ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 9, 2009

နိုင်ငံရေးအကျဉ်းသူအတွက် ဆေးစာ အရောက်နောက်ကျ၍ ဆေးပို့ခွင့်မရ

ဖြိုးကြီး
မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ မလှလှမော်အတွက် ဆေးစာ အရောက်နောက်ကျသဖြင့် ထောင်ဝင်စာတွေ့စဉ် ဆေးဝါးများ ပေးခွင့်မရခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။

မလှလှမော်အတွက် ဆေးစာကို စာတိုက်မှ ပို့လိုက်သည်မှာ ၁ လကျော်ပြီဖြစ်သော်လည်း မိသားစုထံ မရောက်သေးသဖြင့် မည်သည့်ဆေးဝါးများ ဝယ်သွားရမည်ကို မသိဘဲဖြစ်နေရသည်ဟု ပြောသည်။

“ကျနော်တို့က ၂ လတကြိမ် ထောင်ဝင်စာသွားတွေ့တာဆိုတော့ အခုကျနော်တို့ မလာခင်မှာ ဆေးစာကို စာတိုက်က ပို့လိုက်တာ တလလောက်ရှိပြီ ပြောတယ်။ အခုထိ ကျနော်တို့ဆီမရောက်လာတော့ ထောင်ဝင်စာ သွားတွေ့တော့ ဆေးတွေ မဝယ်သွားဖြစ်ဘူး။ ဆေးစာရမှ ဆေးဝယ်သွားပေးလို့ရမှာ။ သူနဲ့ပတ်သက်တဲ့ ဆေး ဘာတခုမှ မပါသွားဘူး” ဟု မိသားစုဝင်တဦးက ပြောသည်။

မလှလှမော်သည် သွေးပေါင်ကျရောဂါခံစားနေရပြီး ယခင်ထောင်မကျခင်ကတည်းက ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။

အကျဉ်းထောင်တွင်း ဆေးရုံအခြေအနေနှင့်ပတ်သက်၍ “ထောင်ဆေးရုံက ဆေးကုသတယ်ဆိုတာကတော့ ဘယ်လိုပဲ ကုသကုသ ကျနော်ကိုယ်တိုင်လည်း ထောင်ဆေးရုံ တက်ခဲ့ဖူးတာပဲ။ ဆေးပတ်လည်အောင် ဆေးသုံးပြားတောင်းတာတောင် မရခဲ့ဘူး။ အပြင်က မိသားစုတွေကပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှာဖွေဝယ်ပေးနေရတာ” ဟု ပြောသည်။

ထို့အပြင် မလှလှမော်၏ အမျိုးသားမှာလည်း အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျနေလျက်ရှိပြီး ခုနှစ်နှစ်အရွယ် သမီးဖြစ်သူကို ဆွေးမျိုးများက စောင့်ရှောက်ထားရသည်ဟု ပြောသည်။

“အပြင်မှာ ကလေးတယောက်တည်းပဲ ကျန်နေခဲ့တာ။ လင်မယားနှစ်ယောက်စလုံး ထောင်ကျနေတာ။ ကလေးက ဒုက္ခရောက်နေတာပေါ့။ သူ့အမေကို ထောင်ဝင်စာသွားတွေတော့ အမေဖြစ်သူက မကြာခင် ပြန်လာမယ်ဆိုပြီး ကလေးစိတ်ချမ်းသာအောင် ပြောတော့ နောက်တနေ့ အဖေကို ထောင်ဝင်စာသွားထပ်တွေတော့ ကလေးက ပြောပြီး ငိုတာပေါ့” ဟု ပြောသည်။

မလှလှမော်ကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့တွင် စစ်အစိုးရအာဏာပိုင်များက ပုဒ်မ ၅၀၅(ခ)၊ ၁၄၇၊ ၁၄၃၊ ၃၅၃ တို့ဖြင့် ထောင်ဒဏ်စုစုပေါင်း ကိုးနှစ်ခွဲချမှတ်၍ မြင်းခြံအကျဉ်းထောင်တွင် ထားရှိသည်။

No comments:

Post a Comment