ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Dec 19, 2009

(၁၀) ကြိမ်မြောက် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ ကျင်းပ

ရိုးမ ၃

(၁၀) ကြိမ်မြောက် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းနားကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (YCOWA)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ ( BWU)၊ (MAP) ဖောင်ဒေးရှင်းနှင့် အဝေးရောက်ဧရာဝတီအသင်း (OIA) တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကျင်းပရခြင်းပတ်သက်၍ “ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အများအားဖြင့် တယောက်တနေရာစီမှာ အလုပ်လုပ်နေရတာ ဖြစ်တယ်။ ဆုံတွေ့ဖို့ ခဲတယ်။ အဲဒါကြောင့် ဒီအခမ်းအနားလုပ်ခြင်းအားဖြင့် မဲဆောက်မှာရှိတဲ့ အလုပ်သမားတွေ အားလုံးလာပြီး တစုတစည်းထဲ တွေ့ခွင့်ရပြီး တယောက်နဲ့တယောက် ရင်ထဲမှာရှိတာတွေ ဖွင့်ပြောပြီး အတွေ့အကြုံတွေ ဖလှယ်လို့ရအောင်၊ နောက် အလုပ်သမားတွေအနေနဲ့ သိသင့်တာတွေ သိလို့ရအောင် ဆိုပြီး ဒီအခမ်းအနားကို လုပ်တယ်။ နောက်ပြီး အလုပ်သမားတွေ ညီညွတ်ပြီး တစုတည်းဖြစ်အောင်လို့ ရည်ရွယ်ပါတယ်” ဟု (MAP) ဖောင်ဒေးရှင်းမှ မဲဆောက်တာဝန်ခံ ကိုအေးက ပြောသည်။

အခမ်းအနားကို တက်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့၏ အလုပ်သမားအခွင့်အရေးကို အပြည့်အဝ ရရှိပြီး တိုက်ပွဲဝင်ရဲကြရန်နှင့် မိမိတို့သည် တိုင်းပြည်နှစ်ခု၏ အကျိုးစီးပွားကို ရှာပေးနေသူများဖြစ်သည့်အတွက် ဂုဏ်ယူတတ်ဖို့လိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့သည် ဒီဇင်ဘာ (၁၈) ရက်နေ့ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့မှ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရောင်းခြည်းဦးအလုပ်သမားများအဖွဲ့ ရုံးတာဝန်ခံ မအိက ပြောသည်။

“တကယ်တမ်းက (၁၈) ရက်နေ့မှာ လုပ်ရမှာ ဖြစ်ပေမယ့် စက်ရုံတွေက ပိတ်ရက်မရှိတာကြောင့် ဒီလိုနေ့ကို ရွေးလုပ်ရတာပါ။ တချို့ကျတော့ စက်ရုံမှာ ခွင့်ယူပြီး လာကြတာဖြစ်တယ်။ တချို့က လာလို့မရဘူး။ အဲဒါကြောင့်မို့ အလုပ်သမားတွေအနေနဲ့ လာလို့ရမယ့်နေ့ကို ရွေးပြီးလုပ်တာ” ဟု သူက ပြောသည်။

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ၂၀၀၀ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြု သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

Dec 17, 2009

ဈေးပြောင်းရွှေ့ခိုင်းသည်ကို မကျေနပ်၍ ဈေးသည်များ ချီတက်တောင်းဆို

ရိုးမ ၃

ဘိုကလေးမြို့ပေါ်ရှိ အခွန်လွတ်ဈေးကို ပြောင်းရွှေ့ခိုင်းသည့်အတွက် ဈေးသည် ၁၅၀ ခန့်က မြို့နယ် အာဏာပိုင်ရုံးများဆီသို့ ယမန်နေ့က ချီတက်တောင်းဆိုခဲ့ကြသည်။

အာဏာပိုင်များဘက်က ယခုလ (၁၅) ရက်နေ့ နောက်ဆုံးထား၍ အခွန်လွတ်ဈေးများကို ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်ထားခဲ့ပြီး မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု ကြေညာထားသည့်အတွက် ယင်းကဲ့သို့ ချီတက်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။


“အရင်တုန်းက စည်ပင်သာယာက ချပေးထားတဲ့ ခွန်လွတ်ဈေးရယ်၊ နောက် ဒီဘက် ဘုန်းကြီးကျောင်းရှေ့မှာ ချပေးထားတဲ့ နေရာတွေမှာရှိတဲ့ ဈေးကို သူတို့က ဖယ်ခိုင်းတယ်။ ဒီလ (၁၁) ရက်နေ့ မှာ သူတို့က အသံချက်စက်နဲ့ လိုက်ပြီးတော့ အဲဒီနေရာကနေ ဖယ်ပေးပါ၊ မဖယ်ပေးဘူးဆိုရင် တည်ဆဲဥပဒေအရ အရေးယူမယ်ဆိုပြီးတော့ အသံချက်စက်နဲ့ လိုက်အော်ထားတာကို မကျေနပ်လို့ အခုလို ချီတက်တောင်းဆိုတာ” ဟု ပြောသည်။

ယင်းသို့ ချီတက်လာစဉ် မြို့နယ်ရဲတပ်ဖွဲ့မှူးက တည်ဆဲဥပဒေအရ အရေးယူမှာမဟုတ်ကြောင်း ပြောကာ လူစုခွဲစေခဲ့ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“အမျိုးသမီးတွေက စုပြီးတော့ ကွတ်ကဲရေးရုံးကို သွားကြတယ်၊ ကွတ်ကဲရေးရုံးကို သွားတဲ့အခါ လူကြီးက မရောက်သေးတော့ (မယက)ရုံးဘက်ကို ဆက်သွားတဲ့အချိန် လမ်းထိပ်မှာ ရဲတပ်ဖွဲ့တွေက တားထားတယ်၊ မြို့နယ်မှူးနဲ့ စခန်းမှူးတို့က မေးတာ၊ မင်းတို့ ဘာလုပ်မလဲပေါ့၊ ဈေးသည်တွေက ကျမတို့ ဈေးသည်နေရာ တည်မြဲရေး၊ ဈေးရောင်းရရေးအတွက် လူကြီးတွေကို အသနားခံဖို့၊ တင်ပြဖို့ ကျမတို့ လာတာပါလို့ ပြောတယ်။ ပြောရင်းနဲ့ သူတို့ကနေပြီးတော့ နောက် (၁၅) ရက်အတွင်းမှာ သူတို့ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေအရ သူတို့က အရေးယူမပေးပါဘူးလို့ ပြောပြီး ပြန်လွှတ်လိုက်တာ” ဟု ပြောသည်။

ထို့ကဲ့သို့ ဈေးသည်များ ချီတက်တောင်းဆိုမှုနှင့်ပတ်သက်၍ ဒေသအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း ၎င်းက ပြောသည်။

ဘိုကလေးမြို့ပေါ်တွင် ပျံကျဈေး ၄ ခုရှိပြီး ပြီးခဲ့သည့် လဆန်းပိုင်းကတည်းက ဈေးပြန်လည်နေရာချထားရေး အဖွဲ့က လူသွားလူလာနည်းပါးသည့် မြို့သောက်သုံးရေးကန်တော်ကြီးဘေးတွင် နေရာချပေးခဲ့သည့်အတွက် ဈေးသည်များ ထောင်နှင့်ချီကာ အခက်အခဲ ကြုံတွေ့နေရလျက်ရှိသည်။

ရွှေဂုံတိုင်ကို အားမဖြည့်ဘဲ မျှော်မြဲမျှော်နေရင် မျှော်သူမောမယ်

တူမောင်ညို

အကြောင်းမပြန်ဘူး၊ အကြောင်းမပြန်ဘူးနဲ့ (နအဖ) ဥက္ကဋ္ဌထံ နိုဝင်ဘာ (၁၁) ရက် နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် ပေးစာကို ဒီဇင်ဘာ(၉) ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြတဲ့ “ချမ်းမြအေး” ရဲ့ “စိတ်ရင်းစေတနာ မှန်ပြီး ရိုးသားမယ်ဆိုရင်” ဆောင်းပါးကနေတဆင့် ကြောင်းပြန်လိုက်ပါပြီ။

ပထမဆုံးပြောချင်တာက ဆောင်းပါးရှင် “ချမ်းမြအေး” ဟာ “နေမျိုးဝေ” လေနဲ့ အတော်ကြီးတူနေတာပါပဲ။ ဒီ့မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ “နိုဝင်ဘာ (၁၁) ပေးစာ” နဲ့ပတ်သက်ပြီး အင်တာနက်ကနေတဆင့် နေမျိုးဝေ ရေးတာကို ဖတ်လိုက်ရလို့ပါ။ လေကတော့ သိတဲ့အတိုင်းပဲ အထက်စီးကနေ ပြောတဲ့ “အချိုးပြင်” ဆိုတဲ့ လေပေါ့။


“အကြွင်းမဲ့ ကျွန်ဇာတ်သွင်းရေး ကျောင်းတော်သားအဖွဲ့” ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုဟာ အမေရိကန်အလိုကျ သဘောဆောင်ပြီး မဟာဗျူဟာမပြောင်း၊ နည်းဗျူဟာပြောင်းကစားခြင်းသာ ဖြစ်တယ်လို့ ခံယူပါတယ်တဲ့။

မြန်မာနိုင်ငံရဲ့ ပကတိအရှိတရား (Reality) “လမ်းစဉ် (၇) ရပ် အောင်မြင်ရေး” ကို အခြေမခံဘဲ အနောက်ဒီမိုကရေစီပုံစံကို ဇွတ်အတင်း ပုံဖော်လျှင် မမျှော်လင့်သော နောက်ဆက်တွဲ ဒုက္ခဆိုးကျိုးများ ပေါ်ပေါက်လာမည့် အနေအထား၊ အမေရိကန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရည်ရွယ်ချက်၊ သဘောထားအဖုံဖုံကို ပြည်သူများ သိရှိအောင် ကျွန်ုပ်တို့မှ ရှင်းလင်းဆွေးနွေးသွားမယ်တဲ့။

ဒုတိယပြောချင်တာကတော့ (နအဖ) စစ်အစိုးရဟာ “တွေ့ဆုံဆွေးနွေးရေး” နဲ့ ပတ်သက်လာရင် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်တာပဲဖြစ်ဖြစ်၊ (NLD) က ကမ်းလှမ်းတာပဲဖြစ်ဖြစ်၊ ဝါရင့်နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များ ပန်ကြားတာပဲဖြစ်ဖြစ်၊ ပြည်တွင်းပြည်ပ အဆိုပြုတာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးပြပြီး ပယ်ချလိုက်တာပဲဖြစ်ပါတယ်။

ဒီလို ပယ်ချတဲ့အခါတိုင်းမှာလည်း တိုက်ရိုက်ပြန်ကြားတာမလုပ်ဘဲ သူတို့မွေးထားတဲ့ မျောက်တွေကတဆင့် ပြန်ကြားလေ့ရှိတာပါပဲ။

ဘယ်လိုပဲပြန်ကြားသည်ဖြစ်ပါစေ အနှစ်သာရကတော့ ကမ်းလှမ်းအဆိုပြုသူတွေကို တစ်ဖက်သတ် အပြစ်ပုံချတာတွေ လုပ်ပြီး၊ ဆင်ခြေလိမ်တွေ တောင်စဉ်ရေမရပြပြီး “တွေ့ဆုံဆွေးနွေးရေး” ကို ပယ်ချတာပါပဲ။

ပြောရရင် (NLD)က ပြောခဲ့ဖူးတဲ့ (နအဖ) စစ်အစိုးရမှာ Political Will မရှိဘူးဆိုတဲ့ စကားနဲ့ ဒက်ထိကွက်တိပါပဲ။

ဒါပေမယ့် ခက်နေပြန်တာက အဲဒီလိုအကဲဖြတ်ခဲ့တဲ့ (NLD) ကိုယ်တိုင်ကပဲ “ရွှေဂုံတိုင်ကြေညာစာတမ်း” ကို အသက်ဝင်လှုပ်ရှား အားပါလာအောင် လက်တွေ့ကျတဲ့ အလုပ်တွေလုပ်တာ ဒီကနေ့အထိ မတွေ့ရသေးဘဲ “လာနိုးငယ်မျှော်နေ”တာဖြစ်ပါတယ်။

အခုလည်း ကပ်ပြောမယ်ဆိုရင် “ဗိုလ်ချုပ်မှူးကြီးက တရားဝင် မပြန်ကြားသေးဘူး” လို့ ပြောလို့ရတာပဲမဟုတ်ပါလား။

ဗိုလ်ချုပ်မှူးကြီးကတော့ တရားဝင်ပြန်ကြားလိမ့်မယ်လို့ ကျနော်တို့မထင်ပါ။ အကြောင်းပြန်မှာလည်း မဟုတ်ပါဘူး။

ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို တပြိုင်နက် ပွဲထွက်ခိုင်းထားတာကလည်း ပြည်တွင်းပြည်ပက “မောင်မောင်မခေါ်ခင် ဗျာထူးချင်သူတွေ” ကို ယုန်ထင်ကြောင်ထင်ဖြစ်အောင်နဲ့ လှည်းစားဖို့၊ အချိန်ဆွဲဖို့သက်သက်သာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ရက်ကိုလစားပြီး နှစ်တို့ရှည်လျားခဲ့ပါပြီ။ ၂၀၁၀ ကို ရောက်ဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။

(နအဖ) စစ်အစိုးရလိုချင်တာက စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရေးကိစ္စသက်သက်သာ ဖြစ်ပါတယ်။ တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးဖို့ မဟုတ်ပါဘူး။

တကယ်ဆွေးနွေးရမယ့် ပြဿနာတွေက နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ပြန်လည်သုံးသပ် ပြင်ဆင်ရေးကိစ္စတွေသာ ဖြစ်ပါတယ်။ ဒီကိစ္စတွေကို (နအဖ) စစ်အစိုးရ မတို့ဝံ့၊ မထိဝံ့တာကလည်း ထင်ရှားတဲ့ သာဓကတစ်ခုပဲ မဟုတ်ပါလား။

အခုတော့ (နအဖ)စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်စာပါ အကြောင်းအရာနဲ့ အနှစ်သာရကိစ္စတွေကို မပြောဘဲ စာပေးပုံပေးနည်းကို ရမယ်ရှာပြီး ယိုးမယ်ဖွဲ့နေပါတယ်။ မလာချင်လို့သာလျှင် ခရီးဝေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် (နအဖ)စစ်အစိုးရနဲ့ ပြည်သူဟာ မိဘနဲ့သားသမီးမဟုတ်ပါဘူး။

(နအဖ) စစ်အစိုးရဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်အုပ်စိုးသူ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ပီပီပြင်ပြင် ကျင့်သုံးနေတဲ့ စစ်အာဏာရှင်အစိုးရဖြစ်ပါတယ်။

(နအဖ) စစ်အစိုးရဟာ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ ဆိုတဲ့ ရန်သူမျိုးငါးပါးထဲက အသင်းဝင်စာရင်းဝင်သာ ဖြစ်ပါကြောင်း။ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တယား၊ စစ်အာဏာရှင်စနစ်ကို အကုန်အစင် တိုက်ဖျက်ပစ်ရမည်သာဖြစ်ပါတယ်။
× × × × ×

တူမောင်ညို
(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်)

Dec 13, 2009

လူ့အခွင့်အရေးအခမ်းအနားကို အာဏာပိုင်များခွင့်မပြု၍ လူစုခွဲလိုက်ရ

ဖြိုးကြီး

၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကို အာဏာပိုင်များ ခွင့်မပြုသည့်အတွက် လူစုခွဲလိုက်ရကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေသူတဦးက ပြောသည်။

ယနေ့နံနက်ပိုင်းက ပြည်မြို့တွင် ပြုလုပ်ရန်စီစဉ်ထားသည့် လူ့အခွင့်အရေးနေ့ အခမ်းအနားကို နယ်မြေခံ အာဏာပိုင်များက ခွင့်မပြုဘဲ အိမ်ရှင်ဖြစ်သူ ကိုမင်းမင်း (ခ) ကိုလှမင်းထွန်းကို ခေါ်ဆောင်သွားသည့်အတွက် မလုပ်ဖြစ်ကြောင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်မှ ကိုမောင်မောင်လေးက ပြောသည်။

“ပြည်မြို့ မယက ဥက္ကဌ ဦးစိုးမြင့်ကခေါ်လို့ အိမ်ရှင် ကိုမင်းမင်းသွားတာ မနက် ၆ နာရီကတည်းက အခုချိန်ထိ ပြန်မပို့သေးပါဘူး၊ အခု ဆယ်နာရီ တိတိထိုးသွားပြီ၊ ကျနော်တို့ကလည်း ကိုမင်းမင်းမသွားခင်ကတည်းက သူပြန်လာမှ ဒီအခမ်းအနားကိစ္စကို စီစဉ်မယ်၊ အာဏာပိုင်က လုံးဝခွင့်မပြုဘူးဆိုရင်လည်း၊ ကျနော်တို့ ဇွတ်မလုပ်ဘူးလို့ ပြောပြထားတယ်၊ အဲဒီတော့ လောလောဆယ် ကြားနေတာ အထက်က ဒီကိစ္စကို ကြိုတင်အကြောင်း မကြားတဲ့အတွက် ခွင့်မပြုနိုင်ပါဘူးတဲ့ အဲဒီတော့ ဒီက ပြန်စရာရှိတဲ့ လူတွေကို ပြန်ကြဖို့ ပြောတယ်” ဟု ကိုမောင် မောင်လေးက ပြောသည်။

အဆိုပါ လူ့အခွင့်အရေးအခမ်းအနားသို့ ကိုစောဗန်ကူးအပါအဝင် ဘိုကလေး၊ ပုသိမ်မြို့များမှ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများ လာရောက်ခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်နဲ့ ကိုဗန်ကူးအပါအဝင် နောက်တစ်ယောက်ရယ် ဘိုကလေးက သုံးယောက် ပြည်မြို့ကို မနေ့ညနေ ငါးနာရီခွဲမှာ ရောက်တယ်၊ ခုနစ်နာရီခွဲမှာ တည်းခိုတဲ့ အခမ်းအနားလုပ်မဲ့ အိမ်ကို ကျနော်တို့ ရောက်တဲ့ချိန်မှာ ဒေသခံက အက်စ်ပီ ဒုရဲအုပ်နှစ်ယောက်လာတယ်၊ ကျနော်တို့ နှစ်ယောက်ရဲ့ ဘိုင်အိုဂရက်ဖီကို တောင်းတော့ ပေးလိုက်ရသေးတယ်” ဟု ပြောသည်။

မြို့နယ် မယက ဥက္ကဌက ကိုမင်းမင်းအား လူ့အခွင့်အရေးနေ့ အခမ်းအနားကျင်းပခြင်းနှင့် ပတ်သက်၍ မေးမြန်းလိုသည့်အတွက် မပျက်မကွက်လာရောက်ရန် ယမန်နေ့ ည ၁ နာရီကျော်တွင် စာထုတ်အကြောင်းကြားသဖြင့် ယနေ့ နံနက်သွားရောက်တွေ့ဆုံစဉ် ယခုကဲ့သို့ ခေါ်ယူထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ပုသိမ်က လာတဲ့လူ တချို့ကတော့ ကိုမင်းမင်းကို ခဏစောင့်နေပါသေးတယ်၊ သူနဲ့ အတူ လူငယ်တစ်ယောက် ပါသွားတယ်၊ ကိုငွေလင်းလို့ခေါ်တယ်၊ အဲဒီကောင်လေးကို ဖုန်းဆက်ကြည့်တဲ့ အခါ ကျနော်တို့ ဒီကပြန်မှ ကိုလှမင်းထွန်းနဲ့ သူ့ကို ပြန်ပို့ပေးမယ်လို့ ပြောပါတယ်၊ ဒါနောက်ဆုံး အခြေအနေပဲ” ဟု ကိုမောင်မောင်လေးက ဆက်လက်ပြောသည်။

ယနေ့ကျရောက်သည့် ၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ပြည်၊ ပုသိမ်၊ ဘိုကလေးနှင့် သုံးဂွမြို့နယ်များတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း ဘိုကလေးနှင့် ပုသိမ်မြို့များတွင်သာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ဘိုကလေးမြို့ပေါ်တွင် ကျင်းပသည့်ပွဲတွင် ကလေးစစ်သားအသုံးပြုမှု၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် အမျိုးသမီးများအပေါ်ချိုးဖောက်နေသည့် လူအခွင့်အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း တက်ရောက်ခဲ့သူ တဦးကပြောသည်။

ပုသိမ်မြို့တွင် ကျင်းပခဲ့သည့် အခမ်းအနားသို့ လူ့အခွင့်အရေးစိတ်ပါဝင်စားသူ ၃၀ ခန့် တက်ရောက်ခဲ့ကြပြီး အာဏာပိုင်များကို တရားဝင်အကြောင်းကြားကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ပုသိမ်မှာတော့အလွှာစုံနဲ့ အောင်မြင်စွာလုပ်နိုင်ခဲ့ပါတယ်၊ ပုသိမ်မြို့ အမှတ်(၈) ရပ်ကွက် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီအပိုင် ကျောက်စလစ်ကုန်းရပ်ကွက်မှာ လုပ်တာပါ”ဟု ပုသိမ်မြို့မှ အခမ်းအနား ဦးဆောင်ပြုလုပ်သူတဦးက ပြောသည်။

ယင်းအခမ်းအနားကို အာဏာပိုင်များဘက်မှ တစုံတရာ နှောက်ယှက်ခြင်း မရှိသော်လည်းလုံခြုံရေးအပြည့်ချထားပြီး စောင့်ကြည့်ခဲ့ကြောင်း ၎င်းကဆက် ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသူများကို လူ့အခွင့်အရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးသက်တင်က ဦးဆောင်ဆွေးနွေးမှုများပြုလုပ်ကာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ကြေညာချက်ထုတ်ပြန်

ရိုးမ ၃

ယနေ့ကျရောက်သည့် ၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်မှ ကြေညာချက် တစောင်ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် အချက်လေးချက်ပါဝင်ပြီး လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂမှ အတည်ပြုပြဌာန်းထားသည့် လူ့အခွင့်အရေးကြေညာစာတမ်းများကို အလေးအနက်ယုံကြည် ကျင့်သုံးနေသူများဖြစ်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်အနေဖြင့် (၁) နိုင်ငံသူ/သားများအား အာဆီယံပဋိဥာည်စာတမ်းပါ အခြေခံလူ့အခွင့်အရေးများ၊ လွတ်လပ်ခွင့်များကို အမှန်တကယ် ပိုမိုမြှင့်တင်ကာကွယ် ဆောင်ရွက်ခွင့်ပြုရန်၊ (၂) အခြေခံလူ့အခွင့်အရေးနှင့်လွတ်လပ်ခွင့်များအား ထိန်းချုပ်ကန့်သတ်ရန် ပြဌာန်းထားသည့်ဥပဒေ အမိန့်များအား ပြန်လည်ရုတ်သိမ်းပေးရန်၊ (၃) လက်ရှိအာဏာရယူထားသည့် အစိုးရနှင့် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ အားလုံးတို့သည် ဒီမိုကရေစီစနစ်သို့ ချဉ်းကပ်ရာတွင် ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ကိစ္စအရပ်ရပ်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါအချက်များအပေါ်တွင် အခြေခံပြီးဆောင်ရွက်ရန်၊ (၄)လူ့အခွင့်အရေးတွက် လှုပ်ရှားဆောင်ရွက်သူများနှင့် နိုင်ငံရေးယုံကြည်မှုအရ လှုပ်ရှားဆောင်ရွက်သဖြင့် အကျဉ်းကျခံထားရသူများအား ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန်တို့ကို ထည့်သွင်းရေးသားဖော်ပြထားသည်။

ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်များဖြစ်သည့် လူ့အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို လိုက်နာကျင့်သုံးရန်လိုအပ်ကြောင်း ၎င်းကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့နှင့် ဘိုကလေးမြို့တို့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပဲခူးတိုင်း၊ ပြည်မြို့တွင် ပြုလုပ်ရန်စီစဉ်ထားသော်လည်း အာဏာပိုင်များက ခွင့်မပြုသည့်အပြင် အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးဆောင်သူ ကိုမင်းမင်းကို မယက ရုံးသို့ ခေါ်ယူကာ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ဈေးရောင်းပွဲတော်ပြုလုပ်ခြင်းကို ဒေသခံများမကျေနပ်

ဉာဏ်မောင်

စီးပွားရေးသမားများက တိုင်းအာဏာပိုင်များနှင့်ပေါင်း၍ ဈေးရောင်းပွဲတော်များ ပြုလုပ်ကိုယ်ကျိုးရှာနေခြင်းကြောင့် ရပ်ကွက်အတွင်း နေထိုင်သူများ မကျေမနပ် ဖြစ်နေကြသည်။

ပုသိမ်မြို့၊ ကမ်းနားလမ်းတလျှောက်ကို ပိတ်၍ ယခု ၃ ရက်နေ့မှ စတင်ကာ ဈေးရောင်းပွဲတော် ပြုလုပ်နေသည့်အတွက် လမ်းပိတ်ဆို့မှုများဖြစ်ပြီး သွားလာရေးအခက်ခဲများ ဖြစ်နေကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတဦးက ပြောသည်။

“အဲဒါက လုပ်ငန်းရှင်တဦးက ကန်ထရိုက်ယူပြီးတော့ လေလံသဘောမျိုးနဲ့ ပေးလိုက်ပြီးလုပ်တာ၊ (တယက) ဥက္ကဌကို သိန်း ၅၀ ပေးလိုက်တာ၊ စီးပွားရေးသမားတွေနဲ့ အာဏာပိုင်တွေပေါင်းပြီးလုပ်စားတာ၊ လမ်းမကြီးကို တခြမ်းပိတ်ပြီး လုပ်လိုက်တာ၊ ထုံးစံမှမရှိတာ၊ ပုသိမ်မှာ ဒါမျိုးတခါမှ မလုပ်ဖူးဘူး” ပြောသည်။

အဆိုပါ ဈေးရောင်းပွဲတော်ဆိုင်ခန်းများ နေရာချထားမှုကို တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးမှ ဝန်ထမ်းများကိုယ်တိုင်လာရောက်၍ မြေနေရာများ တိုင်းပြီးချပေးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“တကယ်က ဈေးရောင်းပွဲတော်ဆိုတာ အမြို့မြို့အနယ်နယ်မှာ ကွင်းထဲမှာဘဲလုပ်ကြတာ၊ ဒီနေရာမှာလုပ်တာ စဉ်းစားစရာပေါ့၊ ဘာကြောင့် ဒီနေရာကိုမှ ရွေးတယ်ဆိုတာ မသိဘူး၊ စတိတ်ရှိုးတွေလုပ်တော့ လူနေအိမ်တွေ ရှေ့မှာဆိုတော့ ဘယ်သူမှလဲ အိပ်မရဘူး၊ မြို့လယ်ကြီးမှာ ရွက်ဖျင်တွေထိုး အဝတ်စုတ်တွေကာနဲ့ ကွမ်းယာဆိုင်တွေဖွင့် ဆိုက်ကားတွေကလည်း ပိတ်နေတော့ ကိုယ့်အိမ်ကိုယ် ဘယ်လိုပြန်တက်ရမလဲ ဆိုတာတောင် မသိတော့ဘူး” ဟု အဆိုပါ ရပ်ကွက်သားက ဆက်ပြောသည်။

ယင်း ဈေးရောင်းပွဲတော်မှာ ၉ ရက်နေ့ညက ပြီးဆုံးသွားသော်လည်း ညဈေးတန်း ဆက်လက်ဖွင့်မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ရပ်ကွက်အတွင်း နေထိုင်သူများမှာ မကျေမနပ်ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။