ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 25, 2009

နှောင်ကြိုးမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းမဟုတ်ကြောင်း လွတ်မြောက်လာသူတဦး ပြောဆို

ဖြိုးကြီး

အကျဉ်းသားများ လွှတ်ပေးရာတွင် နှောင်ကြိုးမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းမဟုတ်ကြောင်း သရက်အကျဉ်းထောင်မှ လွတ်လာမြောက်ပြီး ထိုင်း-မြန်မာနယ်စပ်သို့ ရောက်လာသည့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း ကိုရန်အောင်ရွှေက ပြောသည်။

ယခုကဲ့သို့ လွှတ်ပေးလိုက်သည့် အကျဉ်းသားများမှာ အာဏာပိုင်များအား အနှောင့်အယှက်မပေးနိုင်သူများနှင့် လွတ်ရက်စေ့ခါနီးသူများဖြစ်ပြီး ထောင်ထွက်ဝရမ်းတွင်လည်း နောက်တကြိမ် ပြစ်မှုကျူးလွန်လျှင် ယခင်ပြစ်ဒဏ်ပါ ပြန်ခံရမည်ဟု ပါရှိကြောင်း ၎င်းက ပြောသည်။

“အခု ကျနော်တို့ကို လွှတ်တယ်ဆိုတာ တကယ် အနှောင်အဖွဲ့ကင်းကင်းနဲ့ လွှတ်လိုက်တာမဟုတ်ပါဘူး။ ကျနော်တို့ဆိုရင် နိုင်ငံရေးနောက်ခံ မရှိတော့တဲ့ အချိန်မျိုးဖြစ်နေပြီး လွတ်ခါနီးဖြစ်နေတာလည်းပါလို့ လွှတ်လိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။

၎င်းပြန်လွတ်လာစဉ် အာဏာပိုင်များဘက်မှ တစုံတရာ ဖိအားပေး လက်မှတ်ထိုးခိုင်းခြင်းများ မရှိသော်လည်း ထောင်အာဏာပိုင်များက အခမ်းအနားနှင့် လွှတ်ပေးခြင်းဖြစ်ကာ ထောက်ထွက်ဝရမ်းတစောင်နှင့် ငွေ ၁,၀၀၀ ကျပ်ပေးပြီး ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ကိုရန်အောင်ရွှေက ဆက်လက်ပြောသည်။

“ဒီတကြိမ်မှာ ကျနော်တို့တိုက်က ဘမျိုးသိန်းနဲ့ ကျနော် နှစ်ယောက်ပါတယ်။ ဘမျိုးသိန်းက ပထမတခါလိုပဲ (၄၀၁) ကို ထိုးရမယ်ဆိုရင် မထိုးဘူးဆိုပြီး ပြောတယ်။ အဲဒါနဲ့ ထောင်ပိုင်က ခေါ်တွေ့ပြီး (၄၀၁) မှာတော့ လက်မှတ်မထိုးပါနဲ့၊ တခြား မိသားစုကိစ္စ ပုံစံမျိုးမှာ ပြန်ထိုးခိုင်းတယ်။ အဲဒါကို ဘမျိုးသိန်းက ထိုးပါမယ်ဆိုပြီး ပြောတယ်။ နောက်တော့ (၈) နာရီမှာ ထောင်ပိုင်တွေက အခမ်းအနားနဲ့ လွှတ်တယ်။ ဘမျိုးသိန်းကိုတော့ ခေါ်ထားလိုက်တယ်” ဟု ပြောသည်။

ကိုရန်အောင်ရွှေသည် ယခင်က ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၉၀၉)မှ ရဲဘော်တဦးဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် တပ်မှထွက်ကာ သာရေးနာရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေရင်း ပြည်တွင်းသို့ ပြန်ဝင်စဉ် ဖမ်းဆီးခဲ့ရခြင်းဖြစ်ကာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခြင်းခံခဲ့ရသူဖြစ်သည်။

“ကျနော် ထောင်ကျတာက ၁၅ နှစ်ပါ။ ၁၇(၁) တရားမဝင်အဖွဲ့အစည်းများနဲ့ ဆက်သွယ်မှုနဲ့က ၃ နှစ်၊ နောက်တမှုက လက်နက်ပါတယ်ဆိုပြီး ဘာလက်နက်မှမမိဘဲနဲ့ ၇ နှစ် ချလိုက်တယ်။ (လဝက)အမှုနဲ့က ၅ နှစ် ချလိုက်ပါတာပါ” ဟု ကိုရန်အောင်ရွှေက ရှင်းပြသည်။

ထောင်မှ ထွက်လာပြီးနောက် မိသားစုအခြေအနေမှာ ယိုင်လဲနေပြီး အာဏာပိုင်များဘက်မှလည်း ဖိအားပေးမှုများ ရှိလာနိုင်သည့် အခြေအနေများကြောင့် ပြည်တွင်းတွင် ဆက်လက်နေထိုင်ရန် အခက်အခဲများရှိကြောင်း ၎င်းက ပြောသည်။

“ထောင်ထွက်လက်မှတ်က ဂိတ်တဂိတ်ကို တခါဝင်တိုင်း ပြရတယ်။ အဲဒီမှာ စစ်ဆေးမေးမြန်းတာတွေက တော်တော်များများ လုပ်တယ်။ ဒီလိုသာ စစ်ဆေးမေးမြန်းနေမယ်ဆိုရင် ရေရှည်မှာ ကျနော်တို့ နေရထိုင်ရတာ အခက်အခဲရှိတယ်။ ကျနော်တို့ဘဝအခြေအနေက ဘယ်လိုမှ မလုံခြုံတော့ဘူး။ အဲဒါကြောင့် ဒီကိုထွက်လာတာ” ဟု ပြောသည်။

သရက်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၈ ဦး လွှတ်ပေးရာတွင် အာဏာပိုင်များက ကိုဘမျိုးသိန်းကို ပြန်လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး စစ်အစိုးရအနေဖြင့် အကျဉ်းသား ၇,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ လွှတ်ပေးလိုက်သည်ဆိုသော်လည်း နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦးသာ ပါဝင်ခဲ့သည်။

အယောင်ပြအချိန်ဆွဲ နိုင်ငံရေးကစားကွက်အဖြစ် အသုံးချခြင်းဖြင့် နိုင်ငံရေးပြဿနာများမှာ ပြေလည်သွားမည်မဟုတ်ကြောင်း သဘောထားထုတ်ပြန်

ဉာဏ်မောင်

နိုင်ငံရေးအကျဉ်းသားများလွှတ်ရေးကို စေတနာမပါဘဲ အယောင်ပြအချိန်ဆွဲ နိုင်ငံရေးကစားကွက်အဖြစ် အသုံးချခြင်းဖြင့် မြန်မာ့နိုင်ငံရေးပြဿနာများမှာ ပြေလည်သွားမည်မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့က ပူးတွဲ သဘောထားထုတ်ပြန်ကြေညာခဲ့သည်။

ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျဉ်းသားမှမဟုတ် မည်သည့်အကျဉ်းသားမဆို လူသားတယောက်အနေဖြင့် အချုပ်နှောင်မှ လွှတ်မြောက်လာသည့်အတွက် ဝမ်းသာမိသော်လည်း စစ်အစိုးရအနေဖြင့် နိုင်ငံသားအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည် ဆိုသည့် စကားသည် မျက်လှည့်ပြခြင်းတခုသာ ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်ဦးအပါအဝင် အကျဉ်းထောင်အသီးသီးမှ ထောင်ဒဏ်ချခံထားရသော နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးမှသာလျှင် တိုင်းပြည်နှင့် လူထုအပေါ် စိတ်စေတနာကောင်းထားရှိရာ ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

နအဖစစ်အစိုးရက ပြီးခဲ့သည့် စက်တင်ဘာလ (၁၇) ရက်နေ့တွင် အကျဉ်းသား (၇၁၁၄) ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဆိုသော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦးသာ ပါဝင်ခဲ့သည်။

ယခုကဲ့သို့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနေသည့် တပြိုင်နက်တည်းမှာပင် စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားတက်ကြွသူများကို ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် နီးလာချိန်တွင် သံဃာတော်များကို ဖိအားပေးခြင်း ကန့်သတ်ခြင်းများ၊ ဖမ်းဆီးခြင်းများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။

Sep 21, 2009

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်

ဖြိုးကြီး

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိန်းအမှတ် လမ်းလျှောက်ချီတက်ပွဲကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ပြီး အင်အား ၁၀၀ ကျော် ပါဝင်ခဲ့သည်။
ယင်းကဲ့သို့ ချီတက်လမ်းလျှောက်ရခြင်းနှင့်ပတ်သက်၍ ဦးဆောင်ဆရာတော်တပါးဖြစ်သူ အရှင်သောပါက က “ဒီနေ့ကတော့ ကမ္ဘာငြိမ်းချမ်းရေးနေ့ ဖြစ်တဲ့အခါကြတော့ အားလုံး ငြိမ်းချမ်းဖို့ပါပဲ။ မငြိမ်းချမ်းသေးတဲ့ နိုင်ငံတွေ ငြိမ်းချမ်းဖို့နဲ့ အထူးသဖြင့် ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတွေ ရဖို့အတွက် လုပ်တာ” ဟု မိန့်ကြားသည်။

ထို့အပြင် ပြည်တွင်းပြည်ပတွင်ရှိသည့် သံဃာတော်များအနေဖြင့်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းညီညွတ်စွာ လုပ်ဆောင်သွားရန် လျှောက်ထားလိုကြောင်း အရှင်သောပါက က ဆက်လက်မိန့်သည်။

မြန်မာပြည် ငြိမ်းချမ်းရေးအခြေအနေနှင့်ပတ်သက်၍ “ဦးဇင်းတို့ မြန်မာပြည်မှာက နျူကလီးယားလက်နက်တွေ ဘာတွေ တည်ဆောက်နေတယ်ကြားရတော့ ဦးဇင်းတို့အနေနဲ့ အတော် စိတ်မကောင်းဖြစ်တယ်။ တကယ်တမ်း မြန်မာပြည်မှာက လိုချင်နေတာ လက်နက်မဟုတ်ဘူး။ အစားအသောက်နဲ့ ငြိမ်းချမ်းရေးဖြစ်တယ်” ဟု ၎င်းက မိန့်သည်။

အဆိုပါ လမ်းလျှောက်ချီတက်ပွဲကို မဲဆောက်မြို့ ပန်းခြံမှ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားထိပ်အထိ ချီတက်သွားမည်ဖြစ်ကာ ဝတ်ပြုဆုတောင်းပွဲကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်မိန့်သည်။

ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ချီတက်ပွဲကို ထိုင်း-မြန်မာလှုပ်ရှားမှုကော်မတီ (TACTB)၊ နိုင်ငံတကာ ဗုဒ္ဓဘာသာအဖွဲ့၊ အမျိုးသမီးအဖွဲ့ချုပ်၊ မြန်မာရဟန်းတော်များအဖွဲ့နှင့် မြန်မာ့မိတ်ဆွေများအဖွဲ့ (Burma Partnership) အဖွဲ့တို့က ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မကြာသေးခင် ရက်ပိုင်းအတွင်း သံဃာ့အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အောက်တိုဘာ (၃) ရက်နေ့မှ စတင်ကာ တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ရန် တိုက်တွန်းကြေညာချက်များ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ သံဃာများဦးဆောင်ပါဝင်သည့် လှုပ်ရှားမှုများ စတင်လာခြင်းဖြစ်သည်။

Sep 20, 2009

နိုင်ငံရေးဆက်မလုပ်ရန် လက်မှတ်မထိုးသူကို အာဏာပိုင်များက ဆက်လက်ချုပ်နှောင်ထား

ရိုးမ ၃

စစ်အစိုးရ အာဏာပိုင်များက အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် နိုင်ငံရေးမလုပ်ရန် လက်မှတ် မထိုးသူ နိုင်ငံရေးအကျဉ်းသား ကိုဘမျိုးသိန်းကို အကျဉ်းထောင်ထဲတွင် ဆက်လက်ချုပ်နှောင်ထားလျှက်ရှိသည်။

စစ်အစိုးရ အာဏာပိုင်များက သရက်အကျဉ်းထောင်မှ ကိုဘမျိုးသိန်းအား ပုဒ်မ (၄၀၁) အရ အပြင်ရောက်လျှင် နိုင်ငံရေးမလုပ်တော့ကြောင်းနှင့် အကယ်၍ အလားတူပြစ်ဒဏ်မျိုးအပြင်တွင် ကျူးလွန်ဖောက်ဖျက်ပါက ကျန်ရှိနေသော ပြစ်ဒဏ်ကျရက်များကို ထပ်လောင်း၍ ခံရမည်ကို သိရှိကြောင်း လက်မှတ်ရေးထိုးခိုင်းခြင်းကို ငြင်းဆန်သဖြင့် ဆက်လက်ချုပ်နှောင်ထားခြင်း ဖြစ်သည်။

သရက်အကျဉ်းထောင်မှ ကိုဘမျိုးသိန်းအပါအဝင် လွှတ်ပေးမည့် နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ယခုလ (၁၈) ရက်နေ့ညတွင် လက်မှတ်ရေးထိုးလျှင် လွှတ်ပေးမည်ဟု လာရောက်အကြောင်းကြားပြီး အကျဉ်းထောင်ရိပ်သာတွင် တညအိပ်စေကာ လက်မှတ်ထိုးရန်ငြင်းဆန်ခဲ့သည့် ကိုဘမျိုးသိန်းကို လွှတ်မပေးနိုင်ကြောင်း ပြောဆိုတာ (၁၉) ရက်နေ့ နံနက်တွင် ထောင်ထဲသို့ ပြန်သွင်းခဲ့ကြောင်း ၎င်း၏ ညီဖြစ်သူက ပြောသည်။

ယင်းကဲ့သို့ ထောင်ထဲသို့ ပြန်မသွင်းမှီ အာဏာပိုင်များဘက်မှ မိသားစုများနှင့် ဆက်သွယ်ခွင့်ပေးသည့်အချိန်တွင် ပြည်မြို့တွင် နေထိုင်သည့် ညီဖြစ်သူအား ကိုဘမျိုးသိန်းက ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ကိုဘမျိုးသိန်းသည် ၁၉၉၀ ခုနှစ် အောက်တိုဘာလတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဗိုလ်မှူးကြီးဟောင်း ဦးစိန်မြ ဦးဆောင်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့နှင့်ဆက်သွယ်ကာ ၁၉၉၀ ခုရွေးချယ်ခံ အမတ်များအား ပြည်ပသို့ ပို့ဆောင်ပေးခဲ့သဖြင့် အဖမ်းခံရပြီး ပုဒ်မ ၅(ည)၊ ၁၇(၁) တို့ဖြင့် စွဲချက်တင်ကာ အင်းစိန်ထောင် စစ်ခုံရုံးမှ ၁၉၉၁ ခုနှစ် ဇန္နဝါရီလ (၅) ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရသူဖြစ်သည်။

ထို့အပြင် အင်းစိန်ထောင်တိုက်ဝင်းအတွင်း၌ လျှို့ဝှက်စွာဖွဲ့စည်းထားသော အကျဉ်းသားအခွင့်အရေး ကာကွယ်ရေးအဖွဲ့၏ ဦးစီးအဖွဲ့တွင် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဟောင်း ဟံသာဝတီ ဦးဝင်းတင်နှင့်အတူ ကုလသမဂ္ဂညီလာခံသို့ အင်းစိန်ထောင်တွင်း လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းများကို စာရေးသားပေးပို့ခဲ့သဖြင့် ၁၉၉၆ ခု မတ်လတွင် ထောင်တွင်း နောက်ထပ်ပြစ်ဒဏ် ၁၂ နှစ် ချမှတ်ခံရပြီး သရက်ထောင်သို့ ရွှေ့ပြောင်းခံခဲ့ရကာ စုစုပေါင်းပြစ်ဒဏ် ၁၉ နှစ်တွင် ၁၈ နှစ်နှင့် ၉ လကျော် ပြစ်ဒဏ်ကျခံပြီးဖြစ်ပါသည်။

အလားတူ ၂၀၀၃ ခုနှစ်က ကိုဘမျိုးသိန်းအား ပုဒ်မ ၄၀၁(၁)ကို လက်မှတ်ရေးထိုးခိုင်းသော်လည်း ငြင်းဆန်ခဲ့သဖြင့် ၎င်းက လွှတ်မပေးခဲ့ခြင်း ဖြစ်သည်။

ကိုဘမျိုးသိန်းသည် မွေးချင်းညီအကို ၅ ယောက်အနက် အကြီးဆုံးဖြစ်ပြီး ညီဖြစ်သူ ကိုဘစိုးသိန်းမှ ထောင်ဝင်စာသွားတွေ့နေပြီး အဖမ်းမခံရမှီက လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) ဆီထွက်သီးနှံနှင့် အစေ့ထုတ်ပြောင်းဌာနတွင် ကျေးရွာအုပ်စုမန်နေဂျာ တာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။

မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည် အကျဉ်းထောင်လက်စွဲဥပဒေအရ အခြားအကျဉ်းသားများနည်းတူ ဆုမှတ်ရက်များကို ခံစားခွင့်မရှိသည့်အပြင် လွှတ်ရက်နီးပြီး ၃ လသာ ကျန်တော့သည့် ကိုဘမျိုးသိန်းကဲ့သို့ ၁၈ နှစ်ကျော် နှစ်ရှည်အကျဉ်းကျခံပြီးသည့်သူများအား ၄၀၁(၁) တွင် အကြပ်ကိုင် လက်မှတ်ရေးထိုးခိုင်းပြီး လွှတ်ပေးနေခြင်းသည် စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ကာ လူ့အခွင့်အရေးချိုးဖေါက်ခံနေရခြင်းပင်ဖြစ်သည်။

အပိုင်း (၁)

အပိုင်း (၂)