ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 13, 2009

ရထားလမ်း ပျက်စီးမှုကြောင့် ဒေသခံများ အခက်ခဲကြုံနေရ

ရိုးမ ၃

ရထားလမ်းပိုင်း ပျက်စီးနေမှု ကြာမြင့်နေသည့်အတွက် ခရီးသွားလာရေး၊ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကာ ဒေသခံများ အခက်ကြုံနေရသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းတခုလုံး ပျက်စီးနေသည်မှာ နှစ်ဝက်ကျော်နေပြီး ပြန်လည်ပြုပြင်ခြင်း တစုံတရာမရှိသည့်အတွက် ရထားလမ်းတလျောက် မြို့များမှ ဒေသခံများ သွားလာရေးဒုက္ခရောက်နေကြောင်း ဒေသခံတဦးက ပြောသည်။

“သွားရေးလာရေး တော်တော်ကို ဒုက္ခရောက်တာ။ သက်ဆိုင်ရာက အဲဒါတွေကို ပြင်ပေးစေချင်တယ်။ ဟင်္သာတကနေ အင်္ဂပူ၊ ထူးကြီး မဲဇလီကုန်း၊ အင်ပင်၊ မြန်အောင်၊ ကြံခင်း အဲဒီတောက်လျှောက်မြို့တွေက ဒီရထားလမ်းကိုပဲ အားကိုးနေရတာ။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အားလုံးကို အားကိုးနေရတာ။ အခုလိုဖြစ်တော့ ကုန်စည်စီးဆင်းမှုတွေလည်း ရပ်ဆိုင်းကုန်တယ်။ မိုင် ၅၀ ခရီးဆိုတာ ပုံမှန် လေးနာရီလောက်ပဲ ကြာတဲ့ခရီးကို အခုက ညအိပ်သွားရတာမျိုးတွေ ဖြစ်နေတယ်” ဟု ဒေသခံက ပြောသည်။

အဆိုပါရထားလမ်းပိုင်းတွင် ပုသိမ်-ကြံခင်း အစုန်အဆန်ရထားတစီး၊ စာပို့တစီး ပြေးဆွဲနေလျက်ရှိပြီး ဟင်္သာတ-ပုသိမ်၊ ဟင်္သာတ-ကြံခင်းကို လော်ကယ်ရထားနှစ်စီး ပြေးဆွဲနေလျက်ရှိကာ ယခုအခါ ယခင်ကဲ့သို့ မရှိတော့ကြောင်း သူက ဆက်လက်ပြောသည်။

“လမ်းသစ်တွေ ထပ်ဖောက်တယ် ဥသျှစ်ပင်ကနေ ပခုက္ကူကို။ သူတို့ဟာသူတို့ ဖောက်ချင်တာတွေ ဖောက်နေတာ။ ကျနော်တို့ ဒီဘက်လမ်းကတော့ သုံးစားလို့ကို မရတော့တဲ့အဆင့် ရောက်နေတာ။ ညပိုင်းထွက်တဲ့ အာစီကြီးဆိုတာက ဥသျှစ်ပင်နဲ့ ဟင်္သာတထွက်တာ သူကလည်း ရှေ့ကလမ်းတွေ ပျက်နေတော့ ထွက်လို့ကိုမရဘူး။ မနက်ထွက်ရမဲ့ ရထားက ည (၁၂) နာရီလောက်မှ ရောက်ချင်ရောက်တာဆိုတော့ တော်တော်ကို အခြေအနေဆိုးနေတာ” ဟု ပြောသည်။

ယင်းကဲ့သို့ ရထားလမ်းပိုင်းများ ပျက်စီးနေမှုကို ဒေသခံများအနေဖြင့် သက်ဆိုင်ရာကို အကြောင်းကြားလိုသော်လည်း လမ်းဆောက်လုပ်ရေးအာဏာပိုင်များအနေဖြင့် မည်သည့်နေရာတွင် နေထိုင်သည်ကိုပင် မသိရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

“လမ်းမကောင်းတော့ လမ်းဗိုလ်တွေကို အကြောင်းကြားဖို့ကျတော့ ဘယ်မှာနေတာမှန်းကို မသိဘူး။ အခုက လမ်းပျက်တာ။ ငါးတွဲသွားရင် တတွဲက ချော်၊ အဲလိုဖြစ်တော့ နောက်က ရထားက ထွက်လို့မရပြန်ဘူး။ ခါတိုင်းဆို အချိန်မမှန်ပေမဲ့ အစီးရေအပြည့် သွားသေးတယ်။ အခုကျတော့ တနေ့တစီးလောက်ပဲ သွားတော့ အဆင်မပြေဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အမြန်ဆုံး ပြင်ပေးသင့်တယ်” ဟု ဆက်လက်ပြောဆိုသည်။

Nov 12, 2009

တပ်မတော်အတွင်း ရွေးကောက်ပွဲသတင်း အမျိုးမျိုးထွက်ပေါ်နေ

ဗထူး

တပ်မတော်အတွင်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့်အချိန် သတင်းအမျိုးမျိုး ထွက်ပေါ်နေကြောင်း အမည်မဖော်လိုသည့် တပ်မတော်အရာရှိတဦးက ပြောသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို မတ်လ၊ မေလနှင့် နိုဝင်ဘာလတို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

“အခုဟာက တပ်ထဲမှာက သတင်းတွေက အမျိုးမျိုး ကြားနေတာ။ အဲဒီသုံးလထဲက တလလမှာ လုပ်မယ်။ တိတိကျကျတော့ မပြောနိုင်သေးဘူး” ဟု အဆိုပါအရာရှိက ဆက်ပြောသည်။

ထို့အပြင် တပ်မတော်သား မိသားစုဝင်များ၏ စားဝတ်နေရေးအခြေအနေမှာလည်း ကြပ်တည်းမှုများရှိနေကြောင်း ယင်းအရာရှိက ဆက်ပြောသည်။

“တပ်ထဲက အခြေအနေကတော့ ယောင်္ကျားဖြစ်သူက ရှေ့တမ်းသွားတယ်ဆိုရင် ရိက္ခာက သူတို့နဲ့ပါသွားတော့ နောက်တမ်းမှာ ကျန်ခဲ့တဲ့ မိန်းမက မွေးဖွားခါနီး တပ်ထောက်ပံ့ရေးက ၅၀၀ ပဲ ထောက်ပံ့တယ်။ မလောက်ရင် တပ်ရေးဗိုလ်ကြီးတွေ၊ တပ်ရင်းမှူးကတော်တွေဆီက အတိုးနဲ့ချေးပြီး နေရတာ” ဟု ပြောသည်။

ယင်းကဲ့သို့ ချေးငွေများကို လစာထဲမှာ ပြန်ဖြတ်သည့်အခါ အတိုးပါ ဖြတ်တောက်သဖြင့် တပ်မတော်သား မိသားစုဝင်များအနေဖြင့် အကြပ်အတည်းမှာ တနေ့ထက်တနေ့ ဆိုးရွားနေသည်ဟု ၎င်းအရာရှိက ဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ တပ်မတော်သားများအနေဖြင့် အကြပ်အတည်းမျိုးစုံ ကြုံတွေ့နေရပြီး အချို့အရာရှိ တပ်မှူးများကိုလည်း အရပ်ဘက်သို့ ပြောင်းရွှေ့ခြင်းများလည်း ပြုလုပ်နေလျှက်ရှိသည်။

Nov 11, 2009

ကြံ့ဖွံ့အာဏာပိုင်ကို သံဃာထုနဲ့ မြို့ခံများ မကျေနပ်ဖြစ်

ဉာဏ်မောင်

ကြံ့ဖွံ့အတွင်းရေးမှူး၏ လုပ်ရပ်ကြောင့် သံဃာတပါး စစ်ကြောရေးစခန်းမှ ဆေးရုံတင်ထားရပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ သံဃာထုနှင့် မြို့ခံလူထုက မကျေမနပ် ဖြစ်နေကြသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကြံ့ဖွံ့အတွင်းရေးမှူး အောင်ကြည်ဝင်း၏ သတင်းပေးတိုင်တန်းမှုကြောင့် ကျောက်ပန်းတောင်းမြို့၊ သုခဝတီကျောင်းတိုက်မှ အရှင်ဇောတိကကို ပြီးခဲ့သည့် ၅ ရက်ခန့်က ဖမ်းဆီးပြီး မန္တလေး၊ အိုးဘိုထောင်စစ်ကြောရေးတွင် စစ်ဆေးနေစဉ် ဆေးရုံတင်ထားရခြင်းဖြစ်သည်။

“ဖြစ်တာက အဲဒီ အောင်ကြည်ဝင်းဆိုတဲ့သူက ကျောက်ပန်းတောင်းမှာ မိတ္တူကူးဆိုင် ဖွင့်ထားတာ။ အဲဒီဆိုင်ကို အရှင်ဇောတိကနဲ့ သံဃာတပါးက မိတ္တူသွားကူးတာ။ အဲဒီမှာ သူ့သမီးနဲ့တွေ့တော့ ဦးဇင်းက မိတ္တူကူးလို့ရလားဆိုတော့ ကောင်မလေးက ဖတ်ကြည့်ပြီး ရပါတယ်ဆိုပြီး သူ့အဖေကို ပြောတာ။ ပြီးတော့ မန္တလေးကို ဖုန်းဆက်လိုက်တော့ ပါဂျဲရိုး တစီးရယ် ကားအဖြူတစီးရယ် လာစောင့်ပြီး ဖမ်းသွားတာ။ တပါးကတော့ လွတ်သွားတယ်” ဟု မြို့ခံတဦးက ပြောသည်။

ယင်းနောက် မန္တလေး၊ အိုးဘိုထောင်စစ်ကြောရေးတွင် စစ်ဆေးနေစဉ် အရှင်ဇောတိက,က အိတ်ထဲတွင် ပါလာသည့် ဘရိတ်ဓါးဖြင့် ကိုယ့်ကိုယ်ကို ပြန်လှီးလိုက်သည့်အတွက် ဆေးရုံတင်ထားရကြောင်း သတင်းများထွက်ပေါ်နေသည်ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

“ဦးဇင်းကို ဖမ်းသွားတာက SB က ကျော်ဌေး။ သူ့ကိုတောင် ခေတ္တထိန်းထားတယ်လို့ ကြားတယ်။ တကယ်လို့ ဦးဇင်းတခုခုဖြစ်သွားရင် သူပါ ပြဿနာဖြစ်မယ့်သဘောပေါ့။ သေချာတာက ဦးဇင်းကို ဝမ်းကိုက်တာကြောင့် မန္တလေးဆေးရုံကြီးမှာ တင်ထားတယ်လို့ ပြောတယ်” ဟု အဆိုပါမြို့ခံက ဆက်ပြောသည်။

၎င်းအတွင်းရေးမှူး အောင်ကြည်ဝင်းသည် တိုင်းကြံ့ဖွံ့ကိုယ်စားလှယ်တဦးဖြစ်ပြီး ကျောက်ပန်းတောင်းမြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားသူဖြစ်ကြောင်း ဆက်ပြောသည်။

ယင်းလုပ်ရပ်နှင့်ပတ်သက်၍ “သူ့အိမ်မှာ ထိုင်ဆွမ်းကြွတဲ့ ကိုယ်တော် ၅ ပါးရှိတယ်။ အခုဆို သူ့အိမ်ကို ဘယ်ရဟန်းသံဃာတွေမှ ဆွမ်းခံမကြွတော့ဘူး။ ကျောင်းပန်းတောင်းမြို့ပေါ်က လူတွေရော၊ သံဃာတွေရော တော်တော်ကို မကျေမနပ်ဖြစ်နေတယ်။ သူတို့မိသားစုကို တခုခုကို လုပ်ချင်နေကြတာ” ဟု မြို့ခံက ဆက်လက်ပြောသည်။

ညို (သို့မဟုတ်) မပြီးသေးသော ရေဆေးပန်းချီကားတစ်ချပ်

မျိုးမြင့်မောင်

နောက်ကြည့်မှန်
ရေးသူ - မင်းကိုနိုင်
စာမျက်နှာ (၁၇၁)
ပထမအကြိမ်- ၂၀၀၉ အောက်တိုဘာ
ထုတ်ဝေသူ- အေအေပီပီဘီ
အုပ်ရေ - ၁၀၀၀

စာမျက်နှာ (၁၇၁) မျက်နှာသာရှိသော သူ့စာအုပ်ကို တစ်ထိုင်တည်းအပြီး ဖတ်ပစ်လိုက်သည်။

သူသည် ခံစားတတ်သူဖြစ်သည်။

ခံစားမှုဟုဆိုရာ၌ နံ့သာထုံသောည မှသည် ခေတ်ပြောင်းတော်လှန်ရေးအထိ နက်ရှိုင်းကျယ်ပြန့်သည်မဟုတ်ပါလား။

သူသည်ခံစားရုံမျှမက ဖွဲ့နွဲ့တတ်သောသူလည်း ဖြစ်သည်။ (သောကလက်/အဖေါ်ရှိပါတယ် အထီးကျန်ခြင်းလေ/ တကယ်လို့ နွယ်မျှင်ကလေးတွေနဲ့တူတဲ့ မျက်လုံးတစ်စုံသာ အထီးကျန်ခြင်းမှာ ရှိမယ်ဆိုရင် ကိုယ်တယောက်ထဲ အမြဲနေရဲပါတယ်/နောက်တခါပြန်ဆုံရင်တော့ ကိုယ်ဟာကိုယ်တန်ဖိုးထားတဲ့ သံယောဇဉ်တခုကို ဖိနပ်လို စီးတော့မှာမဟုတ်ဘူး၊ ရင်ထိုးလို ချိတ်ဆွဲထားတော့မှာပါ)

အင်တာဗျူးမေးခွန်းများကိုပင် သူက ဖွဲ့နွဲ့ပြောတတ်သူ။ သူ့အပြောတွေက သဘင်ဆန်လှသည်။ “မင်းကိုနိုင်” ဟူသော အမည်ကပင် အဖွဲ့အနွဲ့တစ်ခုမဟုတ်ပါလား။

သူသည် ခံစားတတ်ဖွဲ့နွဲ့တတ်ရုံမျှမက ပြည်သူများ၏ ခံစားချက်များကို ဖေါ်ထုတ်ထင်ဟပ်ပြနိုင်စွမ်းရှိသူတစ်ဦးဖြစ်သည်။ သို့အတွက် သူ့ကို (နအဖ) စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်ချမှတ်ကာ ဝေးလံလှသော မောရဋ္ဌရှိ ကျိုင်းတုံအကျဉ်းထောင်သို့ပို့ထားခဲ့သည်။

ညို၊ ကိုဖေသောင်း၊ မခင်အေး၊ ဒေါ်တင်တင်တို့ပြောသော စကားများတွင် ကျနော်မျောလွှင့်သွားသည်။ ညိုသည် ရိုးသားပြီး အပြစ်ကင်းစင်သော ဆယ်တန်းကျောင်းသူကလေးတစ်ဦး။ ညိုပြောသော စကားများ၊ အပြုအမူများကလည်း ညိုလိုပင် အပြစ်ကင်းစင်ပြီး ကလေးဆန်သလို လှသည်။ ညိုတည်သော ရေချမ်းစင်ကလေးလို အေးမြနေမှာလည်း သေချာသည်။

တကယ်တော့ တောဘူတာရုံကလေးရှိတဲ့ မြို့သေးသေးလေးတစ်မြို့ကို တိမ်းရှောင်လာတဲ့ တက္ကသိုလ်ကျောင်းသား နိုင်ငံရေးလှုပ်ရှားသူနဲ့ ဆယ်တန်းကျောင်းသူကလေးတစ်ဦးတို့ရဲ့ သံယောဇဉ်ဖွဲ့ ဝတ္တုတစ်ပုဒ်မျှသာဖြစ်သည်။ သူသည် သူ၏သံယောဇဉ်ကို မတ်လ၊ ဇွန်လ၊ သြဂုတ်လ၊ စက်တင်ဘာလများကို ဖြတ်သန်းသွားခဲ့တဲ့ ၈၈ လူထုလှုပ်ရှားမှုကြီးကို မှုန်ပြပြ နောက်ခံထားပြီး ဖွဲ့နွဲ့ထားခြင်းဖြစ်သည်။

ညိုနဲ့ ကိုဖေသောင်း၏ ဇာတ်လမ်းကလည်း မပြီးဆုံးသေးသလို ဆဲဗင်းဂျူလိုင်က စခဲ့တဲ့ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုကြီးကလည်း မပြီးဆုံးသေးပါ။

ဒါပေမယ့် မခင်အေးတော့ ကလေးနှစ်ယောက်အမေ ဖြစ်ခဲ့ပြီ။

အခုချိန်လောက်ဆို ညို့အဖေ ဦးရွှေခင်လည်း ပင်စင်ယူလောက်ပြီ။ ညို့အသက်ပင် ၃၀ ကျော်ပေတော့မည်။

ထို့အတူ ကိုဖေသောင်းပေးခဲ့သော ဦးထုတ်ဖြူကလေးပင် ဝါကျင်ဟောင်းနွမ်းနေပေတော့မည်။

“ကိုယ့်အတွက်က လမ်းနှစ်သွယ်ရှိတယ်၊ ရည်ရွယ်တာတူပေမယ့် နှစ်နေရာ ခွဲလုပ်ရမယ်၊ တောထဲပဲသွားရမလား၊ မြို့မှာပဲ ဆက်လှုပ်ရှားရမလား” တောထဲက လူအများစုတော့ တတိယနိုင်ငံက မြို့ပြတွေဆီကို တစ်သုတ်ပြီးတစ်သုတ် ရည်မှန်းချက်မျိုးစုံနဲ့ ခရီးထွက်သွားခဲ့ကြပြီ ကိုဖေသောင်းရေ။

တချို့ကလည်း (၂၀၁၀) ရွေးကောက်ပွဲကို ရည်မှန်းချက်တစ်ဖက်ကမ်းကူးဖို့ ဖောင်အဖြစ် စီးသွားကြမယ်လို့ ပြောနေကြသည်။ တကယ်တော့ (၂၀၁၀) ရွေးကောက်ပွဲသည် ကူးတို့ဖောင်မဟုတ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) လို့ဆိုတဲ့ စစ်အာဏာရှင်စနစ် နွံရေအိုင်ထဲမှာ ကမ်းမမြင်လမ်းမမြင် မျောနေတဲ့ ဆင်သေကောင်မျှသာ ဖြစ်သည်။ ဒီမိုကရေစီသောင်ကမ်းသို့ ရောက်ရှိလိမ့်မည်မဟုတ်ပါ။

ထိုသို့ ဆင်သေစီးမည့် ထိုလူများကို ကိုဖေသောင်းက ဘယ်လိုဝေဖန်ဖွဲ့နွဲ့မှာလဲ။ သံချပ်ထိုးပြီး ဖွင့်ချမှာလား။

ကျနော်တို့၏ ကိုဖေသောင်းခမျာမှာတော့ အမြှီးဖွားဖွား ရှဥ့်ကလေးတွေပုံကို ကျိုင်းတုံအကျဉ်းထောင်အတွင်း နံရံပေါ်မှာ ပုံကြမ်းဆွဲခြစ်နေလေမလား။ ရေကြည်မြောင်းကလေးလို တောက်ပကြည်လင်နေသော ညို့မျက်ဝန်းကလေးတွေကို သတိရနေမလား။ ဖားဖားဝေဝေရှိလှတဲ့ ညို့ဆံပင်တွေကိုပဲ မြင်ယောင်နေမလား။ သပိတ်လွယ်ငှက်ကလေးလို သာယာတဲ့ ညို့အသံလေးကိုပဲ ကြားယောင်နေမလား။ ဒါမှမဟုတ် ရေနစ်လို့ ကူးရပြီဆိုရင် ဖိနပ်ကို စွန့်ခဲ့ရတာပဲဆိုတဲ့ ဥပက္ခာဝါဒီတစ်ဦးရဲ့ ဧကစာရီအကျင့်ကိုပဲ ကျင့်နေပြီလား။

သူ့ “နောက်ကြည့်မှန်” အခုလိုထုတ်ဝေနိုင်အောင် စီစဉ်သူတွေကို ကျေးဇူးတင်ပါသည်။

စီစဉ်သူများသည် နိုင်ငံရေးကို ဘာကြောင့်မှန်းမသိ စိမ်းကားနေပုံရသည်။ မုန်းတီးနေသည့် အဆင့်အထိတော့ မရောက်သေးဟု ထင်ရသည်။

စီစဉ်သူ့စကားတွင် “စာပေသည် နိုင်ငံရေး၏ သြဇာခံမဟုတ်။ တစုံတရာကို ထောက်ခံရန် (သို့မဟုတ်) ကန့်ကွက်ရန်သည် စာပေအနုပညာ၏ ရည်ရွယ်ချက်မဟုတ်ပေ” ဟု တုံးတိတိနှင့် စဖွင့်ထားပြီး “စာပေသည် ထိုစာပေကို ဖန်တီးသူ နေထိုင်ဖြတ်သန်းရသော ခေတ်၏ အလင်းအမှောင်၊ အဆိုးအကောင်းတို့ကိုမူ ထင်ဟပ်ဖေါ်ပြလေသည်” လို့ ရှေ့နောက်မညီဘဲ ဖေါ်ပြထားပြန်ပါသည်။

နောက်ကြည့်မှန်ထဲတွင် “အုန်းသိန်းတို့ သားအဖသည်” အမှောင်နှင့်အဆိုး ဖြစ်ပါသည်။

ယင်းသို့ အဆိုးနှင့် အမှောင်တို့ကို တိုက်ပွဲဝင်ရာတွင် အလင်းနှင့် အကောင်းဖြစ်သော ညို၏ လေးခွအစွမ်းဖြင့် အုန်းသိန်း၏ ညို့သကျည်းကို မှန်အောင် ပစ်ခြင်းဖြင့် ဖေါ်ထုတ်ထားပါသည်။

“စက်မှုကျောင်းသား ကိုဖုန်းမော်က သွေးနဲ့ မီးရှူးဖောက်ပြီး အချက်ပေးခဲ့ပြီ၊ ငါတို့ခေတ်မှာ အပြီးအပြတ် တိုက်ကြမယ်” ဆိုပြီး စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတာဝန်ကို ညွှန်ပြထားသည်။ ထောက်ခံထားသည်မဟုတ်ပါလား။

အကယ်၍သာ ညိုနှင့် ကိုဖေသောင်း၏ သံယောဇဉ်ဖွဲ့နွှဲ့မှုထဲကနေ နောက်ခံကားအဖြစ်ထားတဲ့ ၈၈ လူထုလှုပ်ရှားမှုကြီးကို ဖယ်ထုတ်လိုက်လျှင် ရွက်ကြမ်းရေကြို အချစ်ဇာတ်လမ်းတစ်ပုဒ်မျှသာ ဖြစ်နေပါလိမ့်မည်။

ကိုဖေသောင်းသည် သံယောဇဉ်အနှောင်အဖွဲ့တွေကို အလေးအမြတ် အသိအမှတ်ပြုပေမယ့် “တခါတော့ ဝေးလိုက်ကြရအောင် ညိုရေ” လို့ ပြောပြီး ကျောခိုင်းခဲ့သူဖြစ်သည်။ ကိုဖေသောင်းသည် နောက်ကိုကြည့်သူမဟုတ်။ ရှေ့ကိုကြည့်သူ၊ အနာဂတ်ကိုကြည့်သူသာ ဖြစ်သည်။

ဒီလိုသဘောထားတွေကြောင့်ပင် မခင်အေးကတဆင့် “ရှင့်ရုပ်ကို ပြန်ကြည့်ဖို့မဟုတ်ဘူး။ ကျောခိုင်းရာမှာ ဘာဖြစ်ကျန်ခဲ့မှန်းမသိသူတွေအတွက် နောက်ကြည့်မှန်တချပ် လှူချင်တာ” ဟု (စာမျက်နှာ ၁၁၄-၁၁၅) ပြောပြထားသည်။ ယင်းစကားသည် နောက်ကြည့်မှန်၏ အနက်အဓိပ္ပါယ် ဖြစ်နေသည်။ ကိုဖေသောင်းသည် နိုင်ငံရေး၏ သြဇာခံဟုတ်မဟုတ်တော့ ကျနော်မပြောတတ်ပါ။ ဒီကိစ္စကို စီစဉ်သူများကသာ သုံးသပ်အဖြေရှာကြရန် ဖြစ်ပါသည်။

ကျနော်ပြောနိုင်သည်မှာ ကိုဖေသောင်းသည် သံယောဇဉ်၏ လက်အောက်ခံမဟုတ်သည်ကတော့ သေချာပါသည်။

ထို့အပြင် နိုင်ငံရေးလှုပ်ရှားမှုနှင့် နိုင်ငံရေးလှုပ်ရှားသူများကို နည်းမျိုးစုံနှင့် ဖိနှိပ်ချေမှုန်းပြီး နိုင်ငံရေးအကျဉ်းသားမရှိဟု ဆိုနေသော ယနေ့ခေတ်ကိုလည်း သတိပြုစေချင်ပါသည်။

နေရာတော်တော်များတွင် ဦးရွှေခင်ကနေ ဦးခင်ရွှေဖြစ်နေတာနှင့် မှုန်ကျကျကားလမ်း (မှုန်ပြပြကားလမ်း)၊ ကားလတ် (ဟိုင်းလတ်ကားဖြစ်မည်ဟု ထင်ပါသည်) ပေါ်မှာ ဆင်းလိုက်သည် (နှာ- ၉၄)။ ရေတခွပ်ခွပ် (တဂွပ်ဂွပ်) သောက် (နှာ-၁၅၅) ဆိုသည့် အကျအပေါက်များမှလွဲ၍ ပြောစရာမရှိတော့ပါ။

ညိုကတော့ “ကြယ်တွေမှာလည်း ကြယ်လူကြီး၊ ကြယ်ကလေးတွေ ရှိတယ်။ ဓူဝံကြယ်က ကြယ်အဖိုးကြီးမို့ တနေရာထဲ ငုတ်တုတ်ထိုင် စဉ်းစားနေတာပေါ့။ ခုနှစ်စဉ်ကြယ်က ကလေးတွေမို့ ကုန်းပိုးစီးတန်းကစားနေကြတာ။ အခြေမခိုင်ဘဲ လိမ့်ကျသွားတဲ့ ကြယ်တွေ မြင်ဖူးပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ လူတွေအတွက် အသုံးတည့်လို့ နာမည်မှည့်ခံထားရတဲ့ ကြယ်တွေ တပွင့်မှပါမသွားဘူး။ တကယ်တော့ ကြယ်တွေရဲ့ဘဝမှာ အဖော်နီးတာ၊ အဖော်ဝေးတာ အရေးမကြီးပါဘူး။ လောကအတွက် အသုံးဝင်တဲ့ ကြယ် ဘယ်တော့မှမကြွေတာ သေချာပါတယ်” ဆိုတဲ့ စာသားတွေကို အထပ်ထပ်ရေးချနေပြီး ညိုတည်ထားတဲ့ ရေချမ်းစင်မှာ ရေလာခတ်သောက်မယ့် သူကို ငေးမောမျှော်လင့်နေလိမ့်မယ်လို့ ကျနော် အသေအချာ ယုံကြည်ပါသည်။

သို့ဖြင့် ညိုနှင့် ကိုဖေသောင်းကို လွမ်းသော အလွမ်းသည် တောဘူတာရုံလေးထဲ ဒရီးဒယိုင် ဝင်ရောက်သော လော်ကယ်ရထားတစ်စင်းလို ကျနော့်ရင်ထဲသို့ လှုပ်လှုပ်ရှားရှား တိုးဝင်လာပါတော့သည်။

အချိန်ဟူသော လော်ကယ်ရထားသည် ဘူတာမျိုးစုံကို ဖြတ်သန်းခုတ်မောင်းနေပါလိမ့်မည်။

အတိတ်မြင်ကွင်းများသည် နောက်ကြည့်မှန်ထဲတွင် တရိပ်ရိပ် ဝေး၍ဝေး၍ကျန်ခဲ့ပြီ။
× × × × ×

မျိုးမြင့်မောင်
(၂၀၀၉ နိုဝင်ဘာ ၆ ရက်)

Nov 10, 2009

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီက လူထုလှုပ်ရှားမှု ပို့စ်ကဒ်များ ဖြန့်ဝေ

ရိုးမ ၃
သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ) ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီက ကြွေးကြော်သံ (၄) ချက်ပါသည့် ပို့စ်ကဒ်များ ဖြန့်ဝေခြင်းလှုပ်ရှားမှုကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ နိုင်ငံအဝှမ်း သမဂ္ဂများ ပေါ်ပေါက်ရေး၊ ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်မြင်ရေးဟူသည့် ကြွေးကြော်သံ (၄) ချက် အကောင်ထည်ဖော်ရာတွင် ပြည်သူများ ပါဝင်လာစေရန်အတွက် ယခုကဲ့သို့ လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလှုပ်ရှားမှုကို ရန်ကုန်၊ ပဲခူး၊ မှော်ဘီ၊ မန္တလေး၊ ကျောက်ဆည်၊ စစ်ကိုင်း၊ စဥ့်ကိုင်နှင့် ပြင်ဦးလွင်မြို့များရှိ ဘုန်းကြီးကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ဈေးဆိုင်များ၊ ဓါတ်တိုင်များနှင့် နေအိမ်များတွင် ပို့စ်ကဒ် အခု ၅၀၀ ကျော်အား ဖြန့်ဝေကပ်ထားခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီကို သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ) အပါအဝင် ပြည်တွင်းအင်အားစု ၁၄ ဖွဲ့တို့က လုပ်ငန်းစဉ် (၇) ရပ်ချမှတ်ကာ ၂၀၀၉ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီတွင် သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ လွတ်လပ်သော သတင်းနှင့် နည်းပညာအစည်းအရုံး၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်(ပြည်တွင်း)၊ မြန်မာနိုင်ငံ အလုပ်သမားများအစည်းအရုံး၊ မြန်မာနိုင်ငံ စာပေ ပညာရှင်များအစည်းအရုံး၊ အသိပညာရှင် အတတ်ပညာရှင်များ အစည်းအရုံး၊ တောင်သူလယ်သမားများသမဂ္ဂ၊ တိုင်းရင်းသားလူငယ်များ အစည်းအရုံး၊ မြန်မာနိုင်ငံ သုခုမ ပညာသည်များအစည်းအရုံး၊ ကယားပြည်နယ် ကျောင်းသားသမဂ္ဂ၊ တောင်ငူတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ပုသိမ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် လွိုင်ကော်တက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ ပါဝင်သည်။

Nov 9, 2009

နိုင်ငံရေးအကျဉ်းသူအတွက် ဆေးစာ အရောက်နောက်ကျ၍ ဆေးပို့ခွင့်မရ

ဖြိုးကြီး
မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ မလှလှမော်အတွက် ဆေးစာ အရောက်နောက်ကျသဖြင့် ထောင်ဝင်စာတွေ့စဉ် ဆေးဝါးများ ပေးခွင့်မရခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။

မလှလှမော်အတွက် ဆေးစာကို စာတိုက်မှ ပို့လိုက်သည်မှာ ၁ လကျော်ပြီဖြစ်သော်လည်း မိသားစုထံ မရောက်သေးသဖြင့် မည်သည့်ဆေးဝါးများ ဝယ်သွားရမည်ကို မသိဘဲဖြစ်နေရသည်ဟု ပြောသည်။

“ကျနော်တို့က ၂ လတကြိမ် ထောင်ဝင်စာသွားတွေ့တာဆိုတော့ အခုကျနော်တို့ မလာခင်မှာ ဆေးစာကို စာတိုက်က ပို့လိုက်တာ တလလောက်ရှိပြီ ပြောတယ်။ အခုထိ ကျနော်တို့ဆီမရောက်လာတော့ ထောင်ဝင်စာ သွားတွေ့တော့ ဆေးတွေ မဝယ်သွားဖြစ်ဘူး။ ဆေးစာရမှ ဆေးဝယ်သွားပေးလို့ရမှာ။ သူနဲ့ပတ်သက်တဲ့ ဆေး ဘာတခုမှ မပါသွားဘူး” ဟု မိသားစုဝင်တဦးက ပြောသည်။

မလှလှမော်သည် သွေးပေါင်ကျရောဂါခံစားနေရပြီး ယခင်ထောင်မကျခင်ကတည်းက ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။

အကျဉ်းထောင်တွင်း ဆေးရုံအခြေအနေနှင့်ပတ်သက်၍ “ထောင်ဆေးရုံက ဆေးကုသတယ်ဆိုတာကတော့ ဘယ်လိုပဲ ကုသကုသ ကျနော်ကိုယ်တိုင်လည်း ထောင်ဆေးရုံ တက်ခဲ့ဖူးတာပဲ။ ဆေးပတ်လည်အောင် ဆေးသုံးပြားတောင်းတာတောင် မရခဲ့ဘူး။ အပြင်က မိသားစုတွေကပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှာဖွေဝယ်ပေးနေရတာ” ဟု ပြောသည်။

ထို့အပြင် မလှလှမော်၏ အမျိုးသားမှာလည်း အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျနေလျက်ရှိပြီး ခုနှစ်နှစ်အရွယ် သမီးဖြစ်သူကို ဆွေးမျိုးများက စောင့်ရှောက်ထားရသည်ဟု ပြောသည်။

“အပြင်မှာ ကလေးတယောက်တည်းပဲ ကျန်နေခဲ့တာ။ လင်မယားနှစ်ယောက်စလုံး ထောင်ကျနေတာ။ ကလေးက ဒုက္ခရောက်နေတာပေါ့။ သူ့အမေကို ထောင်ဝင်စာသွားတွေတော့ အမေဖြစ်သူက မကြာခင် ပြန်လာမယ်ဆိုပြီး ကလေးစိတ်ချမ်းသာအောင် ပြောတော့ နောက်တနေ့ အဖေကို ထောင်ဝင်စာသွားထပ်တွေတော့ ကလေးက ပြောပြီး ငိုတာပေါ့” ဟု ပြောသည်။

မလှလှမော်ကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့တွင် စစ်အစိုးရအာဏာပိုင်များက ပုဒ်မ ၅၀၅(ခ)၊ ၁၄၇၊ ၁၄၃၊ ၃၅၃ တို့ဖြင့် ထောင်ဒဏ်စုစုပေါင်း ကိုးနှစ်ခွဲချမှတ်၍ မြင်းခြံအကျဉ်းထောင်တွင် ထားရှိသည်။

Nov 8, 2009

ဥပဒေမဲ့လုပ်ရပ်ကို မယက ဥက္ကဌက ငွေယူ၍ အကာအကွယ်ပေးထား

ရိုးမ ၃

ကျေးရွာ လျှပ်စစ်မီးကြိုးများကို ဖြုတ်သိမ်းကာ ကိုယ်ကျိုးရှာသည့် ဘုန်းကြီးက မယက ဥက္ကဌကို ငွေပေးကာ အမှုကို ပိတ်ထားသည့်အတွက် ရွာသားများ မကျေမနပ်ဖြစ်နေကြသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာ ထီးတော်လွတ်ဘုရားကျောင်းဆရာတော် ဦးကောသံလ္လက မြို့နယ်မယက ဥက္ကဌကို ငွေ ၂ သိန်းကျော်ပေးပြီး ကျေးရွာအတွင်း သွယ်တန်းထားသည့် မီးကြိုးများဖြုတ်ယူသည့်အမှုကို တစုံတရာ အရေးယူခြင်းမရှိရန် ကြိုးစားနေကြောင်း ရွာသားတဦးက ပြောသည်။

“ဦးကောသလ္လက မီးကြိုးတွေကို ဖြုတ်ပြီးတော့ကျောင်းမှာ သိမ်းထားတာကို မယကကို တိုင်တာ၊ ဘုန်းကြီးက ထောင်တန် အရွက် ၂၀၀ ကျော်ကို မယက ရုံးကိုသွားပို့တော့ ဥက္ကဌက လက်ခံထားခဲ့တယ်၊ မီးကြိုးတွေက ဒီနေ့အထိ မယက ရုံးထဲမှာ ရှိတုန်းဘဲ အမှုဖွင့်တရားစွဲလို့မရဘူး၊ အရေးယူဆောင်ရွက် ပေးတာမရှိဘူး” ဟု ပြောသည်။

အဆိုပါ မီးကြိုးများကို ၂၀၀၄ ခုနှစ်အတွင်းက ဗိုလ်ချုပ် ရဲမြင့်ကိုယ်တိုင်လာရောက်၍ ကျေးရွာ သဘာဝဇီဝ လျှပ်စစ်မီးလင်းရေးအတွက် တပ်ဆင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသားက ဆက်ပြောသည်။

“၂၀၀၈၊ ၂၀၀၉ မှာ ရွာထဲမှာ တပ်ဆင်ထားတဲ့ မီးတွေကို ဖြုတ်ပြီး တအိမ်ထောင်ကို ဖန်ချောင်းတချောင်း ၂၀၀၀၊ တီဗွီတလုံး ၆,၀၀၀၊ ဗွီဒီယိုတလုံး၂၄,၀၀၀ နဲ့ ဘုရားလှူထားတဲ့ ထရပ်စဖာနေပြီးတော့ ဆင့်ပွားမီး ပေးခဲ့တာ၊ အဲဒီ ကိစ္စကို ရွာကတိုင်တယ်၊ ဇွန် ၂၈ ရက်နေ့မှာ မီးဆင့်ပွားပေးတာကို ရပ်ဆိုင်းဖို့ မြို့နယ်က အကြောင်းကြားတော့ ဇူလိုင် ၁၅ ရက်နေ့မှာ ဦးကောသံလ္လဦးဆောင်ပြီး သူ့ဒကာတွေ၊ ကိုရင်တွေနဲ့ ကျေးရွာအတွင်း သွယ်တန်းထားတဲ့ မီးကြိုး၊ မီးတိုင်၊ မီးချောင်းတွေကို ဖြုတ်ပြီး ကျောင်းမှာ သိမ်းထားလိုက်တယ်၊ ၁၆ ရက်နေ့ကြတော့ ကျေးရွာ လူထုနဲ့ ရုတ်ရုတ်သဲသဲတွေဖြစ်သွားတယ်” ဟု ဒေသခံရွာသားက ပြောသည်။

ယင်းကဲ့သို့ အချင်းများသည့်အတွက် မြို့နယ် ပြည်ခိုင်ဖြိုးအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် လာရောက်၍ ဖြုတ်ယူထားသည့် မီးကြိုးများပြန်ပေးရန်လျှောက်ထားရာ ဘုန်းကြီးက ငြင်းဆန်ခဲ့သည့်အတွက် မယက ဥက္ကဌကို တင်ပြရာ ဘုန်းကြီးက ငွေပေးလိုက်သဖြင့် အမှုကိုအရေးယူခြင်းမရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ ဒေသဆိုင်ရာ အာဏာပိုင်များနှင့်ပေါင်း၍ ကိုယ်ကျိုးရှာနေမှု၊ ဥပမဲ့လုပ်ရပ်များကို အရေးယူဆောင်ရွက်ရန် ဒေသခံများအနေဖြင့် အထက်အာဏာပိုင်များထက် ဆက်လက်တင်ပြသွားမည်ဟု ဆက်လက်ပြောသည်။