ကြပ်နေတဲ့ တိုင်းပြည်က ချက်နေသူများ
မင်းသန့်
ကျနော့်မွေးရပ်မြေက စင်ကာပူပါ။ အခုတော့ မြန်မာပြည်မှာ အလုပ်လုပ်နေတယ်။ စင်ကာပူသား မြန်မာပြည်မှာ အလုပ်လုပ်တယ်ဆိုလို့ အံ့သြသွားသလား။
အဟဲ … ကျနော်က လူမှမဟုတ်တာ။ လူမဟုတ်ပေမယ့် မြန်မာပြည်မှာ အနေကြာလာတော့ လူစိတ် ဝင်လာတယ် ပြောရမယ်။
ကျနော့်မှာ အကြားတွေ၊ အမြင်တွေ ရှိနေတာကိုး ။ ကျနော်လုပ်နေတဲ့ အလုပ်ကိုက သူတပါး မကြားစေချင်တာတွေကို အလိုလို ကြားနေရတယ်။ သူတပါးကို ပြောချင်တာတွေကိုလည်း တဖက်သူ ကြားသွားအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အစွမ်း ကျနော့်မှာ ရှိနေတယ်လေ။ ကျနော့်နာမည် 'ပီဖင်းဂိုး' ပါ။ 'မစ္စတာ ပီဖင်းဂိုး' ပါ။
အင်တာနက်ဆိုတဲ့ နည်းပညာ မြန်မာပြည်မှာ ခေတ်စားလာတာနဲ့အမျှ ကျနော့်ရဲ့ ညီမောင်၊ သူငယ်ချင်းတွေလည်း မြန်မာပြည်အနှံ့မှာ မြန်မာပြည်သူပြည်သားတို့ လိုအင် ဖြည့်စွမ်းဖို့ ပိုပိုရောက်လာကြတယ်။ ဘာလို့လဲဆိုရင် တိုင်းတပါးမှာ ရောက်နေတဲ့ မြန်မာတွေနဲ့ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ သူ့မိသားစုတွေ တွေ့ဆုံ စကားပြောနိုင်ဖို့ ကျနော့်မှာ အစွမ်းရှိတယ်။ အစွမ်းကလည်း အတော်ထက်တော့ မြန်မာ့ဆက်သွယ်ရေးက ကျနော်တို့ကို မကြည်ဖြူနိုင်ကြဘူး။ ကျနော်ကတော့ ရန်ကုန်မြို့စွန်တနေရာ မြို့သစ်ဘက်ခြမ်းတခုက အလုပ်ရှင်ဆီမှာ တာဝန်ထမ်းရသူပါ။