ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 24, 2009

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၉)

စောကျော်ကျော်မင်း

ကိုဖိုးဖြူအနေဖြင့် ဥပဒေပိုင်းဆိုင်ရာ ပြဿနာများကို အလေးပေး၍ ပြန်လှန်စစ်ဆေးခြင်းဖြစ်သည်။ တရားရုံး၏ အဝင်ပေါက်ဝတွင်လည်း ကိုတင်ဝင်း၊ ကိုညီညီမင်းတို့၏ မိသားစုများအပြင် အမှုစစ်ဆေးသည်ကို လာရောက်နားထောင်ကြသော ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အား လာရောက်အားပေးကြသော အဖွဲ့ချုပ်အဖွဲ့ဝင်များအပြင် အာဏာပိုင်တို့မှ စေခိုင်းထားသည် အရပ်ဝတ် စွမ်းအားရှင်နှင့် ကြံ့ဖွံ့များ၊ ထောက်လှမ်းရေးများဖြင့် ပြည့်ကျပ်လျက်ရှိသည်။

ကိုဖိုးဖြူ၏ ပြန်လှန်စစ်မေးချက်များအရ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်လေသည်။

ကိုဖိုးဖြူမေးမြန်းသည့် ပြန်လှန်မေးခွန်းများမှာ “ရုံးရှေ့စွပ်စွဲခံရသူများဖြစ်ကြသည့် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား စတင်ဖမ်းဆီးခဲ့စဉ်က ဝရမ်းပြသဖမ်းဆီးခဲ့ပါသလား ”ဟု မေးမြန်းခဲ့ရာတွင် တရားလိုမှ “ဝရမ်းပြသ ဖမ်းဆီးခြင်းမဟုတ်” ဟု ဖြေဆိုလေသည်။ ထို့ကြောင့် ဆက်လက်မေးမြန်းရန် မေးခွန်းများ ထင်ထင်ရှားရှား ပေါ်ပေါက်လာပေတော့သည်။

“ပြစ်မှုဥပဒေပုဒ်မ (၅၀၅) သည် ရဲအရေးမပိုင်သည့် ပုဒ်မဖြစ်သည်ကို သိပါသလား” ဆိုသည့် မေးခွန်း၊ “ထိုကဲ့သို့ ရဲအရေးမပိုင်သည့် ပုဒ်မဖြင့် တရားစွဲဆိုလိုလျှင် ရဲလက်စွဲဥပဒေ အပိုဒ် (၁၄၅၄) တွင် ဖေါ်ပြထားသည့်အတိုင်း တရားရုံးတွင် ပထမဦးစွာ ဦးတိုက်လျှောက်ထားရမည်ကို သိပါသလား” ဆိုသည့် မေးခွန်း စသည့်မေးခွန်းများကို မေးမြန်းခဲ့ရာ တရားလိုသက်သေများအနေဖြင့် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား စတင်ဖမ်းဆီးသည့်အချိန်တွင် ရဲအရေးပိုင်သည့် ပုဒ်မများနှင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သော်လည်း ဖမ်းဆီးစစ်ဆေးပြီး နောက်ပိုင်း တရားစွဲဆိုသော အခါတွင်မှ ရဲအရေးမပိုင်သည့် ပုဒ်မဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုလေသည်။

မြန်မာနိုင်ငံတွင် ယနေ့တိုင်အောင် ထင်ရှားလျက်ရှိသော ဖမ်းဆီးချုပ်နှောင်ခြင်းမှာ “စစ်ဆေးမေးမြန်းလိုပါသဖြင့် ခဏလောက်လိုက်ခဲ့ပါ” ဟု ပြောဆိုဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံကြရကာ ဖမ်းဆီးပြီးနောက်ပိုင်း မည်သည့်အရပ်ဒေသတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရ၊ သေသလားရှင်သလား ဆိုသည်ကိုလည်း မသိကြရဘဲ ကျန်ရစ်သူမိသားစုများ ပူပင်ကြောင့်ကြရသည့်အဖြစ်သို့ ရောက်ရှိစေကာ၊ မိသားစုဝင်တစ်ဦးတစ်ယောက် ဖမ်းဆီးချုပ်နှောင်ခံရပါက ကျန်ရစ်သူ မိသားစုများကိုယ်တိုင်လည်း များစွာ စိတ်သောကရောက်ကြရပေသည်။

ထိုမျှမကသေး ထိုသို့ဖမ်းဆီးချုပ်နှောင်ခြင်းမှာ ရဲတပ်ဖွဲ့ဝင်များ၊ အထူးသတင်းတပ်ဖွဲ့များအနေဖြင့် ၎င်းတို့ ဖမ်းဆီးမည့် သူများ၏ ပြစ်မှုကျူးလွန်ကြောင်းကို သေချာပိုင်နိုင်စွာ သိရှိစုံစမ်းထားခြင်းမျိုးမဟုတ်ဘဲ၊ ခိုင်လုံတိကျသော သက်သေခံအထောက်အထားများ ရရှိထားခြင်းမျိုးမဟုတ်ဘဲ တစ်ဦးတစ်ယောက်ကို သင်္ကာမကင်းဖြစ်ရုံမျှဖြင့် ဖမ်းဆီး၍ စစ်ကြောရေးလုပ်စဉ်တွင် အတင်းအကျပ် ဝန်ခံစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခြင်း စသည့်နည်းလမ်းများကို အသုံးချ၍ အမှုတည်ဆောက် တရားစွဲတင်ကြခြင်းကြောင့် ဖြစ်ပေသည်။

ထို့ကြောင့် အထက်ဖေါ်ပြပါ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့၏အမှုတွင် ကိုဖိုးဖြူက တရားလိုများကို ရဲလက်စွဲလုပ်ထုံးလုပ်နည်းတို့ဖြင့် ထွက်ပေါက်မရှိအောင် မေးမြန်းသည့်အခါတွင် “ဖမ်းဆီးစဉ်က ရဲအရေးပိုင်သည့် ပုဒ်မဖြင့် ဖမ်းဆီးပြီး၊ တရားစွဲတင်သောအခါတွင်မှ ရဲအရေးမပိုင်သော ပုဒ်မဖြင့် တရားစွဲတင်ခြင်းဖြစ်သည်” ဟု ထွက်ဆိုကြခြင်းဖြစ်ပေသည်။

ဆက်လက်၍ ကိုဖိုးဖြူက “ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ကို ဖမ်းဆီးသည့်အချိန်တွင် ဖမ်းဆီးသည့်အဖွဲ့၌ ပါဝင်ခဲ့ပါသလား” ဟု မေးမြန်းသည့်မေးခွန်းကို တရားလိုသက်သေက “ပါဝင်ခဲ့ပါသည်” ဟု ဖြေဆိုသဖြင့် ဆက်လက်မေးမြန်းရမည့် မေးခွန်းဖြစ်သည့် “ရုံးရှေ့စွပ်စွဲထားသော အမှုနှင့် စပ်လျဉ်းပြီး ရုံးတော်ရှေ့သို့ လာရောက် သက်သေထွက်ဆိုခြင်းမတိုင်ခင်က အမှုစစ်ရဲအရာရှိ၏ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပါသလား” ဟု မေးမြန်းလိုက်သည့် အခါတွင်လည်း “မှန်ပါသည်” ဟု ဖြေဆိုလေသည်။ “အမှုစစ်ရဲအရာရှိမှ အမှုနှင့်စပ်လျဉ်းသော် ခင်ဗျား၏ ထွက်ဆိုချက်များကို ရေးမှတ်ထားခဲ့ပါသလား” ဟု မေးမြန်းရာတွင် “ရေးမှတ်ထားခဲ့ပါသည်” ဟု ထွက်ဆိုသည်။ ထို့ကြောင့် ကိုဖိုးဖြူသည် တရားလို၏ ရုံးတော်ရှေ့သို့ လာရောက်ထွက်ဆိုနေသော ထွက်ဆိုချက်များနှင့် ယခင်က အမှုစစ်အရာရှိထံတွင် ထွက်ဆိုခဲ့သော ထွက်ဆိုချက်များကို တိုက်ဆိုင်စစ်ဆေးလိုကြောင်း ရုံးတော်သို့ တင်ပြလျှောက်ထားလေတော့သည်။

တစ်စုံတစ်ယောက်ကို ဖမ်းဆီးပြီးနောက်ပိုင်းတွင် အမှုနှင့်စပ်လျဉ်း၍ စစ်ဆေးချက်များကို ရေးမှတ်ထားသည့် စာရွက်စာတမ်းများကို ရဲစက္ကူဟူ၍ ခေါ်ဝေါ်သုံးစွဲကြသည်။ ကိုဖိုးဖြူမှာ အဆိုပါ ရဲစက္ကူတွင် ရေးမှတ်ထားသော တရားလို၏ ထွက်ချက်များနှင့် ယခု ရုံးရှေ့တွင် ထွက်ဆိုလျက်ရှိသော ထွက်ချက်တို့ ကွဲလွဲလျက်ရှိကြောင်းကို သံသယရှိသည်ဖြစ်၍ တိုက်ဆိုင်စစ်ဆေးခွင့်ပြုပါရန် တရားရုံးသို့ တင်ပြလျှောက်ထားခြင်း ဖြစ်ပေသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှုထမ်းများအနေဖြင့် ၎င်းတို့ ထိန်းသိမ်းထားရမည့် မည်သည့် စာ၊ မှတ်တမ်း၊ အမှုတွဲ သို့မဟုတ် ၎င်းတို့မှ ရေးကူးသည့် မည်သည့်မိတ္တူ၊ မည်သည့်ထုတ်နှုတ်ချက်မျိုးကိုမဆို တရားဥပဒေအရ တောင်းဆိုခွင့်မရရှိသူ အရပ်သားတစ်ဦးတစ်ယောက် သို့မဟုတ် အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပေးအပ်ရကြောင်းကို ရဲလက်စွဲအပိုဒ် (၁၄၀၇) တွင် အတိအလင်း ဖေါ်ပြထားပါသည်။ သို့ရာတွင် တရားရုံးမှ အမိန့်ချမှတ်၍လည်းကောင်း၊ အာဏာပိုင် အစိုးရအရာရှိတဦးဦး၏ အမိန့်တစုံတရာဖြင့်သော်လည်းကောင်း၊ ထုတ်ပေးရန် သို့မဟုတ် ပေးအပ်ရန် တောင်းခံလာမှသာလျှင် ထုတ်ပေးရမည်ဖြစ်သည်။

ကိုဖိုးဖြူသည် ယင်းသို့ ထုတ်ပေးစေရန်အတွက် တရားရုံးတော်မှ အမိန့်တရပ် ချမှတ်ပေးပါရန် သက်သေခံဥပဒေပုဒ်မ (၁၄၅) အရ တင်ပြလျှောက်ထားခြင်းဖြစ်သည်။ သက်သေတစ်ဦးကို ယခင်က ရေးသားထားသော သို့မဟုတ် ရေးမှတ်ထားသော အစစ်ခံချက်ဖြင့် ပြန်လှန်မေးမြန်းနိုင်သည်။ ထိုသို့မေးမြန်းရာ၌ ရဲစက္ကူတွင် ၎င်းကိုယ်တိုင် အစစ်ခံထွက်ဆိုထားသည့် ထွက်ဆိုချက်များကို ပထမဦးစွာ ပြန်လည်သတိပေး ပြောဆိုရသည်။ သို့မဟုတ် ပြန်လည်ဖတ်ပြပေးရသည်။ ထို့နောက်တွင်မှ အမှုစစ်အရာရှိထံ ထွက်ချက်နှင့် တရားရုံးတော်တွင် ထွက်ဆိုသည့် အစစ်ခံချက်တို့သည် မည်သည့်နေရာတွင် ကွဲလွဲကြောင်းတို့ကို တရားရုံးတော်မှ အမှန်အတိုင်း သိရှိစေရန် မေးမြန်းရခြင်း၊ သက်သေခံတင်သွင်းခြင်းများ ပြုလုပ်ရခြင်းဖြစ်ပေသည်။

× × × × ×


ဆက်လက်ရေးသားပါဦးမည် -
စာဖတ်သူများကိုအစဉ်လေးစားလျက်-
စောကျော်ကျော်မင်း
၂၄.၁၁.၂၀၀၉

No comments:

Post a Comment