ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 10, 2010

ကလေးစစ်သားပြန်ခေါ်ရန် မိဘများက လမ်းပြကြယ်ထံ အကူညီတောင်းထား

ရိုးမ ၃။ ဇူလိုင် ၁၀၊ ၂၀၁၀

ဦးလေးဖြစ်သူထံတွင် အလုပ်လုပ်နေသည့် အသက် (၁၅) နှစ်အရွယ် ကလေးငယ်တဦး ပျောက်ဆုံးနေခဲ့ရာ (၅) လကျော်မှ စစ်သင်တန်းကျောင်းရောက်နေသည်ကို သိရသဖြင့် မိဘများက ပြန်လည်ခေါ်ဆောင်နိုင်ရန် ပဲခူးမြို့ရှိ လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်းထားသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဦးလေးထံတွင် အလုပ်လုပ်နေစဉ် မောင်မင်းကိုသက် (ခ) ပိုင်ငြိမ်းချမ်းဆိုသူမှာ ပျောက်ဆုံးသွားခဲ့ပြီး ယမန်နေ့က ဖုန်းဆက်လာမှ စစ်တပ်ထဲရောက်နေသဖြင့် ပြန်လည်ခေါ်ယူနိုင်ရန် လိုက်လံလုပ်ဆောင်နေခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်မာက ပြောသည်။

“အလုပ်သွားလုပ်ရင်းနဲ့ ပျောက်သွားတော့ သူ့ဦးလေးက ကျမကို ဖုန်းဆက်တယ်၊ ဘယ်ရောက်သွားလဲ၊ ငါးရက်လောက်ရှိပြီတဲ့ နင်တို့ဆီပြန်လာလား ဆိုပြီးမေးတယ်၊ အဲဒါနဲ့ သူသေမှန်းမသိ ရှင်မှန်းမသိ လိုက်ရှာတယ် ဘယ်လိုမှ ရှာလိုမရဘူး၊ မနေ့ကမှ ဖုန်းဆက်တယ်၊ ဒီမနက်လည်း ဖုန်းဆက်တယ်၊ ကျမတို့လည်း ဖုန်းသတင်းရတာနဲ့ ဦးအေးမြင့် (လမ်းပြကြယ်)ကို လာတိုင်တာပါ” ဟု ပြောသည်။

မောင်မင်းကိုသက်အား အမည်မသိလူတဦးက အလုပ်ကောင်းရမည်ဟု ပြောဆိုကာ ခေါ်သွားခဲ့ပြီး ဝန်းသို စုဆောင်းရေးတပ်သို့ ပို့လိုက်ပြီး မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့တွင် သင်တန်းတက်နေရကြောင်းနှင့် မိဘများအနေဖြင့် မောင်မင်းကိုသက်အား အသက်မပြည့်သေးသည့်အတွက် စစ်တပ်ထဲမှ ပြန်လည်ခေါ်ယူလိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အခု မင်းကိုသက်က ဇေယျကျော်ထင် တပ်ခွဲ (၇)၊ အမှတ်(၂) စစ်ရေးအခြေခံ လေ့ကျင့်ရေးတပ်မှာ ကိုယ်ပိုင်နံပါတ် တ/၄၄၄၉၄၆ နဲ့ သင်တန်းတက်နေရတယ်၊ ဖုန်းဆက်တာလည်း လွတ်လွတ်လပ်လပ်ပြောလို့မရဘူး ခိုးဆက်ရတာလို့ ပြောတယ်။ ကျမတို့ကလည်း သဘောမတူဘူး အရွယ်မရောက်သေးလို့ ပြန်ခေါ်ချင်တယ်၊ ကလေးကလည်း အတင်းလာခေါ်ခိုင်းနေတာ၊ အမေရယ် လာခေါ်ပါတဲ့ အမေတို့လာရင် စကားပြောပေမဲ့ လူကြီးတစ်ယောက်ကို ခေါ်ခဲ့ပါတဲ့၊ ဟိုရောက်ရင် သားကို ဝှက်ထားမှာ စိုးလို့ဆိုပြီး တစ်ယောက်တည်းမလာပါနဲ့လို့ မှာတယ်” ဟု ပြောသည်။

မောင်မင်းကိုသက်သည် ပဲခူးတိုင်း၊ သနပ်ပင်မြို့မှ အဖ ဦးထွန်းထွန်း၊ အမိ ဒေါ်ခင်မာတို့၏ သားဖြစ်ပြီး ၎င်းကဲ့သို့ အရွယ်မရောက်သေးသည့် ကလေးငယ်အများအပြား စစ်သားအဖြစ် စုဆောင်းခြင်းခံနေရလျှက်ရှိသည်။

ရန်ကုန်တိုင်း၊ ဒလမြို့နယ် မြို့မ (၄) ရပ်ကွက်နေ ဦးလှဦး၊ ဒေါ်လှလှရီတို့၏သား အဌမတန်းကျောင်းသား မောင်ကိုကိုဦးသည် ၂၀၀၈ ခုနှစ်၊ မေလအတွင်းက နေအိမ်မှ ပျောက်ဆုံးသွားခဲ့ပြီး ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရသည်။ မောင်ကိုကိုဦးသည် လွန်ခဲ့သည့်ဇွန်လအတွင်းက ရှမ်းပြည်နယ်၊ ကလောမြို့တပ်မ (၇၇) အမြောက်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေကြောင်းနှင့် စစ်တပ်ထဲမှ လာခေါ်ဖို့ မိဘများကို ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် ဖခင်ဖြစ်သူ ဦးလှဦးက ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့ ဦးအေးမြင့်ထံ ဒီကနေ့ လာရောက် အကူအညီတောင်းခဲ့သည်။

No comments:

Post a Comment