ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 10, 2010

ကလေးစစ်သားပြန်ခေါ်ရန် မိဘများက လမ်းပြကြယ်ထံ အကူညီတောင်းထား

ရိုးမ ၃။ ဇူလိုင် ၁၀၊ ၂၀၁၀

ဦးလေးဖြစ်သူထံတွင် အလုပ်လုပ်နေသည့် အသက် (၁၅) နှစ်အရွယ် ကလေးငယ်တဦး ပျောက်ဆုံးနေခဲ့ရာ (၅) လကျော်မှ စစ်သင်တန်းကျောင်းရောက်နေသည်ကို သိရသဖြင့် မိဘများက ပြန်လည်ခေါ်ဆောင်နိုင်ရန် ပဲခူးမြို့ရှိ လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်းထားသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဦးလေးထံတွင် အလုပ်လုပ်နေစဉ် မောင်မင်းကိုသက် (ခ) ပိုင်ငြိမ်းချမ်းဆိုသူမှာ ပျောက်ဆုံးသွားခဲ့ပြီး ယမန်နေ့က ဖုန်းဆက်လာမှ စစ်တပ်ထဲရောက်နေသဖြင့် ပြန်လည်ခေါ်ယူနိုင်ရန် လိုက်လံလုပ်ဆောင်နေခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်မာက ပြောသည်။

Jul 9, 2010

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝတ်စုံများ အခမဲ့ပေးဝေနေ

ဘုန်းခိုင်။ ဇူလိုင် ၉၊ ၂၀၁၀

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အဖြူနှင့် အစိမ်းရောင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းသားများ ဝတ်ဆင်သည့် ဝတ်စုံများကို မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးက ဒီကနေ့ မနက်ပိုင်းကစပြီး အခမဲ့ ဝေငှပေးနေကြောင်း ကျောက်ပန်းတောင်း ဒေသခံများက ပြောသည်။

ကလေးစစ်သားလွတ်ပေးဖို့ မိဘများက တောင်းပန်သော်လည်း အခုထိ ပြန်မလွတ်သေး

ရိုးမ ၃။ ဇူလိုင် ၉၊ ၂၀၁၀

ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်းတက်နေရသည့် အသက် (၁၅) နှစ်အရွယ် မောင်ဝေယံမိုး လွတ်မြောက်ဖို့ မိဘဖြစ်သူများက သက်ဆိုင်ရာ အထက်အာဏာပိုင်များထံ မေလအတွင်းက တင်ပြထားသော်လည်း ယခုအချိန်ထိ လွတ်မြောက်လာခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၄) ရက်နေ့က စစ်သားအဖြစ်စုဆောင်းခံလိုက်ရသည့် မောင်ဝေယံမိုးက စစ်တပ်ထဲတွင် မနေလိုသည့်အတွက် မိဘများက သင်တန်းကျောင်းတပ်မှူးထံသို့ ကလေး၏ ကိုယ်ရေးရာဇဝင် အပြည့်အစုံနှင့် ထောက်ခံစားများ တင်ပြခဲ့သော်လည်း တစုံတရာ မသိရသေးခြင်းဖြစ်သည်။

Jul 7, 2010

ရွေးကောက်ပွဲကို ဖျက်သိမ်းရေးအတွက် အမျိုးသားရေးတာဝန်အဖြစ်လုပ်ဆောင်ရန်လိုအပ်ဟု ပြော

ဖြိုးကြီး။ ဇူလိုင် ၇၊ ၂၀၁၀

၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်သိမ်းပစ်ရန် ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုတရပ်လုံးက အမျိုးသားရေးတာဝန်အဖြစ် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တာဝန်ခံ ဦးမင်းနိုင်က ပြောသည်။

ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သည့် (၄၈) နှစ်မြောက် ၇ ရက်ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။

“နအဖ စစ်အာဏာရှင်တွေဟာ ပြည်သူတွေအပေါ်မှာ မြန်မာပြည်ရဲ့ စီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ပြီး သူတို့အာဏာတည်မြဲ သက်ဆိုးရှည်ရေးကို ဒီကနေ့မှာ ကြိုးစားနေတာ အားလုံးအသိပဲ ဖြစ်တယ်၊ ဒီဖွဲ့စည်းပုံကို အသက်ဝင်ခံလို့မဖြစ်ဘူး၊ ကျနော်တို့ ကျောင်းသားပြည်သူတရပ်လုံးရဲ့တာဝန်ဟာ အဲဒါကို ဖျက်သိမ်းရမယ်” ဟု ဦးမင်းနိုင်က ပြောသည်။

Jul 6, 2010

စစ်တွေမြို့ ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြမှု ဖြစ်ပွား

ရိုးမ ၃။ ၆ ဇူလိုင်၊ ၂၀၁၀

ရခိုင်ပြည်နယ်၊ စစ်တွေ နည်းပညာတက္ကသိုလ်မှ ကျောင်းသား (၄၀၀) နီးပါးခန့် ယမန်နေ့ နေလည် (၁) နာရီက လမ်းလျှောက်ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ကျောင်းကြိုပို့ ကားမလုံလောက်မှုနှင့် ကားခဈေးနှုန်းများ နှစ်ဆခန့်တက်သွားသည့်အတွက် ကျောင်းသားများ မြို့နှင့် ၁၆ မိုင်ဝေးသည့် ကျောင်းမှ မြို့ထဲသို့ ခြေလျင်လျှောက်ကာ ပြန်လာကြပြီး ဆန္ဒပြ တောင်းဆိုကြခြင်း ဖြစ်သည်။