ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 6, 2010

ရက်ပေါင်း (၆၀) အတွင်း NLD ပါတီ ရပ်တည်ချက်ကို စစ်အစိုးရ အာဏာပိုင်များ ဖိအားပေး

ရိုးမ ၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်က NLD ပါတီဆိုင်းဘုတ်နဲ့ အလံကို ကိုယ်တိုင်ဖြုတ်ချမှာ မဟုတ်ဘူးလို့ ဧပြီလ (၂၆)ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးကနေ ထုတ်ပြန်ပြောဆိုထားသည့်အတိုင်း NLD ဗဟိုရုံးရှိ ပါတီဆိုင်းဘုတ်နှင့် အလံကို ဒီကနေ့ ရက်ပေါင်း (၆၀)ပြည့်သည့်နေ့အထိ ဖြုတ်ချခြင်းမရှိဘဲ NLD ဒုဥက္ကဌဦးတင်ဦးအပါအဝင် အဖွဲ့ချုပ်အဖွဲ့ဝင် အင်အားတော်တော်များများဟာ ဒီကနေ့ မေလ (၆) ရက်နေ့တွင် ရုံးတက်ခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၂၅) တွင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် လက်ရှိတရားဝင်ပါတီများအနေနှင့် ရက်ပေါင်း (၆၀)အတွင်း ပါတီအဖြစ် ထပ်မံမှတ်ပုံမတင်ပါက အလိုအလျှောက် ပါတီအဖြစ်က ပျက်ပြယ်ပြီးဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို စစ်အစိုးရက မတ်လအတွင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်သည် ယနေ့ မေလ (၆)ရက်နေ့တွင် ရက်ပေါင်း (၆၀)ပြည့်ပြီဖြစ်သည်။


ထိုရက်ပေါင်း (၆၀)ပြည့်သည့်ရက်တွင် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တွင်းက သရက်ချောင်းမြို့နယ်၊ လောင်းလုံမြို့နယ်၊ ရေဖြူမြို့နယ်နှင့် ပုလောမြို့နယ်ရှိ NLD ရုံးများမှ ပါတီဆိုင်းဘုတ်များကို ဒေသအာဏာပိုင်းများက NLD ရုံးငှားဖွင့်ထားသည့် အိမ်ရှင်များကို ဖိအားပေးပြီး ယနေ့ ဆိုင်းဘုတ်တွေ ဖြုတ်ပေးလိုက်ရကြောင်း NLD အဖွဲ့ဝင်များက ပြောသည်။

တနင်္သာရီတိုင်း (၁၀) မြို့နယ်ထဲမှ မြို့နယ်အချို့ရှိ ပါတီဆိုင်းဘုတ်နှင့်အလံများ ဖြုတ်လိုက်ရသော်လည်း (၁၀) မြို့နယ်ရှိ ပါတီဝင်များအနေဖြင့် ရှေ့ဆက်လုပ်ငန်းစဉ်များ လုပ်ကိုင်ရာတွင် အဖွဲ့ချုပ်ဗဟို ညွှန်ကြားချက်ဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်းလည်း ဒေသခံ NLD ပါတီဝင်များက ပြောသည်။

ယနေ့တွင် မန္တလေးတိုင်းအတွင်းရှိ မတ္တရာမြို့နယ် NLD ဥက္ကဌ ဦးခင်မောင်သန်းနေအိမ်တွင် ချိတ်ထားသည့် ပါတီဆိုင်းဘုတ်ကို ပါတီဝင်များ စုံညီအစည်းအဝေးလုပ်ပြီး ဒီကနေ့မနက်ပိုင်းက NLD ပါတီဝင်များကိုယ်တိုင် ပါတီဆိုင်းဘုတ်ကို ဖြုတ်ချခဲ့သည်။

NLD ပါတီဆိုင်းဘုတ်နှင့်အလံကို ဖြုတ်မချသည့် မန္တလေးတိုင်း အရှေ့မြောက်မြို့နယ် အရှေ့တောင်မြို့နယ်၊ အနောက်တောင်မြို့နယ်နှင့် ပုသိမ်းကြီးစသည့် မြို့နယ်များရှိ NLD ရုံးများကို အခုချိန်ထိ နအဖ စစ်အစိုးရဘက်မှ တစုံတရာ နှောင့်ယှက်မှုမရှိသေးကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်လလောက်က နအဖစစ်အစိုးရထုတ်ပြန်သည့် ရွေးကောက်ပွဲ ဥပဒေကြောင့် မြန်မာနိုင်ငံအတွင်းရှိ NLD ပါတီ ဆိုင်းဘုတ်မှာ ကိုယ့်သဘောဖြင့် ဖြုတ်ချသည့် မြို့နယ်များရှိသလို ပါတီဆိုင်းဘုတ်မဖြုတ်သည့် မြို့နယ်အများအပြားရှိနေသည်။