ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 27, 2009

အောက်ခြေတပ်မှူးများ ဒီမိုကရေစီလိုလား

ဗထူး

စစ်အစိုးရ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အောက်ခြေတပ်မှူးများ စိတ်ဝင်စားခြင်းမရှိဘဲ စစ်အာဏာရှင်စနစ်သည် မှန်ကန်ခြင်းမရှိဟု သုံးသပ်ပြောဆိုနေကြသည်။

“စားဝတ်နေရေးကိစ္စကို တပ်ကိုပဲမှီခိုနေရလို့ စိတ်သွားတိုင်း ကိုယ်မပါကြဘူး။ အပြောင်းအလဲတရပ်ဖြစ်မှ အခြားအဆင့်အတန်းများအတွက် အဆင်ပြေမှာပါ” ဟု အမည်မဖော်လိုသည့် ဒုဗိုလ်မှူးကြီးတဦးက ပြောသည်။

ရွေးကောက်ပွဲဖြစ်ပေါ်လာပါကလည်း စစ်အစိုးရသာ ရာသက်ပန် သက်တမ်းရှည်မည်ဖြစ်ပြီး ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီးအဆင့်များမှာ ထပ်ဆင့် ရာထူးတိုးမြှင့်ခြင်းမခံရသည်က တပ်တွင်း အကြပ်အတည်းအလွန်ကြီးမားနေကြောင်း ၎င်းက ဆက်ပြောသည်။

“ရွေးကောက်ပွဲက ဘယ်သူပဲနိုင်နိုင် အာဏာရှင်စနစ်ပဲဖြစ်မယ်။ ဒီမိုကရေစီပြည့်ဝအောင် ရမယ်လို့ ကျနော်တို့ မမျှော်လင့်ဘူး။ မဲသွားပေးလည်း အလကားပဲ” ဟု အဆိုပါဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လက်ရှိ စစ်အစိုးရအနေဖြင့် ပြည်သူနှင့် အောက်ခြေဝန်ထမ်းများကို စားဝတ်နေရေးကိစ္စများဖြင့် လုံးချာလိုက်အောင် ဖန်တီးထားပြီး ရွေးကောက်ပွဲကို စိတ်မဝင်စားအောင် ပြုလုပ်ထားခြင်းသာဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

“တပ်မှာက အသက် ၆၀ ပြည့်ရင် နားရမယ်လေ။ သူတို့က တကယ်တမ်း မနားရဲပါဘူး။ ဒါကြောင့် ကျနော်တို့အဆင့်တွေ အောက်ခြေမှာ ပိတ်ဆို့နေတာ။ ဒီကိစ္စကို အားလုံးက မကျေနပ်ကြဘူး။ ရွေးကောက်ပွဲတောင် ဖြစ်ပါ့မလားလို့ စဉ်းစားမိတယ်” ဟု အဆိုပါဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို မေလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်အတွင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။

နာဂစ်ဒေသတွင် စပါးဈေးနှုန်းများ အပြောင်းအလဲဖြစ်

ရိုးမ ၃

စပါးပေါ်ချိန်ကာတွင် ဧရာဝတီတိုင်းအတွင်း စပါးဈေးနှုန်းများ မမှန်ကန်ဖြစ်သည်ဟု လယ်သမားအချို့က ပြောဆိုကြသည်။

ပေါ်ဆန်းမွေးက လေးသိန်း၊ အချွန်အုပ်စုက နှံကားပေါ့ သူက လေးသိန်းတသောင်း၊ ဈေးတွေက ဗြောင်းပြန်ဖြစ်နေတယ်။ အရင်တုန်းက အချောက မြင့်တယ်၊ အကြမ်းက နိမ့်တယ်လေ၊ အခုတော့ ဗြောင်းပြန်ပေါ့။

နာဂစ်ဖြစ်ပြီးကတည်း သုံးပုံတပုံပဲထွက်ပြီး လယ်မလုပ်နိုင်သူမြေကွက်များစွာ လွတ်ကြောင်း လယ်ဧက တသိန်းကျော်ရှိနေသည်အထဲမှ စပါးမှာ နှစ်သိန်းဝန်းကျင်စွာသာ ထွက်ရှိကြောင်း ဒေသခံ လယ်သမားက ပြောသည်။

“ဘိုကလေးမြို့နယ် တနယ်လုံး စိုက်ဧကခန့်မှန်းချက်က တသိန်း ရှစ်သောင်းလောက်ရှိမယ်။ ဒါပေမဲ့အပျက်အစီးတွေနဲ့ မစိုက်နိုင်တဲ့ ကွက်လပ်တွေကျန်တယ်။ စိုက်နိုင်တာဆိုလို့ သုံးသိန်းလောက်ပဲရှိတာ၊ ထွက်နှုန်ုးကျတာပေါ့။”

တိုင်းပြည်၏အောက်ပိုင်းဒေသတွင် ၄၀/ ၆၀ ထိစပါးအထွက်နှုန်းတိုးသော်လည်း နာဂစ်ဒဏ်ခံခဲ့ရသည့် ကျွန်းသာယာတို့ဘက်တွင် ကြွက်များဝင်ဖျက်သဖြင့် ထွက်နှုန်းကျဆင်းနေကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်းသာတို့ ရွှေညောင်ကြီးတို့ကျတော့ မထွက်ဘူး၊ သက်ဆိုင်ရာကို ငွေတသိန်းခွဲပေးပြီးကြိုရောင်းရတဲ့သဘောပါ စပါးရောင်းပြီး ပြန်ဆပ်ရတာပေါ့၊ တကယ်တမ်းကျတော့ ဒီဈေးတွေက ကုန်သည်တွေထဲမှာပဲ ရတယ်။ စက်ပိုင်ရှင်များအသင်း ဘာညာပေါ့။ နောက်တခုက ဒေသကုန်သည်ကြီးတွေပေါ့ ပုလဲပေးတွေ၊ ရွှေပေးတွေ၊ ငွေပေးတွေ၊ စက်ပေးတွေ စတဲ့ ရိက္ခာအထောက်အပံ့ပေးတွေနဲ့ ကြိုပြီးတော့ ယူထားရတာကို။ လယ်လုပ်တော့မယ်ဆိုလို့ရှိရင် ပုလဲဓါတ်မြေ့သြဇာ၊ စက်မောင်းဆီ၊ စက်မောင်းခ၊ စတဲ့ ငွေကြေးလုပ်အပ်ချက်တွေရှိတယ်လေ ငှားခက။ အဲဒါတွေကို ငွေကြိုယူလိုက်တဲ့အခါကျတော့ စပါးနဲ့ ချေလိုက်တာက များတာကို။ အဲဒါတော ရလာတဲ့ စပါးတွေကို ထိုးအပ်ရတော့တာပါပဲ။”

ငွေကြေးတတ်နိုင်သူများသာ စပါးထွက်ကိုလက်ဝါးကြီးအုပ်ထားပြီး သာမာန်လယ်သမားက အကျွေးမဆပ်နိုင်ပဲ အခြားစက်များ လက်သိပ်ရောင်းစားပြီး စားဝတ်နေရေးကို ဖြေရှင်းကြရသည်ဟု သူကပြောသည်။

“သိပ်မကြာပါဘူး၊ မတ်လအကုန်လောက်ဆိုရင် ဆန်ပြဿနာတက်မလား မပြောတတ်ဘူး၊ မတရားမှုတွေပေါ်လာ မှာပါ။ အကြွေးမဆပ်နိုင်တဲ့ လယ်သမားတွေအမှုပေါ့။”

Nov 25, 2009

ယူနီဖောင်းနှင့်အိမ်ပြန်ရောက်မှ စစ်သားဖြစ်နေကြောင်း မိဘများသိရ

လွန်းဒင်

အသက်မပြည့်သေးသည့် ကလေးငယ်တဦး တပ်သားအဖြစ်နှင့် အိမ်ပြန်ရောက်လာမှ မိဘများက စစ်သားအဖြစ် စုဆောင်းခံခဲ့ရကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဈ/၃၄ ရပ်ကွက်နေ အဖ ဦးအုန်းသန်း၏ သားဖြစ်သူ မောင်ရဲနောင်ဟိန်းသည် အစ်မဖြစ်သူနေထိုင်ရာ အလုံမြို့နယ်သို့ အလုပ်ရှာရန်သွားစဉ် စစ်သားအဖြစ်စုဆောင်းခြင်း ခံလိုက်ခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

"ကျနော်ကသူ့ကို ပိုက်ဆံ ၁၀၀ ပေးပြီးတော့ သူ့အစ်မဆီကို အလုပ်ရှာခိုင်းလိုက်တာပါ အလုံမြို့နယ်ထဲမှာပါ၊ အဲဒါ သူ့အစ်မဆီကိုလည်း မရောက်ဘူး၊ ပျောက်သွားတာ၊ နောက်မှကျနော့်ဆီကို တပ်သားအဖြစ်နဲ့ ပြန်ရောက်လာမှ တွေ့ခွင့်ရတာပါ" ဟု ဖခင်ဖြစ်သူက ပြောသည်။

မောင်ရဲနောင်ဟိန်းသည် ၂၀၀၈ ခုနှစ်၊ တလပိုင်း (၃) ရက်နေ့က စစ်သားအဖြစ် စုဆောင်းခံရပြီး ၎င်း၏အသက်မှာ (၁၆) နှစ်သာဖြစ်ကြောင်း ဖခင်ဖြစ်သူကပြောသည်။

စစ်သားအဖြစ်စုဆောင်ခံရပုံကို မောင်ရဲနောင်ဟိန်းက "သူတို့က ခေါ်သွားတယ် အလုပ်ပေးပါမယ်ဆိုပြီးတော့၊ မင်္ဂလာဒုံမှာ ခဏခေါ်ထားတယ်။ အဲဒီမှာ တပတ်လောက်နေရသေးတယ်။ ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ရင်းကိုထည့်တော့ အသက်မပြည့်သေးဘူးဆိုတော့ ၀င်လို့မရသေးဘူး မင်္ဂလာဒုံ ကားဂိတ်ဘေးနားမှာ ဆက်သွယ်ရေးက တပ်ကြပ်ကြီး တယောက်ဆီကိုလွှဲပေးလိုက်တာ" ဟု ပြောသည်။

၎င်းပျောက်ဆုံးသွားစဉ် ဖခင်ဖြစ်သူက တပ်သားစုဆောင်းရေးတပ်များတွင် လိုက်လံရှာဖွေသော် မတွေ့ရှိခဲ့ရကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။

"လေးရက်လောက်နေတော့ မင်္ဂလာဒုံစုဆောင်းရေးမှာ ကျနော်တို့ သွားရှာပါတယ်။ အဲဒီမှာ အရာရှိ၊ အရာခံတွေက ကျနော်ကို လိုက်ပြပါတယ်။ ဒါပေမယ့် ကျနော်သားကို မတွေ့ခဲ့ရပါဘူး၊ အိမ်ကိုအလည်ပြန်ရောက်မှဘဲ သိရတာ" ဟု ပြောသည်။

မောင်ရဲနောင်ဟိန်းမှာ သင်တန်းဆင်းပြီးနောက် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အမှတ်(၈)အဆင့်မြင့်ဆက်သွယ်မှု တပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း မှော်ဘီအခြေစိုက် အဆရ(၁)တွင် ခဏနား၍ အိမ်သို့ အပြီးပြန်လာခြင်း ဖြစ်သည်။

စစ်အစိုးရအနေဖြင့် အရွယ်မရောက်သေးသည့်ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီကို ဖွဲ့စည်းထားသော်လည်း ယခုကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ်အမြောက်အများမှာ စစ်သားအဖြစ် စုဆောင်းခြင်းခံနေရသည်။

Nov 24, 2009

ဘူတာရုံတွင် ကလေးတစ်ယောက် စစ်သားအဖြစ် စုဆောင်းခံရ

ရိုးမ ၃

ပဲခူးတိုင်း၊ သနပ်ပင်မြို့၊ ဘုရားကြီးပိုင်း (၁၂) လမ်းတွင် နေထိုင်သော ဦးစိုးလွင်၏ သားဖြစ်သူ အသက် (၁၆) နှစ်ရှိသော မောင်ကျော်မင်းဦးသည် မန္တလေးဘူတာတွင် ဩဂုတ်လ၊ ၂၀၀၉ တွင် စစ်သားအဖြစ်စုဆောင်းခံရသည်ဟု ဖခင်ဖြစ်သူမှ ပြောသည်။

မောင်ကျော်မင်းဦးသည် ဖခင်နှင့်အတူ မန္တလေးသို့ သွားရာမှ အပြန် ခိုးခံရသော အထုပ်ကို လိုက်ရှာနေစဉ် ကလေးပျောက်သွားသည်ကို နီးစပ်ရာထမင်းဆိုင်တွင် မေးမြန်းရာ စစ်သားငါးယောက်က ခေါ်ဆောင်သွားသည်ဟု သူ၏ ဖခင်ကပြောသည်။

“မန္တလေးမှာ ၂ ရက်နေပြီးတော့ ၃ ရက်နေ့မြောက်မှာ ပြန်မလို့ ညနေ ၆ နာရီခွဲမှာ လက်မှတ်ဝယ်ပြီးတော့ မနက် ၅ နာရီ ရထားကို စီးမယ်ပေါ့။ အဲဒီမှာပဲ ပထမညက ခိုးခံရတဲ့ အထုပ်ကို လိုက်တယ်။ အထုပ်က ပြန်ရ နောက်ပိုင်းမှာ ကျနော်သားက အိပ်ပျော်နေတာပေါ့လေ။ ပြန်လာတဲ့အခါမှာ စောင်ပျောက်သွားတယ်။ အဲဒီမှာ လက်မှတ်ဝယ်ပြီးတော့ လိုက်ရှာရင်းနဲ့ ကျနော်သားက ပျောက်သွားတယ်” ဟုပြောသည်။

၎င်း၏ ဖခင်သည် အနီးအနားက ထမင်းဆိုင်မှာ မေးကြည့်သည့်အခါ စစ်သားငါးယောက်နှင့်အတူ လက်ဖက်ရည်နှင့် မုန့်များစားသွားပြီး အဆိုပါ စစ်သားတွေနှင့်အတူ ပါသွားတယ်ဟုပြောပြီး အခု အမှတ် (၄) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ ပင်လောင်းမြို့၊ အနော်ရထာတပ်ခွဲမှာ ရောက်ရှိနေသည်။

“ကျနော် စာရရခြင်းလိုက်သွားတယ်။ အဲဒီတပ်ကိုရောက်တော့ တပ်အဝမှာ ကျနော်ကို ဝင်ခွင့်မပြုဘူး။ ကျနော်ကို တပ်ကစောင့်တဲ့ ၂ ရစ်နဲ့ စစ်သားတယောက်က အပြင်ထွက်ပြီးတော့ စကားပြောတယ်။ ပထမမှာ ကျော်မင်းဦးဆိုတာ မရှိဘူးလို့ ပြောတယ် အဲလိုပြောပြီးတော့ ရှေ့က ဆိုင်မှာ ထိုင်စောင့်ခိုင်းတယ်။ ၅ မိနစ်လောက်ကြာမှာ သူပြန်ရောက်လာတယ်။ ဦးသားက မရှိတာမဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ ကျနော် ပေးတွေ့လို့မရဘူး အရာရှိတွေက ပြောထားတယ် ဧည့်တွေ လုံးဝ အခွင့်မပြုဘူးလို့၊ အဲတော့ အရှေ့လ (၁၂) လပိုင်း၊ (၁၅) ရက်နေ့မှာ သူတို့ သင်တန်းဆင်းမယ် အဲဒီအခါကျမှ ကျနော်ကို လာတွေ့ပါလို့ ပြောတယ်” ဟု ဖခင်ဖြစ်သူမှ ပြောသည်။

လမ်းပြကြယ်အဖွဲ့မှ ဦးနိုင်မင်းကြည်ကလည်း အသက်မပြည့်သေးတဲ့ ကလေးစစ်သားနှင့် ပတ်သက်ပြီးတော့ တပ်မတော်အက်ဥပဒေကို အခုလို ပြောပါတယ်။

“တပ်မတော်အက်ဥပဒေ ၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ တပ်မတော်အက်ဥပဒေ ပုဒ်မ ၆၅ အရ တပ်မတော်သားထဲဝင်မယ်ဆိုရင် အသက် (၁၈) နှစ်ပြည့်ပြီးတော့မှ မိဘအုပ်ထိန်းသူ သဘောတူမှ ဝင်ရမယ်လေ၊ ကျန်းမာရေးလည်း ကောင်းရမယ်လေ။ တပ်မတော် အက်ဥပဒေနဲ့ ပတ်သက်ပြီးတော့ အခုကလေးစစ်သားတွေ မရှိသင့်တဲ့ ကိစ္စနဲ့ ပတ်သက်၍ အက်ဥပဒေကို လိုက်နာဖို့။” ဟု ပြောသည်။

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၉)

စောကျော်ကျော်မင်း

ကိုဖိုးဖြူအနေဖြင့် ဥပဒေပိုင်းဆိုင်ရာ ပြဿနာများကို အလေးပေး၍ ပြန်လှန်စစ်ဆေးခြင်းဖြစ်သည်။ တရားရုံး၏ အဝင်ပေါက်ဝတွင်လည်း ကိုတင်ဝင်း၊ ကိုညီညီမင်းတို့၏ မိသားစုများအပြင် အမှုစစ်ဆေးသည်ကို လာရောက်နားထောင်ကြသော ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အား လာရောက်အားပေးကြသော အဖွဲ့ချုပ်အဖွဲ့ဝင်များအပြင် အာဏာပိုင်တို့မှ စေခိုင်းထားသည် အရပ်ဝတ် စွမ်းအားရှင်နှင့် ကြံ့ဖွံ့များ၊ ထောက်လှမ်းရေးများဖြင့် ပြည့်ကျပ်လျက်ရှိသည်။

ကိုဖိုးဖြူ၏ ပြန်လှန်စစ်မေးချက်များအရ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်လေသည်။

ကိုဖိုးဖြူမေးမြန်းသည့် ပြန်လှန်မေးခွန်းများမှာ “ရုံးရှေ့စွပ်စွဲခံရသူများဖြစ်ကြသည့် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား စတင်ဖမ်းဆီးခဲ့စဉ်က ဝရမ်းပြသဖမ်းဆီးခဲ့ပါသလား ”ဟု မေးမြန်းခဲ့ရာတွင် တရားလိုမှ “ဝရမ်းပြသ ဖမ်းဆီးခြင်းမဟုတ်” ဟု ဖြေဆိုလေသည်။ ထို့ကြောင့် ဆက်လက်မေးမြန်းရန် မေးခွန်းများ ထင်ထင်ရှားရှား ပေါ်ပေါက်လာပေတော့သည်။

“ပြစ်မှုဥပဒေပုဒ်မ (၅၀၅) သည် ရဲအရေးမပိုင်သည့် ပုဒ်မဖြစ်သည်ကို သိပါသလား” ဆိုသည့် မေးခွန်း၊ “ထိုကဲ့သို့ ရဲအရေးမပိုင်သည့် ပုဒ်မဖြင့် တရားစွဲဆိုလိုလျှင် ရဲလက်စွဲဥပဒေ အပိုဒ် (၁၄၅၄) တွင် ဖေါ်ပြထားသည့်အတိုင်း တရားရုံးတွင် ပထမဦးစွာ ဦးတိုက်လျှောက်ထားရမည်ကို သိပါသလား” ဆိုသည့် မေးခွန်း စသည့်မေးခွန်းများကို မေးမြန်းခဲ့ရာ တရားလိုသက်သေများအနေဖြင့် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား စတင်ဖမ်းဆီးသည့်အချိန်တွင် ရဲအရေးပိုင်သည့် ပုဒ်မများနှင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သော်လည်း ဖမ်းဆီးစစ်ဆေးပြီး နောက်ပိုင်း တရားစွဲဆိုသော အခါတွင်မှ ရဲအရေးမပိုင်သည့် ပုဒ်မဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုလေသည်။

မြန်မာနိုင်ငံတွင် ယနေ့တိုင်အောင် ထင်ရှားလျက်ရှိသော ဖမ်းဆီးချုပ်နှောင်ခြင်းမှာ “စစ်ဆေးမေးမြန်းလိုပါသဖြင့် ခဏလောက်လိုက်ခဲ့ပါ” ဟု ပြောဆိုဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံကြရကာ ဖမ်းဆီးပြီးနောက်ပိုင်း မည်သည့်အရပ်ဒေသတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရ၊ သေသလားရှင်သလား ဆိုသည်ကိုလည်း မသိကြရဘဲ ကျန်ရစ်သူမိသားစုများ ပူပင်ကြောင့်ကြရသည့်အဖြစ်သို့ ရောက်ရှိစေကာ၊ မိသားစုဝင်တစ်ဦးတစ်ယောက် ဖမ်းဆီးချုပ်နှောင်ခံရပါက ကျန်ရစ်သူ မိသားစုများကိုယ်တိုင်လည်း များစွာ စိတ်သောကရောက်ကြရပေသည်။

ထိုမျှမကသေး ထိုသို့ဖမ်းဆီးချုပ်နှောင်ခြင်းမှာ ရဲတပ်ဖွဲ့ဝင်များ၊ အထူးသတင်းတပ်ဖွဲ့များအနေဖြင့် ၎င်းတို့ ဖမ်းဆီးမည့် သူများ၏ ပြစ်မှုကျူးလွန်ကြောင်းကို သေချာပိုင်နိုင်စွာ သိရှိစုံစမ်းထားခြင်းမျိုးမဟုတ်ဘဲ၊ ခိုင်လုံတိကျသော သက်သေခံအထောက်အထားများ ရရှိထားခြင်းမျိုးမဟုတ်ဘဲ တစ်ဦးတစ်ယောက်ကို သင်္ကာမကင်းဖြစ်ရုံမျှဖြင့် ဖမ်းဆီး၍ စစ်ကြောရေးလုပ်စဉ်တွင် အတင်းအကျပ် ဝန်ခံစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခြင်း စသည့်နည်းလမ်းများကို အသုံးချ၍ အမှုတည်ဆောက် တရားစွဲတင်ကြခြင်းကြောင့် ဖြစ်ပေသည်။

ထို့ကြောင့် အထက်ဖေါ်ပြပါ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့၏အမှုတွင် ကိုဖိုးဖြူက တရားလိုများကို ရဲလက်စွဲလုပ်ထုံးလုပ်နည်းတို့ဖြင့် ထွက်ပေါက်မရှိအောင် မေးမြန်းသည့်အခါတွင် “ဖမ်းဆီးစဉ်က ရဲအရေးပိုင်သည့် ပုဒ်မဖြင့် ဖမ်းဆီးပြီး၊ တရားစွဲတင်သောအခါတွင်မှ ရဲအရေးမပိုင်သော ပုဒ်မဖြင့် တရားစွဲတင်ခြင်းဖြစ်သည်” ဟု ထွက်ဆိုကြခြင်းဖြစ်ပေသည်။

ဆက်လက်၍ ကိုဖိုးဖြူက “ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ကို ဖမ်းဆီးသည့်အချိန်တွင် ဖမ်းဆီးသည့်အဖွဲ့၌ ပါဝင်ခဲ့ပါသလား” ဟု မေးမြန်းသည့်မေးခွန်းကို တရားလိုသက်သေက “ပါဝင်ခဲ့ပါသည်” ဟု ဖြေဆိုသဖြင့် ဆက်လက်မေးမြန်းရမည့် မေးခွန်းဖြစ်သည့် “ရုံးရှေ့စွပ်စွဲထားသော အမှုနှင့် စပ်လျဉ်းပြီး ရုံးတော်ရှေ့သို့ လာရောက် သက်သေထွက်ဆိုခြင်းမတိုင်ခင်က အမှုစစ်ရဲအရာရှိ၏ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပါသလား” ဟု မေးမြန်းလိုက်သည့် အခါတွင်လည်း “မှန်ပါသည်” ဟု ဖြေဆိုလေသည်။ “အမှုစစ်ရဲအရာရှိမှ အမှုနှင့်စပ်လျဉ်းသော် ခင်ဗျား၏ ထွက်ဆိုချက်များကို ရေးမှတ်ထားခဲ့ပါသလား” ဟု မေးမြန်းရာတွင် “ရေးမှတ်ထားခဲ့ပါသည်” ဟု ထွက်ဆိုသည်။ ထို့ကြောင့် ကိုဖိုးဖြူသည် တရားလို၏ ရုံးတော်ရှေ့သို့ လာရောက်ထွက်ဆိုနေသော ထွက်ဆိုချက်များနှင့် ယခင်က အမှုစစ်အရာရှိထံတွင် ထွက်ဆိုခဲ့သော ထွက်ဆိုချက်များကို တိုက်ဆိုင်စစ်ဆေးလိုကြောင်း ရုံးတော်သို့ တင်ပြလျှောက်ထားလေတော့သည်။

တစ်စုံတစ်ယောက်ကို ဖမ်းဆီးပြီးနောက်ပိုင်းတွင် အမှုနှင့်စပ်လျဉ်း၍ စစ်ဆေးချက်များကို ရေးမှတ်ထားသည့် စာရွက်စာတမ်းများကို ရဲစက္ကူဟူ၍ ခေါ်ဝေါ်သုံးစွဲကြသည်။ ကိုဖိုးဖြူမှာ အဆိုပါ ရဲစက္ကူတွင် ရေးမှတ်ထားသော တရားလို၏ ထွက်ချက်များနှင့် ယခု ရုံးရှေ့တွင် ထွက်ဆိုလျက်ရှိသော ထွက်ချက်တို့ ကွဲလွဲလျက်ရှိကြောင်းကို သံသယရှိသည်ဖြစ်၍ တိုက်ဆိုင်စစ်ဆေးခွင့်ပြုပါရန် တရားရုံးသို့ တင်ပြလျှောက်ထားခြင်း ဖြစ်ပေသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှုထမ်းများအနေဖြင့် ၎င်းတို့ ထိန်းသိမ်းထားရမည့် မည်သည့် စာ၊ မှတ်တမ်း၊ အမှုတွဲ သို့မဟုတ် ၎င်းတို့မှ ရေးကူးသည့် မည်သည့်မိတ္တူ၊ မည်သည့်ထုတ်နှုတ်ချက်မျိုးကိုမဆို တရားဥပဒေအရ တောင်းဆိုခွင့်မရရှိသူ အရပ်သားတစ်ဦးတစ်ယောက် သို့မဟုတ် အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပေးအပ်ရကြောင်းကို ရဲလက်စွဲအပိုဒ် (၁၄၀၇) တွင် အတိအလင်း ဖေါ်ပြထားပါသည်။ သို့ရာတွင် တရားရုံးမှ အမိန့်ချမှတ်၍လည်းကောင်း၊ အာဏာပိုင် အစိုးရအရာရှိတဦးဦး၏ အမိန့်တစုံတရာဖြင့်သော်လည်းကောင်း၊ ထုတ်ပေးရန် သို့မဟုတ် ပေးအပ်ရန် တောင်းခံလာမှသာလျှင် ထုတ်ပေးရမည်ဖြစ်သည်။

ကိုဖိုးဖြူသည် ယင်းသို့ ထုတ်ပေးစေရန်အတွက် တရားရုံးတော်မှ အမိန့်တရပ် ချမှတ်ပေးပါရန် သက်သေခံဥပဒေပုဒ်မ (၁၄၅) အရ တင်ပြလျှောက်ထားခြင်းဖြစ်သည်။ သက်သေတစ်ဦးကို ယခင်က ရေးသားထားသော သို့မဟုတ် ရေးမှတ်ထားသော အစစ်ခံချက်ဖြင့် ပြန်လှန်မေးမြန်းနိုင်သည်။ ထိုသို့မေးမြန်းရာ၌ ရဲစက္ကူတွင် ၎င်းကိုယ်တိုင် အစစ်ခံထွက်ဆိုထားသည့် ထွက်ဆိုချက်များကို ပထမဦးစွာ ပြန်လည်သတိပေး ပြောဆိုရသည်။ သို့မဟုတ် ပြန်လည်ဖတ်ပြပေးရသည်။ ထို့နောက်တွင်မှ အမှုစစ်အရာရှိထံ ထွက်ချက်နှင့် တရားရုံးတော်တွင် ထွက်ဆိုသည့် အစစ်ခံချက်တို့သည် မည်သည့်နေရာတွင် ကွဲလွဲကြောင်းတို့ကို တရားရုံးတော်မှ အမှန်အတိုင်း သိရှိစေရန် မေးမြန်းရခြင်း၊ သက်သေခံတင်သွင်းခြင်းများ ပြုလုပ်ရခြင်းဖြစ်ပေသည်။

× × × × ×


ဆက်လက်ရေးသားပါဦးမည် -
စာဖတ်သူများကိုအစဉ်လေးစားလျက်-
စောကျော်ကျော်မင်း
၂၄.၁၁.၂၀၀၉

ခေတ်တခေတ်ကို ထုဆစ်သူများ

ရဲရင့်သက်ဇွဲ

ဟောဒီ ဘဒ္ဒကမ္ဘာမှာ
အပြောင်းလဲတွေက
မြန်ဆန်လွန်းတယ်
တဖက်သက်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေထဲက
အခွင့်အရေးကို ချောင်းနေတဲ့
သတ္တဝါတို့ရဲ့ စိတ်အပြောင်းအလဲက
ပိုမြန်လွန်းတယ်
ပိုပြီး ရွံ့စရာကောင်းတယ်…….။


တောမီးလောင်တာ
ကြာခဲ့ပါပြီ
တောကြောင်တွေမှာတော့
မြင်မြင်သမျှဖြတ်ဆီးဖို့
ယောက်ယက်ခတ်နေပုံများ
အသိခေါက်ခက်အဝင်နက်နေရှာတဲ့
သူတို့ကိုယ် သူတို့
ဖျက်ဆီးမဲ့ဘေးဟာ
နှစ်ထောင့်တဆယ်နဲ့အတူရောက်လာမယ်ဆိုတာ
မသိရှာကြဘူး……..။

ကမ္ဘာလုံးဆိုင်ရာ
ပြုပြင်ပြောင်းလဲမှုတွေထဲ
မျောပါမနေချင်
ငါတို့ရဲ့လိုအင်ဆန္ဒ
ငါတို့တိုင်းပြည်စစ်ကျွန်ဘဝ
လွတ်မြောက်ရေးသာ ပထမ၊ ဒုတိယ၊ တတိယ ……။

သေခြင်းတရားရဲ့
အငွေ့အသက်တွေလွှမ်းခြုံနေတဲ့
အခန်းငယ်တွေထဲက
ငါတို့ရဲ့သူရဲကောင်းများ
ခေတ်တခေတ်ကို
ထုဆစ်သူများဖြစ်တယ် ……။

တပ်ဦးက ငါတို့ သူရဲကောင်း ရဲဘော်များ
ခေတ်တခေတ်ကို
ထုဆစ်သူများဖြစ်တယ်။
တော်လှန်ရေးတရပ်ရဲ့
စုတ်ချက် ကြမ်းကြမ်းထဲမှာ
ကမ္ဘာမကြေတဲ့ တမ်းခြင်းတွေနဲ့
ကမ္ဘာမကြေတဲ့ လွမ်းခြင်းတွေနဲ့
ခေတ်တခေတ်ကို ထုဆစ်နေဦးမယ် … ။ ။

× × × × ×

ရဲရင့်သက်ဇွဲ
၁၁.၁၁.၂၀၀၉

Nov 23, 2009

လိုင်စင်မဲ့ မြေတူးစက်ဖမ်းမိခြင်းနှင့် ဆက်စပ်၍ ခရိုင်ရဲမှူး အရေးယူခံနေရ

ဉာဏ်မောင်

ပြီးခဲ့သည့်လ (၂၆) ရက်နေ့က ကရင်ပြည်နယ်၊ နောင်လုံတောင်ကြားတွင် ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ မြေတူးစက် ၂ စီးအမှုနှင့်ပတ်သက်၍ ဘားအံခရိုင် ရဲတပ်ဖွဲ့မှူးကြီး မောင်မောင်အား ရုံးတင်စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိသည်။

အဆိုပါ မြေတူးစက်များသယ်လာသည့် ဆေးတပ်ကြပ် မျိုးအောင်အား စစ်ဆေးနေစဉ်အတွင်း ထွက်ပြေးလွတ် မြောက်သွားသည့်အတွက် တာဝန်ရှိသူ ခရိုင်ရဲမှူးအား ယခုလ (၁၁) ရက်နေ့တွင် ရုံးတင်စစ်ဆေး နေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတဦးက ပြောသည်။

“အခုအခေါက်က ၃ ခေါက်မြောက် သယ်လာတာ၊ အရင် ၂ ခေါက်ကလွတ်သွားပြီး ဒီတကြိမ်မှ မိတာ၊ ဖမ်းခိုင်းတာက ပ.ယ.က ဗိုလ်မှူးချုပ် ဇော်မင်းက ရဲမှူးကြီးကျော်မြင့်ကို ခိုင်းခဲ့တာ၊ သူကတဆင့် မြို့နယ်မှူး ဒုရဲမှူးဝင်းမြင့်နဲ့ နယ်ထိန်း ဒုရဲအုပ် ဝင်းနိုင်တို့ကို တဆင့်ဖမ်းခိုင်းလိုက်တာ” ဟု ပြောသည်။

ဖမ်းဆီးရမိသည့် Caterpillar အမျိုးအစား မြေတူးစက်နှစ်လုံးကို ပျဉ်းမနားမြို့ရှိ Soo_ Pin Company က ထိုင်းနိုင်ငံမှ ဝယ်ယူခဲ့ပြီး မြဝတီမြို့ ဒီကေဘီအေ အမှတ်(၁၀) ဂိတ်မှ တင်းသွင်းလာခြင်းဖြစ်ကာ စက်တစီးလျှင် သိန်း ၅၀ နှုန်းဖြင့် တပ်ထိန်း ဒုတပ်ကြပ် အောင်ဖြိုးဝင်းနှင့် ဆေးတပ်ကြပ် မျိုးအောင်တို့က သယ်ဆောင်လာခြင်း ဖြစ်သည်။

“သယ်လာတာက စုစုပေါင်း ၃ စီး၊ နောက်တစီးက ကျုံဒိုးက ခမရ(၅၄၅)ထဲမှာ ဖွတ်ထားတာကနေ ဗိုလ်မှူးချုပ် ဇော်မင်းက မြန်မာသစ် တောက်ငှက် (company)ကို ငှားထားတယ်။ အဲဒီတစ်စီးတော့ အမှုမဖွင့်ဘူး” ဟု အဆိုပါ ရဲအရာရှိက ဆက်လက်ပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် မျိုးအောင်ဆိုသူမှာ လိုင်စင်မဲ့ကားများကို သွင်းယူ သယ်ဆောင်နေခြင်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နေသူဖြစ်ပြီး အာဏာပိုင်များနှင့် အဆင်ပြေသူတဦးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပြည်ထဲရေးဝန်ကြီးက လက်တဆုံးနှိုက်ဖော်ထုတ်ဖို့ မှတ်ချက်ပေးတယ်၊ ဒီမျိုးအောင်ဆိုတဲ့သူက ခုစစ်ဆေးတော့မှ စစ်ပြေးမှန်း သိကြတာ၊ ဒါကလည်း သူထွတ်ပြေးသွားပြီးမှ သိကြတာလေ၊ နားမလည်တာက စစ်ပြေးက တပ်ထိန်းနဲ့တွဲပြီး အလုပ်လုပ်နေတာကို တပ်ထိန်းက မဖမ်းဘူးလား၊ ပြီးတော့ ကျနော်တို့ ရဲက မှု/ကူ၊ ဒ/န၊ နယ်ထိန်း၊ ဦးစီး(၁)တို့နဲ့လည်း အရမ်းရင်းနှီးကြတယ်၊ ဒီကောင်က လိုင်စင်မဲ့ကားဆို အကုန်လုပ်တယ်၊ သူတို့ တတွေဘဲ မျိုးအောင်ကားတွေ ငှားငှားစီးနေကြတာဘဲ” ဟု ပြောသည်။

ယင်းအမှုအား လာရောက်စစ်ဆေးသူမှာ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရွှေအေးဖြစ်ပြီး ယခုအခါ ရဲမှူးကြီးမောင်မောင်ကို နေပြည်တော်သို့ ပို့ဆောင်ထားပြီး မည်ကဲ့သို့ အရေးယူမည်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

ဖခင်ဖြစ်သူ အသတ်ခံရမှုကို သက်ဆိုင်ရာက အရေးမယူသဖြင့် သမီးဖြစ်သူက ရဲချုပ်ထံတိုင်ကြား

ရိုးမ ၃

နယ်မြေခံအာဏာပိုင်များ ထိုးကြိတ်ရိုက်နှက်မှုကြောင့် သေဆုံးသွားသူအမှုကို သက်ဆိုင်ရာက အရေးယူဆောင်ရွက်ခြ်း မရှိသည့်အတွက် သမီးဖြစ်သူက မြန်မာနိုင်ငံ ရဲချုပ်ထံသို့ တင်ပြတိုင်တန်းထားသည်။

ပြီးခဲ့သည့်လ (၈) ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့၊ အမှတ် (၂) ရပ်ကွက်၊ သုမာလာလမ်းထိပ်တွင် (ရယက)အဖွဲ့ဝင်ဟောင်း ဦးဝင်းချိုနှင့် ရဲတပ်သား ပန်းသီး (ခ) အောင်အောင်ဦးတို့၏ ထိုးကြိတ်ရာမှ သေဆုံးသွား သည့် ဦးကျော်မောင်အမှုကို သမီးဖြစ်သူ မနှင်းအိဖြူက လက်မှတ်ရေးထိုးကာ တရားဝင် တင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထိုးနှက်ထားသည့် ဒဏ်ကြောင့် ဦးကျော်မောင်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိပြီး သွေးများအဆက်မပြတ် ယိုစီးကာ မြောက်ဥက္ကလာပဆေးရုံသို့ (၈) ရက်နေ့၊ ည (၁၀) နာရီခန့်တွင် ပို့ဆောင်ခဲ့ရပြီး (၉) ရက်နေ့ မနက်တွင် သေဆုံးသွားခဲ့သည်။

ဦးကျော်မောင်သေဆုံးမှုကို နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ရာ (ရယက)အဖွဲ့ဝင်ဟောင်း ဦးဝင်းချို တဦးတည်းကိုသာ ဖမ်းဆီးစစ်ဆေးထားသော်လည်း အခြားရဲတပ်သား ပန်းသီး(ခ) အောင်အောင်ဦးနှင့် (ရယက)အဖွဲ့ဝင် ကျွဲပေါက်တို့အား တစုံတရာ ဖမ်းဆီးအရေးယူခြင်းမရှိကြောင်း သမီးဖြစ်သူက တင်ပြတိုင်တန်းထားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ အာဏာပိုင်များဘက်မှ သက်သေများ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ရာတွင် မျက်မြင်သက်သေကို တကြိမ်တည်းသာ ခေါ်ယူစစ်ဆေးပြီး တဝက်တပျက် မျက်မြင်သက်သေများ၏ အမည်များကိုသာ အကြိမ်ကြိမ် တင်သွင်းထားသည်။

သေဆုံးသူ ဦးကျော်မောင်မှာ အသက် (၅၆) နှစ်အရွယ်ရှိပြီး အမှတ် (၈၁၇)၊ သုဇိတာ (၉) လမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဖြစ်သည်။

အဆိုပါအမှုကို ပြီးခဲ့သည့်လ (၁၅) ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံရဲချုပ်ထံသို့ လိပ်မူကာ တိုင်တန်းထားသော်လည်း ယနေ့အထိ တစုံတရာ တုန့်ပြန်ဆောင်ရွက်ပေးခြင်း မရှိသေးပေ။

Nov 22, 2009

ဘဏ်ဝန်ထမ်းများ ငွေကြေးဖြတ်တောက်မှုကြောင့် တောင်သူများ မကျေမနပ်ဖြစ်

ဉာဏ်မောင်

ဆောင်းရာသီ သီးနှံစိုက်ပျိုးစရိတ်ထုတ်ပေးရာတွင် သက်ဆိုင်ရာ ဘဏ်ဝန်ထမ်းများက နည်းမျိုးစုံဖြင့် ငွေကြေး ဖြတ်တောက်နေသဖြင့် ဒေသခံ တောင်သူများ မကျေမနပ်ဖြစ်နေကြသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာမှ လယ်သမားများထံမှ မြို့နယ် လယ်ယာစိုက်ပျိုးရေး ဘဏ်မန်နေဂျာ ဒေါ်လှဌေးက ဆောင်သီးနှံ စိုက်ပျိုးစရိတ်ထုတ်ပေးရာတွင် ငွေကြေးဖြတ်တောက်ယူနေကြောင်း ဒေသခံ တဦးက ပြောသည်။

“ဘဏ်မှာ ငွေထုတ်ခါဖို့ စာရွက်စာတမ်းကြေးဆိုပြီး မိုးတွင်းတုန်းက ၂၀၀၀ တောင်းတယ်။ အခုက ဆောင်းသီးနှံအတွက် ထုတ်ပေးတဲ့နေရာမှာ ၁၅၀၀ တောင်းတယ်၊ နောက်ထပ် ပူးတွဲလာထုတ်တာဆိုရင် ငါးရာ ဖြတ်ယူထား တယ်” ဟု ပြောသည်။

လယ်သမားတဦးကို တဧကလျှင် (၆၀၀၀) ကျပ်နှုန်းဖြင့် ယခုလဆန်းပိုင်းမှ စတင်ကာ ထုတ်ပေးနေခြင်းဖြစ်ကာ ကျေးရွာအုပ်စုအလိုက်ခွဲ၍ ဆက်တိုက်ထုတ်ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

“မိုးတွင်းတုန်းကတော့ ဆပ်ပြာမှုန့်ကို အပြင်မှာ တထုပ် ၂၅၀ ရောင်းတာကို ၅၀၀ နဲ့ ဝယ်ရတယ် တထောင်ဖိုး။ အခုကတော့ ဆပ်ပြာတော့ မရောင်းဘူး ဒါပေမယ့် စာရွက်စာတမ်းဖိုးကတော့ ၁၅၀၀ တောင်းတယ်။ အိမ်ထောင်ဦးစီး လယ်ယာမှတ်ပုံတင်ပါတဲ့လူ မလာနိုင်ရင် ပူးတွဲခ ဆိုပြီးတော့ ၅၀၀ ပေးရတယ်” ဟု ပြောသည်။

ဒေသခံတောင်သူများအနေဖြင့် ယခင်နှစ်ကလည်း မတ်ပဲပေါ်ချိန်တွင် အရှုံးပေါ်ခဲ့ပြီး ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရေးအတွက် ငွေကြေးထုတ်ပေးရာတွင်လည်း မျိုးစေ့စရိတ်ပင် မရကြောင်း ဒေသခံက ဆက်ပြောသည်။

“အခု ရာသီဥတုနေအထားက နှစ်တိုင်းလောက်တော့ ကောင်းမယ် မထင်ဘူး၊ မတ်ပဲက နှင်းနဲ့ စိုက်ရတာ၊ နှင်းနဲ့ စိုက်ရတဲ့အခါကျတော့ နှင်းသိပ်မကျတော့ ဆောင်းသီးနှံက ပိုးတွေ ဘာတွေ လိုက်တယ်၊ ပိုးသတ်ဆေးက ထင်သလောက် မထိရောက်တာတွေလည်းရှိတယ်။ အစိုးရကလည်း ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီးတော့ ဘာမှ တာဝန်မယူတဲ့အခါကြတော့ အပြင်မှာ ဝယ်သုံးရတယ်” ဟု ပြောသည်။

နိဗ္ဗာန်တိုက်နယ် ဒေသအတွင်း လယ်ဧကပေါင်း သောင်းနှင့်ချီရှိပြီး ယခုကဲ့သို့ ဌာနဆိုင်ရာ ဝန်ထမ်းများငွေကြေး ဖြတ်တောက်မှုများကြောင့် စိုက်ပျိုးစရိတ် မလုံလောက်သည့်အပြင် အခြားအခက်အခဲများကိုလည်း ကြုံတွေ့နေလျှက် ရှိသည်။