ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Feb 27, 2009

မဲဆောက်တွင် ဖမ်းဆီးမှုများ ဆက်လက်ရှိနေဆဲ

ဖြိုးကြီး။ ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉

ထိုင်းအစိုးရ အာဏာပိုင်များက မဲဆောက်မြို့တွင် တရားမဝင် မြန်မာနိုင်ငံမှ ရောက်ရှိနေသည့် အလုပ်သမားများကို ဖမ်းဆီးနေလျှက်ရှိပြီး မြန်မာဘက်ကမ်းသို့ ပြန်လည်ပို့ဆောင်နေလျှက်ရှိသည်။

ယခုလ (၂၄) ရက်နေ့မှ စတင်ကာ ဖမ်းဆီးနေခြင်းဖြစ်ပြီး တနေ့လျှင် မြန်မာအလုပ်သမား ၆၀၀ ကျော် ဖမ်းဆီးခံနေရသည့်အပြင် အလုပ်သမားများနေထိုင်ရာ နေအိမ်တန်းလျားများကိုပါ ဝင်ရောက်စစ်ဆေး၍ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ယင်းကဲ့သို့ ဖမ်းဆီးနေခြင်းနှင့်ပတ်သက်၍ “အဓိက က မဲဆောက်မြို့ထဲမှာ ရိုဟင်ဂျာ အယောက် ၄၀၀ လောက် ရှိတယ်ဆိုတာ ထိုင်းအာဏာပိုင်တွေက သတင်းရထားတယ်၊ အဲဒါကြောင့် အခုလို ပိုက်စိတ်တိုက်ပြီး ဖမ်းနေတာ၊ သူတို့မသင်္ကာတဲ့ ရပ်ကွက်တွေ၊ အလုပ်သမားတန်းလျားတွေကို ဝင်စစ်ဆေးပြီး ဖမ်းတာ” ဟု ထိုင်းအာဏာပိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ယမန်နေ့အထိ ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားဦးရေ ၂,၀၀၀ ကျော်ရှိနေပြီး ထိုင်းအာဏာပိုင်အဖွဲ့များအနေဖြင့် ၎င်းတို့ကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသည့်သူများကို လက်မှတ်ရေးထိုး စီစစ်မှုများပြုလုပ်၍ မြန်မာဘက်ကမ်းသို့ ချက်ချင်း ပြန်ပို့ခြင်းများရှိပြီး အချို့ကိုလဲ မဲဆောက်အချုပ်ထဲတွင် ထိန်းသိမ်းထားလျှက်ရှိသည်။

ထိုင်းအာဏာပိုင်များနေဖြင့် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် အလုပ်သမားများကို စီမံချက်ချ ဖမ်းဆီးခြင်းကို ယခုလကုန်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထိုင်းဝန်ကြီးချုပ် မစ္စတာ အဖိဆစ်ဝေ့ချာချီဝ က ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် အလုပ်သမားများအရေးကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပြောကြားပြီးနောက်ပိုင်း မဲဆောက်မြို့တွင် ယခုကဲ့သို့ အဖမ်းအဆီးများ ပိုမိုတင်းကြပ်လာခြင်းဖြစ်သည်။

Feb 25, 2009

နိုင်ငံရေးအကျဉ်းသား ပြန်လွတ်လာသည့်အရေအတွက်မှာ (၀.၄) ရာနှုန်းသာရှိသည်ဟု AAPP ပြောဆို

ဗထူး။ ဖေဖော်ဝါရီ ၂၅၊ ၂၀၀၉

ယခုလ (၂၁) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း တနိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားအရေအတွက်၏ (၀.၄) ရာနှုန်းသာရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP) က ယမန်နေ့က ပြောဆိုလိုက်သည်။

စစ်အစိုးရအနေဖြင့် ယခုလ (၂၁) ရက်နေ့တွင် အကျဉ်းသား ၆၃၁၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့ရာ အတည်ပြုချက်အရ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးရှိကြောင်း ယမန်နေ့ထုတ် AAPP ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကျဉ်းသားအချို့ ပြန်လွတ်လာခြင်းနှင့်ပတ်သက်၍ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က "ဒီ မဆိုစလောက်အရေအတွက်ကို လွှတ်ပေးလိုက်တာဟာ နိုင်ငံရေးအရ တိုးတက်လာမယ်လို့ မျှော်လင့်လို့မရပါဘူး၊ နိုင်ငံတကာဖိအားတွေ လျှော့နည်းလာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပြတဲ့ ပြကွက်တခုပါ” ဟု ပြောသည်။

ယခုပြန်လည်လွတ်မြောက်လာသူများတွင် NLD ပါတီမှ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူ ဒေါက်တာဇော်မြင့်မောင်၊ ၂၀၀၃ ခုနှစ်တွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် သံဃာ ၉ ပါး၊ ဗလီဆရာတဦး၊ အလုပ်သမားအခွင့်အရေးအတွက် ရန်ကုန်အခြေစိုက် ILO ရုံးသို့ တိုင်ကြားသည့်အတွက် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံခဲ့ရသူ ဦးသက်ဝေ၊ ၁၉၉၉ ခုနှစ်က (ကိုးလေးလုံး)လှုပ်ရှားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံထားရသူများ ပါဝင်သည်။

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နေသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အပြီး လုံခြုံရေးကောင်စီသို့ ပြန်လည်အစီရင်ခံပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် မစ္စတာဂန်ဘာရီက “နိုင်ငံတကာရဲ့ စိုးရိမ်းမကင်းမှုတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်ရန် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံဆွေးနွေးပွဲ ပြန်လည်စတင်ရန် အချိန်တန်ပြီဟု စစ်အစိုးရကို သူတိုက်တွန်းခဲ့ကြောင်း” ပြောဆိုခဲ့သည်။

ကုလကိုယ်စားလှယ် မြန်မာပြည်ရောက်ရှိစဉ် ယခုလ (၂) ရက်နေ့ကလည်း စိန်းလဲ့ကန်သာဟော်တယ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင်များနှင့် ၁ နာရီ ၁၅ မိနစ်အကြာ တွေ့ဆုံဆွေးနွေးပြီး နောက်တနေ့ NLD ၏ အထူးထုတ်ပြန်ချက်တွင် တောင်းဆိုချက် (၄) ချက်မှ ပထမဦးစားပေးအချက်အဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် မစ္စတာဂန်ဘာရီအား ပြန်လည်ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

“တကယ်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသားများအပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမှသာ ဒီမိုကရေစီတိုးတက်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအလားအလာကို တွေ့ရမှာဖြစ်တယ်” ဟု ကိုတိတ်နိုင်က ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့စာရင်းအရ မြန်မာနိုင်ငံတွင် အကျဉ်းချခံထားရသူ နိုင်ငံရေးအကျဉ်းသား ၂၁၃၇ ဦး ရှိကြောင်း AAPP က ဖော်ပြထားသည်။

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အမှတ်မမှီသည့် ကြံ့ဖွံ့များ တက်ရောက်နေသည့်အတွက် အခြားကျောင်းသားများ မကျေမနပ်ဖြစ်နေ

ဖြိုးကြီး။ ဖေဖော်ဝါရီ ၂၅၊ ၂၀၀၉

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အမှတ်မပြည့်မှီဘဲ တက်ရောက်နေသည့် ကြံ့ဖွံ့အဖွဲ့ဝင်များ ရှိနေသည့်အတွက် အခြားကျောင်းသားကျောင်းသူများက မကျေမနပ်ဖြစ်နေကြသည်။

အဆိုပါတက္ကသိုလ်တွင် အင်္ဂလိပ်၊ ဂျပန်နှင့် တရုတ် မေဂျာများတွင် တက်ရောက်ရန် သတ်မှတ်ထားသည့် အမှတ်စာရင်းမပြည့်မှီဘဲ ကြံ့ဖွံ့အဖွဲ့ဝင်များက တက်ရောက်ခွင့်ရနေသဖြင့် မေဂျာတူ ကျောင်းသားကျောင်းသူများက မကျေနပ်ကြခြင်းဖြစ်သည်။

“ဒီနှစ်ထဲမှာ ကျမတို့ ဂျာမန်မေဂျာက လဝန်းသော်တာက ပထမနှစ် နှစ်ဝက်လောက်မှာ အင်္ဂလိပ်မေဂျာကို ပြောင်းသွားတယ်၊ အဲဒါကို လိုက်စုံစမ်းကြည့်တော့ အမှတ်လဲမမှီဘူး၊ ဒါပေမဲ့ ကြံ့ဖွံ့အဖွဲ့ဝင်ဖြစ်လို့ ပြောင်းလို့ရတာလို့ ပြောတယ်၊ တခြားမေဂျာက ကြံ့ဖွံ့တွေလဲ အင်္ဂလိပ်မေဂျာကို ပြောင်းတာအများကြီးပဲ၊ ကျောင်းသားတွေက အဲဒါကို မကျေနပ်ဖြစ်နေတာ” ဟု ဂျာမန်မေဂျာကျောင်းသူတဦးက ပြောသည်။

ယခုလက်ရှိ အင်္ဂလိပ်မေဂျာတွင် တက်ရောက်နေလျှက်ရှိသည့် ကျောင်းသားကျောင်းသူများမှာ ယင်းကိစ္စနှင့်ပတ်၍ မကျေမနပ်ဖြစ်ပြီး ကျောင်းထွက်သွားကြသူများလည်း ရှိကြောင်း အဆိုပါကျောင်းသူက ဆက်ပြောသည်။

“တချို့ကျောင်းသားတွေ ကျောင်းထွက်သွားကြတာ ရှိတယ်၊ အဲဒီကိစ္စကြောင့်ပဲ၊ သက်ဆိုင်ရာကို တင်ပြတော့လဲ ဘာမှာ ထိထိရောက်ရောက်မလုပ်ဘူး၊ အခုဆို အဲဒီကြံ့ဖွံ့တွေက အင်္ဂလိပ်မေဂျာမှာ အယောက် ၂၀ လောက်ရှိတယ်၊ အမှတ်မှီလို့ တက်နေရတဲ့သူတွေက တော်တော်မကျေနပ်ပေမဲ့ ဘာမှမတတ်နိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

အင်္ဂလိပ်မေဂျာမှ ကျောင်းသားကျောင်းသူများက ပါမောက္ခချုပ် ဦးမျိုးမြင့်ထံသို့ ၎င်းကြံ့ဖွံ့များနှင့် ရောနှော၍ မသင်ကြားလိုကြောင်း တင်ပြသော်လည်း အထက်အမိန့်ကို မလွန်ဆန်နိုင်ကြောင်း ပြောဆိုလိုက်သည်ဟု ပြောသည်။

“ဦးမျိုးမြင့်က စည်းကမ်းအကြောင်း ပါးစပ်က တဖွဖွပြောနေပြီး အခုကိစ္စကိုတင်ပြတော့ အထက်ကအမိန့်ကို လွန်ဆန်လို့မရဘူးလို့ ပြောလိုက်တယ်” ဟု ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ကြံ့ဖွံ့အဖွဲဝင်များကို ယခုကဲ့သို့ ပြည်သူလူထု၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများအကြားတွင် အခွင့်ထူးများပေးထားသည့်အတွက် မကျေနပ်မှုများ နေရာအနှံ့ ဖြစ်ပေါ်နေလျှက်ရှိသည်။

Feb 23, 2009

တရုတ်လုပ်စက်များကြောင့် CNG ဓါတ်ငွေ့ဖြင့်မောင်းနှင်သည့် တက္ကစီသမားများ ဒုက္ခတွေ့

ဗထူး။ ဖေဖော်ဝါရီ ၂၃၊ ၂၀၀၉

CNG ဓါတ်ငွေ့ဆိုင်များတွင် တပ်ဆင်ထားသည့် တရုတ်နိုင်ငံလုပ် စက်များကြောင့် ဓါတ်ငွေ့ဖြည့်ရန် နေ့တဝက်ခန့် တန်းစီစောင့်ဆိုင်းနေရသဖြင့် တက္ကစီမောင်းနှင်သူများ အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်။

စစ်အစိုးရ၏ CNG ဓါတ်ငွေ့ဆိုင်များတွင် အသုံးပြုထားသည့် တရုတ်နိုင်ငံလုပ် ဓါတ်ငွေ့ဖြည့်ကရိယာများ မကြာခဏ စက်ချို့ယွင်းမှုများဖြစ်သောကြောင့် တက္ကစီမောင်းနှင်သူများမှာ နေ့တဝက်ခန့် တန်းစီစောင့်ဆိုင်းနေရခြင်းကြောင့် ကားပိုင်ရှင်များအား နေ့တွက်ခမပေးနိုင်ကြသည့် ပြဿနာနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

“ဒီလ (၂၀) ရက်နေ့က မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးနားက CNG ဆိုင်မှာ Pump ပျက်လို့ဆိုပြီး နေ့လည် (၂) နာရီကနေ တန်းစီတာ ညနေ (၆) နာရီခွဲမှ ဆိုင်ကပြန်ထွက်ရတယ်၊ Owner ခတောင် မနည်းပြည့်အောင် ဖုတ်ပူမီးတိုက် ရှာရတယ်” ဟု တက္ကစီမောင်းသူတဦးက ပြောသည်။

အဆိုပါနေ့က ဓါတ်ငွေ့ဖြည့်ရန် စောင့်ဆိုင်းနေသည့် ကားတန်းမှာ မင်္ဂလာတောင်ညွန့်မှ စက်ဆန်း(သစ်လုံးကွင်း)ကျော်ထိ ရှည်လျှားပြီး ဓါတ်ငွေ့ဆိုင်များက Pump ပျက်၍့၊ မီးမလာ၍ ဆိုကာ အကြောင်းအမျိုးမျိုးပြသဖြင့် တက္ကစီဆွဲသူများအကြား မကျေနပ်မှုများ ကြီးမားနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

CNG ဆိုင်တဆိုင်မှာ အကျယ်အားဖြင့် ကားအစီး ၄၀ ခန့်ဆန့်ပြီး ဆိုင်တွင် Pump နှစ်ခုထားရှိကာ ဓါတ်ငွေ့ ဖြည့်ပိုက် ၄ ခု တပ်ဆင်ထားကြောင်း သိရသည်။

“ကျနော်တို့ ကားသမားတွေအခေါ်ကတော့ လေးပေါက်ပေါ့ဗျာ၊ Pump နှစ်ခုရှိတာ တခုပျက်တယ်ဆိုတော့ မနက် (၆) နာရီကနေ ည(၆) နာရီထိပဲ တက္ကစီဆွဲစားနေရတာ ဘယ်လိုလုပ် စီးပွားရှာရတော့မလဲ၊ တရုတ်ကလုပ်တဲ့ စက်အစုပ်တွေပဲသုံးနေတော့ ဒုက္ခရောက်ကြရတာပဲ” ဟု အဆိုပါတက္ကစီမောင်းသမားက ပြောသည်။

စစ်အစိုးရက တက္ကစီကားများနှင့် လိုင်းကားများအား CNG သဘာဝဓါတ်ငွေ့ ပြောင်းလဲအသုံးပြုရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်နှင့် အခြားမြို့ကြီးများမှ ကားများမှာ CNG ဓါတ်ငွေ့သုံးစနစ်ကို ပြောင်းလဲခဲ့ကြသည်။

“ဓါတ်ငွေ့စပေါ်တုန်းကတော့ လူတွေက ကိုက်တယ်ဆိုပြီး ပြောင်းသုံးကြတာ၊ (၇၀၀၀) အိုးတအိုးကိုမှ ၇၀၀ ကျပ်၊ အခု တအိုးကို ၂၅၀၀ ကျပ်ဖြစ်သွားပြီ၊ CNG ပြောင်းလဲသုံးရော ဈေးက တက်တယ်၊ ဒီကြားထဲ တက္ကစီကားတိုင်း မီတာ အတင်းအကျပ်တပ်ခိုင်းတယ်၊ ဒီမီတာဆိုတာကလည်း တက္ကစီကားသမားတွေအတွက် မကိုက်ဘူး၊ နားလည်မှုနဲ့ ညှိယူနေရတယ်” ဟု တက္ကစီကားသမားနောက်တဦးက ပြောသည်။

စစ်အစိုးရအနေဖြင့် ကမ်းလွန်သဘာဝဓါတ်ငွေ့ မြောက်များစွာကို အခြားနိုင်ငံများသို့ နှစ်စဉ်တင်ပို့မှုကြောင့် ဝင်ငွေမြောက်များစွာရရှိနေသော်လည်း နိုင်ငံအတွင်း ဓါတ်ငွေ့ပြန်လည်ဖြန့်ဖြူးမှုမှာ လွန်စွာနည်းပါးနေသေးသည်။

“ဘီလီယံနဲ့ချီပြီး ဝင်ငွေတွေရနေတာတောင် ဓါတ်ငွေ့ဆိုင်ပြန်ဆောက်တော့ တရုတ်လုပ်စက်အစုပ်တွေကြောင့် ခဏခဏ ပျက်နေရတာပေါ့၊ တက္ကစီသမားတွေကြားထဲမှာတော့ တရုတ်အားကို ဘာညာပေါ့ဗျာ၊ ပြောနေကြတာ မိုးကိုမွှန်နေတာပဲ” ဟု ပြောဆိုသွားခဲ့သည်။

'The Voice' ဂျာနယ်၏ဖော်ပြချက်အရ ရန်ကုန်မြို့တမြို့တည်းတွင် CNG သဘာဝဓါတ်ငွေ့သုံး အငှားယာဉ် ၁၂,၀၇၂ စီးရှိသည်။ ယခုအခါ ဓါတ်ဆီဈေးနှုန်းမှာလည်း ဒီဇယ်ဆီဈေးနှုန်းထက် ကျပ်ငွေ ၁၄၀၀ ခန့် မြင့်တက်သွား၍ ယခု ဓါတ်ဆီတဂါလံ ကျပ်ငွေ ၃၀၀၀ ဖြစ်ပြီး ဒီဇယ်တဂါလံမှာ ၁၈၀၀ ကျပ်ဖြစ်သည်ဟု အဆိုပါဂျာနယ်တွင် ဖော်ပြထားသည်။