ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 9, 2010

ကလေးစစ်သားလွတ်ပေးဖို့ မိဘများက တောင်းပန်သော်လည်း အခုထိ ပြန်မလွတ်သေး

ရိုးမ ၃။ ဇူလိုင် ၉၊ ၂၀၁၀

ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်းတက်နေရသည့် အသက် (၁၅) နှစ်အရွယ် မောင်ဝေယံမိုး လွတ်မြောက်ဖို့ မိဘဖြစ်သူများက သက်ဆိုင်ရာ အထက်အာဏာပိုင်များထံ မေလအတွင်းက တင်ပြထားသော်လည်း ယခုအချိန်ထိ လွတ်မြောက်လာခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၄) ရက်နေ့က စစ်သားအဖြစ်စုဆောင်းခံလိုက်ရသည့် မောင်ဝေယံမိုးက စစ်တပ်ထဲတွင် မနေလိုသည့်အတွက် မိဘများက သင်တန်းကျောင်းတပ်မှူးထံသို့ ကလေး၏ ကိုယ်ရေးရာဇဝင် အပြည့်အစုံနှင့် ထောက်ခံစားများ တင်ပြခဲ့သော်လည်း တစုံတရာ မသိရသေးခြင်းဖြစ်သည်။

“ကလေးက သူ့အဖေကို ဖုန်းဆက်တော့ သားကိုပြန်ခေါ်ပါ သားမလုပ်ချင်ဘဲ လုပ်နေရတာလို့ ပြောတယ်၊ အဲဒါနဲ့ မိဘတွေက သင်တန်းကျောင်းက တပ်မှူး ဦးငွေမိုးကို သွားတွေ့ပြီး ကလေးက အသက်မပြည့်သေးဘူး၊ ပြန်လွှတ်ပေးပါဆိုတော့ မွေးစာရင်း၊ ထောက်ခံစာ၊ သန်းခေါင်စာရင်း၊ ၁၀ နှစ်ပြည့် မှတ်ပုံတင်ကိုပြတယ်၊ ရယက ကလည်း ကလေးရဲ့ အသက်မပြည့်သေးကြောင်း ထောက်ခံစာကို ပေးခဲ့တယ်၊ ဦးငွေမိုးက နေပြည်တော်ကို တင်ပြပါမယ်ဆိုပြီးတော့ ပြောတယ်၊ အခုအထိ ဘာမှ ထူးခြားမှုမရှိလာဘူး” ဟု လိုက်လံကူညီပေးနေသူက ပြောသည်။

ယင်းကဲ့သို့ သက်ဆိုင်ရာ စစ်အာဏာပိုင်များက တစုံတရာအကူညီပေးခြင်းမရှိသည့်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ တင်ပြလိုက်ပြီးနောက်ပိုင်းတွင် ကလေးနှင့်အဆက်သွယ်ပြတ်သွားခဲ့ရကြောင်း၎င်းက ဆက်ပြောသည်။

“အိုင်အယ်လ်အိုကို ၂၂ ရက်၊ ၆ လ နေ့မှာ သွားတင်ပြလိုက်တော့ ကလေးကိုအဆက်သွယ်မရတော့ဘဲ မနေ့ကမှ တပ်ကြပ်ကြီး ခင်မောင်ဝင်းက ကလေးက ဆက်သွယ်ခိုင်းလို့ဆိုပြီး ကလေးအဖေဆီ ဖုန်းဆက်တယ်၊ ကလေးက သင်တန်းဆင်းမှာ ဝတ်စုံလိုလို့ ငွေနှစ်သောင်းပို့ပေးပါဆိုပြီး ပြောတယ်၊ အဲဒါကို အိုင်စီအာစီကိုသွားတင်ပြတော့ တနင်္လာနေ့မှာ နေပြည်တော်ကို တင်ပြပေးမယ် ပြောတယ်” ဟု ဆက်ပြောသည်။

မောင်ဝေယံမိုးသည် အသက် (၁၄) နှစ်သာရှိပြီး အမှတ် (၁၁၉) ဥက္ကလာ (၄)လမ်း၊ (ဇ)ရပ်ကွက် မြောက်ဥက္ကလာမြို့နယ်နေ အဖ ဦးအေးမြင့်နှင့် အမိ ဒေါ်လှကြည်တို့၏ ဒုတိယမြောက်သားဖြစ်သည်။ ၎င်းကို မင်္ဂလာဒုံမှတပ်ကြပ်ကြီး ဇော်ထွန်းက စစ်သားအဖြစ်စုဆောင်းကာ စစ်ကိုင်းရှိ တပ်ကြပ်ကြီး အောင်ခိုင်ထွန်းထံ ပို့ဆောင်ခဲ့သည်။ မောင်ဝေယံမိုးကို ရွှေဘိုစုဆောင်းရေးတွင် တလကြာ နေထိုင်စေပြီးမှ ယခုတက်ရောက်နေသည့် စစ်သင်တန်းကျောင်းသို့ ပို့ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရအာဏာပိုင်များက ကလေးစစ်သားအသုံးပြုခြင်း မရှိကြောင်း ၎င်းတို့ပိုင် အစိုးရမီဒီယာများက ဖော်ပြနေသော်လည်း ယခုကဲ့သို့ ကလေးငယ်များကို နည်းမျိုးစုံဖြင့် မြန်မာပြည်အနှံ့တွင် ကလေးစစ်သားအဖြစ် စုဆောင်းနေရလျှက်ရှိသည်။

No comments:

Post a Comment