ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 17, 2009

ညောင်ဦးမြို့ပေါ်တွင် လူ ၁၂၀ ကို စစ်သင်တန်းပို့ချနေ

ရိုးမ ၃

မန္တလေးတိုင်း၊ ညောင်ဦးမြို့ပေါ်ရှိ ရပ်ကွက် ၆ ရပ်ကွက်မှ သင်တန်းသား ၁၂၀ ကို စစ်သား ၄ ဦးနှင့် ရဲသား ၄ ဦးက ယခုလ (၁၄) ရက်နေ့မှ စတင်ကာ စစ်သင်တန်း ပို့ချပေးနေလျက်ရှိသည်။

"သင်တန်းဖွင့်ပွဲကို (၁၄) ရက်နေ့က ညောင်ဦးမြို့ အထက ကျောင်းဝင်းထဲမှာ လုပ်တယ်။ မယကဥက္ကဌရယ်၊ ခယကဥက္ကဌရယ်၊ တပ်ရင်းမှူးတွေရယ် ဖွင့်ပွဲလာတက်တာတွေ့တယ်။ ပြည်သူ့စစ်သင်တန်းလို့ ပြောတယ်။ သင်တန်းသားတွေကတော့ မြို့ပေါ်ကချည်းပါပဲ" ဟု ညောင်ဦးမြို့ခံတဦးက ပြောသည်။

အဆိုပါသင်တန်းကို ပို့ချနေသူများမှ နယ်မြေခံတပ်ရင်း (၄၁၅) မှ စစ်သား ၄ ဦးနှင့် မြို့ပေါ်ရဲစခန်းမှ ရဲသား ၄ ဦးဖြစ်ပြီး သင်တန်းကာလမှာ တလကြာမည်ဟု သိရကြောင်း သူက ဆက်ပြောသည်။

သင်တန်းသားအများစုမှာ ရပ်ကွက် ၆ ရပ်ကွက်ထဲမှ အလုပ်အကိုင်မရှိသူများဖြစ်ကာ သက်ကြီးရွယ်အိုများလည်း ပါဝင်ပြီး သင်တန်းတက်ခြင်းအားဖြင့် တဦးကို ၅၀၀ ကျပ်နှုန်း ရရှိကြမည်ဖြစ်သည်။

"သင်တန်းတက်တဲ့အထဲမှာ အသက်ကြီးရွယ်အိုတွေလည်း ပါတယ်။ စစ်သားတွေက အရမ်းမောင်းတော့ နောက်နေ့ မသွားတော့ဘူးလို့လည်း ပြောသံကြားနေရယ်။ တချို့လူတွေကတော့ ဒီပြည်သူ့စစ်သင်တန်းဆိုတာ ၂၀၁၀ ရွေးကောက်ပွဲကို ကာကွယ်ဖို့အတွက် ပြည်သူအချင်းချင်း ပြန်လုပ်ကြံခိုင်းဖို့ လုပ်နေတာပဲလို့ ပြောနေကြတယ်" ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။

စစ်အစိုးရအာဏာပိုင်များသည် ယခုနှစ်အတွင်း အဆိုပါကဲ့သို့သော ပြည်သူ့စစ်သင်တန်းများကို မြန်မာနိုင်ငံ နေရာအတော်များများတွင် ပြုလုပ်ခဲ့ပြီး မကြာသေးမီကာလကပင် မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပြုလုပ်ခဲ့သေးသည်။

No comments:

Post a Comment