ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 8, 2010

ရေပြတ်လပ်မှုနောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွား

ရိုးမ ၃ 

ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းမှာ အပူချိန်မြှင့်တက်ပြီး သောက်သုံးရေးပြတ်လပ်တာကြောင့် ဒေသခံပြည်သူတွေ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်နေသည်။

ဒီကနေ့မှာ ဝေါဆေးရုံမှာ ဝမ်းပျက်ဝမ်းလျောသည့် လူကြီးနှင့် ကလေးငယ်စုစုပေါင်း လူနာ (၅ဝ)နီးပါ ရှိနေပြီဖြစ်ကြောင်း ဒေသခံက “သောက်သုံးရေမသန့်တာကနေ စဖြစ်တာခင်ဗျ၊ အပူရှိန်များပြီး ဝေါမြို့နယ်ထဲက ကျေးရွာတွေမှာ ကန်ရေတွေခမ်းတယ်၊ လက်နှိပ်တွင်းတွေကလည်း ဆားငံရည်ပါတော့ သုံးလို့မရဘူး။ ရေကောင်းကောင်း မသုံးရတာကနေ ခုဝမ်းပျက်ဝမ်းလျောဖြစ်လို့ ဝေါဆေးရုံမှာ တက်နေတဲ့သူ လေးဆယ်ကျော် ငါးဆယ်နီးပါး လောက်ရှိတယ်” ဟုပြောသည်။

May 6, 2010

ရက်ပေါင်း (၆၀) အတွင်း NLD ပါတီ ရပ်တည်ချက်ကို စစ်အစိုးရ အာဏာပိုင်များ ဖိအားပေး

ရိုးမ ၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်က NLD ပါတီဆိုင်းဘုတ်နဲ့ အလံကို ကိုယ်တိုင်ဖြုတ်ချမှာ မဟုတ်ဘူးလို့ ဧပြီလ (၂၆)ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးကနေ ထုတ်ပြန်ပြောဆိုထားသည့်အတိုင်း NLD ဗဟိုရုံးရှိ ပါတီဆိုင်းဘုတ်နှင့် အလံကို ဒီကနေ့ ရက်ပေါင်း (၆၀)ပြည့်သည့်နေ့အထိ ဖြုတ်ချခြင်းမရှိဘဲ NLD ဒုဥက္ကဌဦးတင်ဦးအပါအဝင် အဖွဲ့ချုပ်အဖွဲ့ဝင် အင်အားတော်တော်များများဟာ ဒီကနေ့ မေလ (၆) ရက်နေ့တွင် ရုံးတက်ခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၂၅) တွင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် လက်ရှိတရားဝင်ပါတီများအနေနှင့် ရက်ပေါင်း (၆၀)အတွင်း ပါတီအဖြစ် ထပ်မံမှတ်ပုံမတင်ပါက အလိုအလျှောက် ပါတီအဖြစ်က ပျက်ပြယ်ပြီးဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို စစ်အစိုးရက မတ်လအတွင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်သည် ယနေ့ မေလ (၆)ရက်နေ့တွင် ရက်ပေါင်း (၆၀)ပြည့်ပြီဖြစ်သည်။

သိန်းစိုးကော်မရှင်၏ ဗြောင်ကျသော ညစ်ပတ်မှုတစ်ခု

တူမောင်ညို

မေလ (၅) ရက်နေ့သတင်းစာတွင်ဖေါ်ပြချက်အရ -

မေလ (၅) ရက်အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ စုစုပေါင်း (၃၀) ရှိသည့်အနက် (၂၄) ဖွဲ့ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

သို့ပါ၍ စိစစ်နေဆဲ အဖွဲ့ (၆) ဖွဲ့ ကျန်ရှိနေပါသည်။ ယင်းအဖွဲ့များမှာ -
၁။ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (၅ ဧပြီ)
၂။ ရှမ်းပြည်နယ်မြောက်ပိုင်းတိုးတက်ရေးပါတီ (Northern Shan State Progressive Party) (၂၃ ဧပြီ)
၃။ ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) United Democracy Party (Kachin State) (၃၀ ဧပြီ)
၎။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) (၃ မေ)
၅။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ( ၄ မေ )
၆။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ( ၄ မေ)