ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 8, 2010

ရေပြတ်လပ်မှုနောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွား

ရိုးမ ၃ 

ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းမှာ အပူချိန်မြှင့်တက်ပြီး သောက်သုံးရေးပြတ်လပ်တာကြောင့် ဒေသခံပြည်သူတွေ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်နေသည်။

ဒီကနေ့မှာ ဝေါဆေးရုံမှာ ဝမ်းပျက်ဝမ်းလျောသည့် လူကြီးနှင့် ကလေးငယ်စုစုပေါင်း လူနာ (၅ဝ)နီးပါ ရှိနေပြီဖြစ်ကြောင်း ဒေသခံက “သောက်သုံးရေမသန့်တာကနေ စဖြစ်တာခင်ဗျ၊ အပူရှိန်များပြီး ဝေါမြို့နယ်ထဲက ကျေးရွာတွေမှာ ကန်ရေတွေခမ်းတယ်၊ လက်နှိပ်တွင်းတွေကလည်း ဆားငံရည်ပါတော့ သုံးလို့မရဘူး။ ရေကောင်းကောင်း မသုံးရတာကနေ ခုဝမ်းပျက်ဝမ်းလျောဖြစ်လို့ ဝေါဆေးရုံမှာ တက်နေတဲ့သူ လေးဆယ်ကျော် ငါးဆယ်နီးပါး လောက်ရှိတယ်” ဟုပြောသည်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းမှ  စလုတ်၊ ဗိုလ်ကတော်၊ ကတွတ်၊ အိုဖိုစု၊ ကျုံတင်၊ ကော့ဝင်း စတဲ့ကျေးရွာတွေအပြင် သနပ္ပင်မြို့နယ်အတွင်းက မင်းရွာ၊ ကျောင်းစုကျေးရွာ၊ ကဘောက်ကန်၊ တောင်စွန်း စသည့်ကျေးရွာများသည် သောက်သုံးရေပြတ်လပ်မှုရင်ဆိုင်နေပြီး အဆိုပါကျေးရွာများမှ ဝမ်းပျက်ဝမ်းလျောဖြစ်သည့်လူနာများလည်း ပဲခူးဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ရေပြတ်လပ်နေသည့် ကျေးရွာများသို့ ပဲခူးမြို့မှာ ရေအကူအညီပေးသည့်ပုဂ္ဂလိက အဖွဲ့ငယ်တဖွဲ့မှ သောက်ရေပေးဝေနေပြီး သုံးရေအတွက် ရေမပေးနိုင်ကြောင်းနှင့် ထိုအဖွဲ့က သောက်ရေပေးဝေတာ (၇)ရက်ရှိပြီဖြစ်သော်လည်း သက်ဆိုင်ရာတာဝန်ရှိ အာဏာပိုင်များက ကူညီဖြေရှင်းပေးတာမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာ (၂၅) ရွာလောက်သာ ရေအကူအညီပေးရေးအဖွဲ့က နေ့စဉ်ပေးဝေနိုင်ပြီး ရေကားများဖြင့်ပေးဝေရန် လက်လှမ်းမမှီသည့် ကျေးရွာများလည်းရှိနေရာ ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် သနပ္ပင်မြို့နယ်အတွင်းက ကျေးရွာပေါင်း (၆ဝ) ကျော် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။