ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 6, 2010

စစ်တွေမြို့ ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြမှု ဖြစ်ပွား

ရိုးမ ၃။ ၆ ဇူလိုင်၊ ၂၀၁၀

ရခိုင်ပြည်နယ်၊ စစ်တွေ နည်းပညာတက္ကသိုလ်မှ ကျောင်းသား (၄၀၀) နီးပါးခန့် ယမန်နေ့ နေလည် (၁) နာရီက လမ်းလျှောက်ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ကျောင်းကြိုပို့ ကားမလုံလောက်မှုနှင့် ကားခဈေးနှုန်းများ နှစ်ဆခန့်တက်သွားသည့်အတွက် ကျောင်းသားများ မြို့နှင့် ၁၆ မိုင်ဝေးသည့် ကျောင်းမှ မြို့ထဲသို့ ခြေလျင်လျှောက်ကာ ပြန်လာကြပြီး ဆန္ဒပြ တောင်းဆိုကြခြင်း ဖြစ်သည်။

“သူတို့ ပြဿနာဖြစ်နေတာက ကျောင်းနဲ့ မြို့က အလွန်ဝေးတာကြောင့် သွားလာရေးခက်ခဲကြတယ်၊ ဖယ်ရီကား တောင်းတော့လည်း ပြည့်ပြည့်စုံစုံ မပေးနိုင်ဘူး၊ ပြဿနာက ဆီတွေကို ပုဂ္ဂလိကကို လွဲလိုက်တဲ့အခါကြတော့ တဂါလံကို နှစ်ထောင်ကနေ (၂၈၀၀)အထိ ဖြစ်သွားတဲ့အခါ ကားခတွေက နှစ်ဆလောက်မြှင့်သွားတော့ ကျောင်းသားတွေ သွားရေးလာရေး အခက်ခဲဖြစ်တာပေါ့၊ အဲဒါကြောင့် ဆန္ဒပြတာ” ဟု မြို့ခံတဦးက ပြောသည်။

ယင်းကဲ့သို့ ကျောင်းသားများ ဆန္ဒပြလမ်းလျှောက်ပြီး ဆန္ဒပြတောင်းဆိုမှုကို ခရိုင်(ခယက) ဥက္ကဌက ပြေလည်မှုရအောင် ဖြေရှင်းပေးခဲ့ပြီး ယနေ့တွင် ကားခများ လျော့ချပေးလိုက်ကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

“သူတို့ကို ခယက ဥက္ကဌက လာပြီးညှိနှိုင်းတယ်၊ ပြေလည်မှုရပြီးတော့ ည ၉ နာရီမှာ ကျောင်းသားတွေ ပြန်သွားတယ်၊ ဒီနေ့ ကားခတွေကို နှုန်းထားလျှော့ပြီး စီစဉ်ပေးတယ်လို့ သိရတယ်၊ ကျောင်းသားတွေကတော့ လက်တလော ရှင်းပေးတာထက် ပုံမှန်ရေရှည် အဆင်ပြေအောင် လုပ်ပေးစေချင်တယ်” ဟု ဆက်ပြောသည်။

စစ်တွေမြို့မှ ကျောင်းသားများအနေဖြင့် ဖယ်ရီးကား မလုံလောက်သည့်အတွက် လိုင်းကားနှင့် ဆိုင်ကယ်တက္ကစီများကို အသုံးပြုသွားလာနေရပြီး ကားခဈေးနှုန်းများ မြှင့်တက်ခြင်းတို့ကြောင့် မကြာခဏ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေရလျှက်ရှိသည်။

No comments:

Post a Comment