ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 21, 2009

အမေရိကန်အစိုးရပိုင်းက ပြောနေတဲ့ “ဒီမိုကရေစီရေး ရှေ့ရှုတဲ့ စစ်မှန်သောတိုးတက်မှု” ဆိုတာ ဘာတွေလဲ

တူမောင်ညို

ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေရော၊ တချို့နိုင်ငံတွေရဲ့ အပြုသဘော ဆက်ဆံရေးတွေကြောင့်ပါ မြန်မာပြည်သူတွေရဲ့ဘ၀ တိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ဒါကြောင့် ကျနော်တို့ဟာ မြန်မာနိုင်ငံခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆက်ဆံနေပါတယ်။ ဒီမိုကရေစီရေးရှေ့ရှုတဲ့ စစ်မှန်သော တိုးတက်မှု မရှိသေးသမျှ အရေးယူပိတ်ဆို့မှုတွေ ဆက်လက်လုပ်နေဦးမှာပဲလို့ ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်။

ကျနော်တို့ဟာ ညီညွတ်သော၊ ငြိမ်းချမ်းသော၊ ချမ်းသာကြွဝသော၊ ဒီမိုကရေစီထွန်းကားတဲ့ မြန်မာနိုင်ငံ ဖြစ်လာရေးကို ထောက်ပံ့အားပေးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီလမ်းကြောင်းကို ဦးတည်လာခဲ့ရင် အမရိကန်ပြည်ထောင်စုနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ထွန်းလာနိုင်ပါတယ်။ (အိုဘားမား၏ အာရှ ၄ နိုင်ငံခရီးစဉ် ဂျပန်နိုင်ငံတွင် ပြောကြားချက်)

အမေရိကန် အစိုးရပိုင်းက ပြောနေတဲ့ “ဒီမိုကရေစီရေး ရှေ့ရှုတဲ့ စစ်မှန်သော တိုးတက်မှု” ဆိုတာ ဘာတွေလဲ။

“ဒီမိုကရေစီရေး ရှေ့ရှုတဲ့ စစ်မှန်သောတိုးတက်မှု” များကို အောက်ပါအချက်များဖြင့် သတ်မှတ်တိုင်းတာနိုင်ပါသလော။

(က) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) သည် စတင် အာဏာတည်ခြင်း မရှိသေးသောကြောင့် ပြန်လည်သုံးသပ်နိုင်ရေးအတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မိမိတို့ကိုယ်တိုင် ပြဌာန်းထားသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ ထုတ်ပြန်ထားသည့် ကြေညာချက်များနှင့်အညီ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်သူ့လွှတ်တော်ကို အမြန်ဆုံး ခေါ်ယူဖွဲ့စည်းပေးရန်၊

(ခ) မိမိနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရန် အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုကြောင့် နေအိမ်များတွင် ထိန်းသိမ်းခြင်းခံနေကြရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား နိုင်ငံတော်၏ လိုအပ်ချက်အရ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊

(ဂ) တိုင်းရင်းသားလူမျိုးစုများ မပါဝင်ဘဲ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်မည်မဟုတ်သောကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် အခြားတိုင်းရင်းသားခေါင်းဆောင်များအား နှစ်ရှည်လများ ပြစ်ဒဏ်ကျခံနေရခြင်းမ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊

(ဃ) မိမိတို့၏ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းထားခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းများ ခံနေကြရသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအင်အားစုများ စသည့် နိုင်ငံရေးအကျဉ်းသား အားလုံးတို့ကို ကန့်သတ်ချက်များမရှိဘဲ ခြွင်းချက် မရှိ အမြန်ဆုံး လွှတ်ပေးရန်၊

(င) မိမိတို့၏ နိုင်ငံရေးယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခြင်းခံနေကြရသော မင်းကိုနိုင်၊ ကိုကိုကြီး စသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊

(စ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ တရားဝင် ရပ်တည်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆင့်ဆင့်သော စည်းရုံးရေးအဖွဲ့ရုံးများကို ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ ခေတ္တဟုဆိုပြီး ယနေ့အထိ ငါးနှစ်ကျော်သည့်တိုင် ကာလရှည်ကြာစွာ ချိတ်ပိတ်ထားခြင်းမှ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်ပေးရန်၊

(ဆ) ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ဖျက်သိမ်းခြင်းခံထားကြရသော တိုင်းရင်းသားနိုင်ငံရေးပါတီများအပါအဝင် နိုင်ငံရေးပါတီများကို ပြန်လည် မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်များ ပေးရန်။

x x x x x
တူမောင်ညို
(၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်)