ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Dec 19, 2009

(၁၀) ကြိမ်မြောက် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ ကျင်းပ

ရိုးမ ၃

(၁၀) ကြိမ်မြောက် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းနားကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (YCOWA)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ ( BWU)၊ (MAP) ဖောင်ဒေးရှင်းနှင့် အဝေးရောက်ဧရာဝတီအသင်း (OIA) တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကျင်းပရခြင်းပတ်သက်၍ “ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အများအားဖြင့် တယောက်တနေရာစီမှာ အလုပ်လုပ်နေရတာ ဖြစ်တယ်။ ဆုံတွေ့ဖို့ ခဲတယ်။ အဲဒါကြောင့် ဒီအခမ်းအနားလုပ်ခြင်းအားဖြင့် မဲဆောက်မှာရှိတဲ့ အလုပ်သမားတွေ အားလုံးလာပြီး တစုတစည်းထဲ တွေ့ခွင့်ရပြီး တယောက်နဲ့တယောက် ရင်ထဲမှာရှိတာတွေ ဖွင့်ပြောပြီး အတွေ့အကြုံတွေ ဖလှယ်လို့ရအောင်၊ နောက် အလုပ်သမားတွေအနေနဲ့ သိသင့်တာတွေ သိလို့ရအောင် ဆိုပြီး ဒီအခမ်းအနားကို လုပ်တယ်။ နောက်ပြီး အလုပ်သမားတွေ ညီညွတ်ပြီး တစုတည်းဖြစ်အောင်လို့ ရည်ရွယ်ပါတယ်” ဟု (MAP) ဖောင်ဒေးရှင်းမှ မဲဆောက်တာဝန်ခံ ကိုအေးက ပြောသည်။

အခမ်းအနားကို တက်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့၏ အလုပ်သမားအခွင့်အရေးကို အပြည့်အဝ ရရှိပြီး တိုက်ပွဲဝင်ရဲကြရန်နှင့် မိမိတို့သည် တိုင်းပြည်နှစ်ခု၏ အကျိုးစီးပွားကို ရှာပေးနေသူများဖြစ်သည့်အတွက် ဂုဏ်ယူတတ်ဖို့လိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့သည် ဒီဇင်ဘာ (၁၈) ရက်နေ့ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့မှ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရောင်းခြည်းဦးအလုပ်သမားများအဖွဲ့ ရုံးတာဝန်ခံ မအိက ပြောသည်။

“တကယ်တမ်းက (၁၈) ရက်နေ့မှာ လုပ်ရမှာ ဖြစ်ပေမယ့် စက်ရုံတွေက ပိတ်ရက်မရှိတာကြောင့် ဒီလိုနေ့ကို ရွေးလုပ်ရတာပါ။ တချို့ကျတော့ စက်ရုံမှာ ခွင့်ယူပြီး လာကြတာဖြစ်တယ်။ တချို့က လာလို့မရဘူး။ အဲဒါကြောင့်မို့ အလုပ်သမားတွေအနေနဲ့ လာလို့ရမယ့်နေ့ကို ရွေးပြီးလုပ်တာ” ဟု သူက ပြောသည်။

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ၂၀၀၀ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြု သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment