ကျော်မြသန်းသည် ဥပဒေကို "ပျက်ကွက်မှု"ဖြင့် ကျူးလွန်လိုက်ခြင်းပင် ဖြစ်သည်။

ကျွန်တော်သည် အထက်ပါသဘောတရားကို နားလည်လာသည့် အချိန်မှစ၍ ယူနီဖောင်းဝတ် ရဲကို ကြောက်သည့်စိတ် တစတစ လွင့်စင်ပပျောက်သွားသည်။ ရဲတွင်လည်း လိုက်နာရမည့် ရဲဥပဒေရှိသည်ကို ကျွန်တော် နားလည်လာသည်။ ဖမ်းဆီး၍ နှိပ်စက်ချင်တိုင်း နှိပ်စက်၍မရသည်ကို ကျွန်တော် သဘောပေါက်လာသည်။ ကျွန်တော်ကိုယ်တိုင် ဖမ်းဆီးစစ်ဆေးခံရသည့် အချိန်များ၌ပင် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့သည်။
×××××
(ဆက်လက်ရေးသားပါအုံးမည်)


စာဖတ်သူများကို အစဉ်လေးစားလျက်-
စောကျော်ကျော်မင်း

သံဃာတော်များကို နိုင်ငံရေးမလုပ်ရန် သတိပေးမှုများ ပြုလုပ်

ဖြိုးကြီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ သံဃာတော်များကို မြို့နယ်(မယက)က ပင့်ဆောင်ခေါ်ယူပြီး နိုင်ငံရေး မလုပ်ရန် သတိပေးပြောဆိုမှုများ ပြုလုပ်နေလျက်ရှိသည်။

ယခုလ ဒုတိယအပတ်အတွင်းမှစတင်က ကျေးရွာအုပ်စုအသီးသီးရှိ နာယကဆရာတော်များနှင့် မြို့ပေါ်စာသင်တိုက်များမှ နာယကဆရာတော်များပါ ခေါ်ယူသတိပေး ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ သံဃာတပါးက မိန့်သည်။

“မယကရုံးကို (၆) နာရီခွဲ အရောက်ခေါ်ပြီး နိုင်ငံရေးမလုပ်ဖို့ ပြောတာပေါ့။ ဦးပဉ္ဇင်းပျိုတွေတော့ မပါဘူး။ ဆရာတော်တွေ ကျောင်းထိုင်တွေချည်းပဲ ခေါ်တာ။ (၈) နာရီခွဲလောက်မှ ပြီးသွားတယ်” ဟု အဆိုပါသံဃာက ဆက်လက်မိန့်သည်။

ညောင်ဦးမြို့ပေါ်ရှိ မဟာဝီသုတာရာမတိုက်၊ မြစ်ကြည့်တိုက်၊ ဇေယျဝတီစာသင်တိုက်၊ အလိုဝ်တော်ပြည့် စာသင်တိုက်၊ ရှစ်မျက်နှာကျောင်းတိုက်၊ ရွှေစေတီကျောင်းတိုက်တို့မှ တိုက်အုပ်ဆရာတော်များလည်း ပါဝင်ကြောင်း ဆက်လက်မိန့်ကြားသည်။

“နယ်က ဆရာတော်တွေကျတော့ လာရတာ ဒုက္ခရောက်ကြတယ်လေ။ မနက် (၃) နာရီလောက်ကတည်းက ထလာရတာ။ အဲဒီသံဃာတွေကျတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် လာရတာ။ မယကရုံးကို အစောကြီးပေါ့” ဟု ဆက်လက်မိန့်သည်။

ထို့အပြင် မြေလတ်ဒေသအတွင်းရှိ ကျောင်းတိုက်များမှ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်နိုင်မည်ဟု ထင်သည့် သံဃာတော်များကို ကျောင်းထိုင်ဘုန်းကြီးများမှတဆင့် ဖိအားပေးကာ ကျောင်းတိုက်များမှ ထွက်ခွာခိုင်းနေခြင်းများရှိကြောင်း အခြားသံဃာတပါးက မိန့်သည်။

“တချို့သံဃာတော်တွေက ဝါကျွတ်တာနဲ့ ကျောင်းတိုက်တွေက ထွက်ပေးရမယ့် အခြေအနေတွေ ကြုံတွေ့နိုင်တယ်။ ဒီလိုဖိအားပေးတာတွေကြောင့်” ဟု ဆက်လက်မိန့်သည်။

ယင်းကဲ့သို့ အာဏာပိုင်များဘက်မှ သံဃာတော်များအား ဖိအားပေးမှုများ ပြုလုပ်နေသော်လည်း မကြာသေးခင်ရက်ပိုင်းက သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ နိုင်ငံခြားရေးတာဝန်ခံ ဆရာတော် အရှင်ပါရမီခန္တက လာမည့်သတင်းကျွတ်လပြည့်နေ့မှ စတင်ကာ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ပွဲကို ဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဟု သတင်းဌာနများသို့ ပြောကြားခဲ့သည်။

ညောင်ဦးမြို့ပေါ်တွင် လူ ၁၂၀ ကို စစ်သင်တန်းပို့ချနေ

ရိုးမ ၃

မန္တလေးတိုင်း၊ ညောင်ဦးမြို့ပေါ်ရှိ ရပ်ကွက် ၆ ရပ်ကွက်မှ သင်တန်းသား ၁၂၀ ကို စစ်သား ၄ ဦးနှင့် ရဲသား ၄ ဦးက ယခုလ (၁၄) ရက်နေ့မှ စတင်ကာ စစ်သင်တန်း ပို့ချပေးနေလျက်ရှိသည်။

"သင်တန်းဖွင့်ပွဲကို (၁၄) ရက်နေ့က ညောင်ဦးမြို့ အထက ကျောင်းဝင်းထဲမှာ လုပ်တယ်။ မယကဥက္ကဌရယ်၊ ခယကဥက္ကဌရယ်၊ တပ်ရင်းမှူးတွေရယ် ဖွင့်ပွဲလာတက်တာတွေ့တယ်။ ပြည်သူ့စစ်သင်တန်းလို့ ပြောတယ်။ သင်တန်းသားတွေကတော့ မြို့ပေါ်ကချည်းပါပဲ" ဟု ညောင်ဦးမြို့ခံတဦးက ပြောသည်။

အဆိုပါသင်တန်းကို ပို့ချနေသူများမှ နယ်မြေခံတပ်ရင်း (၄၁၅) မှ စစ်သား ၄ ဦးနှင့် မြို့ပေါ်ရဲစခန်းမှ ရဲသား ၄ ဦးဖြစ်ပြီး သင်တန်းကာလမှာ တလကြာမည်ဟု သိရကြောင်း သူက ဆက်ပြောသည်။

သင်တန်းသားအများစုမှာ ရပ်ကွက် ၆ ရပ်ကွက်ထဲမှ အလုပ်အကိုင်မရှိသူများဖြစ်ကာ သက်ကြီးရွယ်အိုများလည်း ပါဝင်ပြီး သင်တန်းတက်ခြင်းအားဖြင့် တဦးကို ၅၀၀ ကျပ်နှုန်း ရရှိကြမည်ဖြစ်သည်။

"သင်တန်းတက်တဲ့အထဲမှာ အသက်ကြီးရွယ်အိုတွေလည်း ပါတယ်။ စစ်သားတွေက အရမ်းမောင်းတော့ နောက်နေ့ မသွားတော့ဘူးလို့လည်း ပြောသံကြားနေရယ်။ တချို့လူတွေကတော့ ဒီပြည်သူ့စစ်သင်တန်းဆိုတာ ၂၀၁၀ ရွေးကောက်ပွဲကို ကာကွယ်ဖို့အတွက် ပြည်သူအချင်းချင်း ပြန်လုပ်ကြံခိုင်းဖို့ လုပ်နေတာပဲလို့ ပြောနေကြတယ်" ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။

စစ်အစိုးရအာဏာပိုင်များသည် ယခုနှစ်အတွင်း အဆိုပါကဲ့သို့သော ပြည်သူ့စစ်သင်တန်းများကို မြန်မာနိုင်ငံ နေရာအတော်များများတွင် ပြုလုပ်ခဲ့ပြီး မကြာသေးမီကာလကပင် မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပြုလုပ်ခဲ့သေးသည်။

Sep 16, 2009

မြင်းခြံမြို့မှ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ၅ ဦး ဖမ်းဆီးခံရ

ရိုးမ ၃

မန္တလေးတိုင်း၊ မြင်းခြံမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် ၅ ဦးကို အာဏာပိုင်တွေက ယနေ့ မနက်အစောပိုင်းတွင် နေအိမ်များကို ရဲကားများဖြင့် ဝိုင်း၍ ဖမ်းဆီးခဲ့သည်။

အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသူ ၅ ဦးမှာ မြင်းခြံမြို့၊ စွန်းလွန်းရပ်ကွက်နေ ဒေါက်တာ ဝင်းသူ၊ ကိုမျိုးဟန်၊ ကိုအောင်မျိုးလတ်၊ ဗိုလ်ရာ (ခ) ကိုစိုးရာဇာ၊ အီးတီ (ခ) ကိုလှမျိုးကျော် တို့ဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရမှုတွင် ဖမ်းဆီးသူ အာဏာပိုင်များဘက်မှ အကြောင်းပြချက် တစုံတရာ ပြောဆိုခြင်းမရှိဘဲ ယနေ့ မနက် (၂) နာရီခွဲခန့်တွင် နေအိမ်များကို ရဲကားများဖြင့် ဝိုင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“မနက် (၂) နာရီခွဲလောက်မှာ အိမ်ကို ရဲကား ၆ စီး ဝိုင်းတယ်။ ရဲက မြင်းခြံကမဟုတ်ဘူး၊ မန္တလေးရဲ။ အိမ်မှာက ဒေါက်တာ ဝင်းသူက မရှိဘူး။ မရှိတော့ မအေဖြစ်သူကို ဝိုင်းစစ်တာပေါ့။ ပြီးတော့ ဒေါက်တာ ဝင်းသူရဲ့ ယောက်ဖကို ခေါ်သွားတာ။ နောက်မှ ဒေါက်တာ ဝင်းသူက သူ့မိတ်ဆွေတွေ ပါသွားတယ်ကြားလို့ လိုက်သွားတာ။ အားလုံး ၅ ယောက် အဖမ်းခံရတယ်။ တယောက်က ရှောင်နေတယ်လို့ ကြားတယ်။ ဘယ်တယောက်လဲတော့ မသိဘူး” ဟု ဒေါက်တာ ဝင်းသူ မိသားစုဝင်တယောက်က ပြောသည်။

အဆိုပါ ဖမ်းခံရသူ ၅ ဦးသည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဘုရားတက်ဆုတောင်းသည့် လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူများဖြစ်သည်ဟု မြင်းခြံမြို့ခံများက ပြောသည်။

ဖမ်းဆီးခဲ့ရသူ ၅ ဦးအား ယနေ့ မနက် (၄) နာရီနှင့် (၈)နာရီ နှစ်ကြိမ်ခွဲ၍ မန္တလေးသို့ ပို့ဆောင်ခဲ့သည်ကို မြင်တွေ့လိုက်ရကြောင်း ဒေသခံများက ပြောသည်။

Sep 14, 2009

တောင်ငူတွင် မီးပုံမှန်မရသည့်အတွက် ခိုးသွယ်မှုများ ပိုများလာ

ဖြိုးကြီး

တောင်ငူမြို့ပေါ်တွင် ငွေပေးမှ မီးလာပြီး ငွေကြေးချမ်းသာသူများ နေအိမ်များသာ မီးပုံမှန်ရသည့်အတွက် မီးလိုင်းခိုးသွယ်မှုများ ပိုမိုများပြားလာနေလျက်ရှိသည်။

မြို့ပေါ်တွင် လူတိုင်း တန်းတူ မီးရရှိရေးအတွက် အဖွဲ့တဖွဲ့ ဖွဲ့ထားပြီး မီးလိုင်းခိုးသွယ်မှုများကို စနေ၊ တနင်္ဂနွေနေ့များတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ငွေပေးနိုင်သည့် အိမ်များမျာမှာ ညစဉ်မီးလင်းနေလျက်ရှိကြောင်း မြို့ခံတဦးက ပြောသည်။

“တောင်ငူမြို့ပေါ်မှာ ကန်လမ်းက သူဌေးတွေက ပိုက်ဆံပေးတော့ လျှပ်စစ်ဌာနက နေ့တိုင်း မီးလင်းအောင် လုပ်ပေးတယ်။ ပိုက်ဆံမပေးတဲ့ လမ်းတွေကျတော့ မီးဖြတ်ထားတယ်။ မီးလိုချင်လို့ ပိုက်ဆံအကုန်ခံပြီး မီးလိုင်းတွေ ဆွဲထားရတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ မီးလိုင်းတစ်လိုင်းစာအတွက် တလလျှင် ကျပ်ငွေ ၅၀,၀၀ ပေးရသော်လည်း မီး ပုံမှန်လာခြင်းမရှိကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။

“မီးလိုချင်လို့ ပိုက်ဆံအကုန်ခံပြီး မီးလိုင်းကျော်ဆွဲပြန်ရင်လည်း မီးပုံမှန်ပေးရမယ့် အချိန်ဆိုလည်း မှန်မှန်မလာပြန်ဘူး။ တခြားလိုင်းက ဆွဲတော့လည်း အဖမ်းခံရတယ်။ အခုဆို မြို့ပေါ်မှာ ကြံ့ဖွံ့နဲ့ပေါင်းပြီး မီးစက်နဲ့ မောင်းပြီးတော့ ဖန်ချောင်းတစ်ချောင်းကို ၁၀၀၊ တီဗွီက ၃၀၀၊ ည (၆) နာရီကနေ (၁၁) နာရီအထိ ပေးတာ။ စဉ်းစားကြည့်ပေါ့ဗျာ၊ မြို့ထဲမှာတောင် ဒီလိုဖြစ်နေတာ” ဟု ပြောသည်။

တောင်ငူမြို့ပေါ်တွင် ယခင်က မိုးရာသီဆိုလျှင် ပုံမှန်မီးလာသော်လည်း ယခုအခါ တရက်လာပြီးလျှင် နှစ်ရက်ပျက်ဖြစ်နေကြောင်း မြို့ခံက ဆက်ပြောသည်။