ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 16, 2009

လူမှုအကြပ်တည်းမျိုစုံကြောင့် ရာဇဝတ်မှုများပြား

ရိုးမ ၃

နာဂစ်မုန်တိုင်းသင့်ဒေသတွင် စားဝတ်နေရေး လူမှုအကြပ်အတည်းများကြောင့် ရာဇဝတ်မှုများ ဆက်တိုက် ဖြစ်ပွားနေလျက်ရှိသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံများအနေဖြင့် အလုပ်ကိုင်မရှိသည့် ပြဿနာ ကြီးမားနေပြီး ဓါးပြမှု၊ ဖောက်ထွင်းမှု၊ ခိုးမှုများ ဖြစ်ပွားနေလျက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။

“စားဝတ်နေရေး တော်တော်ကို အဆင်မပြေဖြစ်နေတာ။ ဓါးပြမှုတွေ၊ ဖောက်ထွင်းမှုတွေ၊ ခိုးမှုတွေက တော်တော် ကြီးကြီးမားမားကို ဖြစ်နေပြီ။ စက်စု၊ ကြိမ်ချောင်းကြီးနဲ့ အမာဒိုင်နယ်အပိုင်တွေမှာ ဖြစ်နေတာ။ စက်စုအပိုင်ထဲက ရွာမှာ ဓါးပြတိုက်သွားတာ အခုထိ မမိသေးဘူး။ ဒညင်းတောင်မှာလည်း ဓါးပြတိုက်တယ်။ ဖောက်ထွင်းမှုတွေကတော့ သုံးလေးခုလောက်ဖြစ်နေပြီ” ဟု ပြောသည်။

ယခုကဲ့သို့ ဒေသတွင်း အလုပ်ကိုင်ရှားပါးမှုနှင့် စားဝတ်နေရေး အကြပ်အတည်းများကြောင့် အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသူကျောင်းသားများ အနေဖြင့်လည်း ကျောင်းတက်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

“အလုပ်သမားသားသမီးတွေ ကျောင်းသားသုံးယောက်လောက်ရှိရင် တယောက်တနှစ်စီ လှည့်တက်နေရတဲ့အဖြစ် ရောက်နေတာ။ ကျောင်းက မအူပင်မှာ သွားတတ်ရတာ။ အနည်းဆုံး ၂ သိန်းလောက် ကုန်တယ်။ ကျနော်တို့ ရွာတဝိုက်မှာဆိုရင် ကျောင်းသွားတက်ဖို့ အယောက် တရာကျော်ရှိတာ၊ အားလုံးနီးပါး ကျောင်းတက်ဖို့ မလွယ်ဘူးဖြစ်နေတယ်” ဟု ပြောသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ ဒေသခံများမှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရပြီး ယခုအချိန်သည် စပါးရိတ်သိမ်းရန် အချိန်မရောက်သေးသည့် ကာလဖြစ်သောကြောင့် လယ်သမားများ အလုပ်လက်မဲ့များ ဖြစ်နေရခြင်းဖြစ်သည်။

“အလုပ်အကိုင်က ဘယ်လောက်ရှားသလဲဆိုရင် ကျနော်တို့ဒေသမှာ ဘွဲ့ရပြီးရင် အများဆုံးလုပ်ကြတာ မူလတန်းပြကျောင်းဆရာ လုပ်တာလောက်ပဲ ရှိတယ်။ ကျောင်းဆရာမ ဖြစ်ဖို့ကလည်း အနည်းဆုံး မြို့နယ်ပညာရေးမှူးကို ၅ သိန်းကနေ ၇ သိန်းလောက် ပေးရတယ်” ဟု ပြောသည်။

ယခုလက်ရှိ ဒေသတွင်း ဆန်ဈေးမှာ ဆန်ကြမ်းတအိမ်လျှင် ကျပ် ၂၈,၀၀၀ ရှိနေပြီး လယ်သမားများ၊ လက်လုပ်လက်စား အလုပ်သမားများမှာ ဆန်တပြည် ၈၀၀ ကျပ်ဖြင့် ဝယ်ယူစားသုံးနိုင်ခြင်းပင်မရှိကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခက်ပြီးနောက်ပိုင်းမှ စတင်ကာ လယ်သမားများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ယခင်ကဲ့သို့ အင်ပြည့်အားပြည့် လုပ်ကိုင်နိုင်ခြင်းမရှိတော့သည့် အခြေအနေများကြောင့် ဒေသတွင်း စားဝတ်နေရေး အကြပ်အတည်းမျိုးစုံဖြင့် ကြုံတွေ့နေရလျက်ရှိသည်။

Oct 14, 2009

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပိုမိုလုပ်ဆောင်ရမည်ဟု ပါတီခေါင်းဆောင်တဦးက ပြော

ဖြိုးကြီး

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်အတွက် အဓိကကျသည့် ပြည်သူထူထုကို လှုံ့ဆော်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ရန်လိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ပြောသည်။

ယနေ့ကျရောက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၂၁) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ အဓိကက လူထုအပေါ်မှာ တာဝန်ရှိပါတယ်။ နောက်ပြီး လူထုက မန်းဒိတ်ပေးထားတဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ပိုင်ရှင်တွေ ဖြစ်ပါတယ်။ အဲဒီလူထုတွေက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆိုပိုက်ထွေးတဲ့ ပုံစံမျိုး မတွေ့ရပါဘူး။ အဲဒါကြောင့် ဆက်လက် သပိတ်မှောက်သွားရမှာပဲဖြစ်တယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်အတွက် နိုင်ငံရေးအင်အားစုများအနေဖြင့် ပြည်သူလူထုကို ယခုထက်ပိုပြီး စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ပြီး အနိုင်ရပါတီများကိုလည်း ယခင်ထက် ပိုမိုဝန်းရံကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရန်လိုကြောင်း ဦးငွေလင်းက ဆက်ပြောသည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားနှင့်ပတ်သက်၍ “(၂၁)နှစ်တာ ကျနော်တို့ ဖြတ်သန်းမှုအတွင်းမှာ စွန့်လွှတ်စွန့်စား အသက်ပါပေးပြီး ဆောင်ရွက်သွားခဲ့ကြတဲ့ ရဲဘော်တွေ၊ အခုထက်တိုင် ဆောင်ရွက်နေကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချင်တာရယ်၊ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းကို လူထုတွေ၊ မဟာမိတ်အဖွဲ့တွေကို ပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးအပြီးတွင် ကျောင်းသားလူငယ်များ၊ လူတန်းစားအသီးသီးတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးပါတီများထဲတွင် (၉၀)ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် အင်အားအကြီးမားဆုံး ပါတီဖြစ်ကာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် တိုက်ပွဲဝင်နေသည့် ပါတီဖြစ်သည်။

Oct 13, 2009

တပ်မတော်အတွင်း ကြားဖြတ်အစိုးရဖွဲ့ရေး မသိရသေး

ဗထူး

ကြားဖြတ်အစိုးရဖွဲ့ရေး ကိစ္စကို မီဒီယာများတွင် ပြောဆိုနေသည့် သတင်းများ ထွက်ပေါ်နေလျက်ရှိသော်လည်း တပ်မတော်အတွင်း တစုံတရာ မကြားရသေးကြောင်း အရာရှိတဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ရန် အခက်အခဲများစွာ ရှိနေပြီး တပ်မတော်အတွင်း အုပ်ချုပ်ရေးကိစ္စများ ရှုပ်ထွေးနေလျက်ရှိနေသည့် အခြေနေများအပေါ် ၎င်းက သုံးသပ်ပြောဆိုခြင်းဖြစ်သည်။

“ကြားဖြတ်အစိုးရ ဖွဲ့ဖို့ဆိုတာ ကျနော်တို့ဆီမှာ ဘာမှ မကြားရသေးဘူး။ ဘာတွေ ကွာဟနေလဲလို့ တိတိကျကျ မပြောချင်ပေမယ် အုပ်ချုပ်ရေးအပိုင်းမှာ တော်တော်ကို ရှုပ်ထွေးနေတာ” ဟု အဆိုပါအရာရှိက ပြောသည်။

တပ်မတော်အတွင်း တပ်မှူးအဆင့်ထိ အရာရှိအချို့ကို အရပ်ဘက်ပြောင်းရွှေ့ရေးအတွက် ဖိအားပေးလုပ်ဆောင်နေခြင်းများ ရှိသည့်အပြင် ကောလဟာလ သတင်းများလည်း တပြိုင်နက်တည်း ထွက်ပေါ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ဥပမာ ပြောရရင် အကောက်ခွန်လို ဌာနမျိုးကို ပြောင်းချင်တဲ့ အရာရှိ၊ အချို့အဆင့်တွေက သက်ဆိုင်ရာ ဝန်ကြီးတွေကို ပူဇော်ပသနေကြတယ်ပေါ့ဗျာ။ ကျနော်ထင်တာကတော့ တပ်မတော်ထဲမှာ အကြပ်အတည်း ကြီးနေတယ်။ ဘာဖြစ်တယ်ဆိုတာ လောလောဆယ် ခန့်မှန်းရခက်နေတုန်းပဲ” ဟု ဆက်လက်ပြောသည်။

ထို့အပြင် အုပ်ချုပ်ရေးနယ်မြေအတွင်း တပ်အသွင်ပြောင်းများ ဆက်လက်ထားရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းမှုများ ပြုလုပ်နေသည်ဟု ပြောသည်။

တပ်မတော် အင်ဂျင်နီယာတပ်မှ အရာရှိတဦးက “မြန်မြန် ပြောင်းလဲချင်တယ်။ အင်ဂျင်နီယာ တယောက်လိုပဲပြောပြော၊ အရာရှိတယောက်လိုပဲပြောပြော အပြောင်းအလဲဟာ အရေးကြီးတယ်လို့ ကျနော်ထင်တယ်” ဟု ဆက်လက်ပြောဆိုသည်။

စစ်မှုထမ်းဟောင်းညီလာခံသည် ဟန်ပြသာဖြစ်သည်ဟု ပြောဆို

ရိုးမ ၃

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် စစ်မှုထမ်းဟောင်း ညီလာခံသည် စစ်အစိုးရအနေဖြင့် ဟန်ပြ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း စစ်မှုထမ်းဟောင်း(အရာရှိ)တဦးက ပြောသည်။

အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံ အနှံ့အပြားရှိ စစ်မှုထမ်းဟောင်းများကို မြို့နယ်အလိုက် စာရင်းများ ကောက်ယူခိုင်းခြင်းနှင့် သံဃာနှင့် လူထုလှုပ်ရှားမှုများတွင် မပါဝင်ကြရန် ခေါ်ယူသတိပေးခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုလုပ်တဲ့ နိုင်ငံလုံးဆိုင်ရာ စစ်မှုထမ်းဟောင်း ညီလာခံကို အများစုက စိတ်မဝင်စားပါဘူး။ စီနီယာကြီးတွေလည်း စိတ်မဝင်စားကြဘူး။ လက်ရှိ တပ်မတော် စည်းရုံးရေးကော်မတီ တာဝန်ခံ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက အဓိကပဲ။ နောက် နိုင်ငံရေးကိစ္စတွေမှာ မပါဖို့ တပ်ချုပ်က ပြောသွားတယ်” ဟု ပြောသည်

စစ်အစိုးရအနေဖြင့် စစ်မှုထမ်းဟောင်းများ၏ သားသမီးများကို ထောက်ပံ့ပေးနေသည်ဟုဆိုသော်လည်း အနည်းငယ်မျှသာဖြစ်ပြီး အများစုမှာ စားဝတ်နေရေးကြပ်တည်းပြီး လက်ရှိ စစ်ခေါင်းဆောင်များကိုလည်း စိတ်နာနေကြကြောင်း အဆိုပါ အရာရှိက ဆက်ပြောသည်။

“ကျနော်တို့လို့ စစ်မှုထမ်းဟောင်းတချို့ဆိုရင် ခြေပြတ်လက်ပြတ်နဲ့ တောင်းရမ်းစားသောက်နေရတာတွေ ရှိတယ်။ တကယ်တမ်းကျတော့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်သူတွေဖြစ်ပေမယ့် သာမာန်လူတွေလိုပဲ ဆင်းဆင်းရဲရဲ နေနေရတာပါပဲ။ တကယ်တမ်း ကောင်းစားနေတာက စစ်ခေါင်းဆောင်တွေလောက်ပဲ။ တချို့ဆိုရင် ပင်စင်စာအုပ်ကို နှစ်အလိုက် ပေါင်ထားကြရတာ” ဟု ဆက်ပြောသည်။

စစ်အစိုးရအနေဖြင့် တပ်မတော်စည်းရုံးရေးကော်မတီကို ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ထပ်မံတိုးချဲ့ဖွဲ့စည်း၍ ရည်ရွယ်ချက် (၆) ချက်ကို ချမှတ်အကောက်ထည်ဖော်နေလျက် ရှိသည်။

အဆိုပါ ရည်ရွယ်ချက်များမှာ (၁) အင်အားတောင့်တင်းပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော တပ်မတော်ဖြစ်ရန်၊ (၂) အမျိုးသားနိုင်ငံရေး ဦးတည်ချက် သုံးပါးကို သိရှိဆောင်ရွက်ရန်၊ (၃) စွမ်းရည်ထက်မြက်အောင် လေ့ကျင့်ရန်၊ (၄) မိသားစုဝင်များကို အရန်အင်အားစုများအဖြစ် ထိန်းသိမ်းရန်၊ (၅) စည်းကမ်းပြည့်ဝပြီး စနစ်ကျသော ဦးဆောင်မှုပေးရန်နှင့် (၆) ပြည့်သူ့စစ် မဟာဗျူဟာ ကျင့်သုံးရန်တို့ ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ စစ်မှုထမ်းဟောင်း ညီလာခံကို ယခုလ (၉) ရက်နေ့မှ စတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်တခုလျှင် စစ်မှုထမ်းဟောင်း ဥက္ကဌတဦးသာ တက်ရောက်ခွင့်ရသည်။

Oct 11, 2009

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲများ လုပ်ပေးမည်ဟုဆိုခြင်းသည် လိမ်လည်ခြင်းသာဖြစ်

ဖြိုးကြီး

စစ်အစိုးရ ခေါင်းဆောင်များအနေဖြင့် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောဆိုခြင်းသည် ပြည်သူလူထုကို လိမ်လည်လှည့်ဖြား ချွေးသိပ်ပြောဆိုခြင်းသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး ဦးမြင့်စိုးက ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများ ညီလာခံ ဒုတိယနေ့တွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခြေခံဥပဒေအသစ်အရ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲများကို ကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာကျင့်သုံးရန်လိုကြောင်း ပြောကြားခဲ့သည့် မိန့်ခွန်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“စစ်ဗိုလ်ချုပ်တွေ၊ စစ်အာဏာရှင် ခေါင်းဆောင်တွေဟာ ဘာပဲလုပ်လုပ် သူတို့အတွက် တက်လို့ ဆုတ်လို့ရမဲ့ အနေအထားကို ရအောင်ယူထားတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုကိုလည်း ဘယ်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောတာလည်း မရှိဘူး။ သူတို့ ပေါ်လစီအတိုင်းပဲ လုပ်ချင်တာလုပ်တာ” ဟု ပြောသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင် ပြဌာန်းပေးရမည့် ဥပဒေများ အလေးနက်ထား လုပ်ဆောင်ပေးခြင်းမရှိဘဲ လုပ်ချင်သလို လုပ်နေခြင်းသည် အာဏာရှင်များ၏ ထုံးစံတခုပင်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“နမူနာအနေနဲ့ ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲပြီးတော့လည်း လွှတ်တော်အသစ် ဖွဲ့မလား၊ ၄၇ ဖွဲ့စည်းပုံအတိုင်း သွားမလာဆိုပြီး လွှတ်တော်ခေါ်ပြီး ပြောဆိုတာတွေ၊ ဘာတခုမှ တိတိကျကျ ပြဌာန်းလုပ်ဆောင်ပေးခဲ့တာမရှိဘူး။ လုပ်တာနဲ့ ပြောတာ ကိုက်ညီတာ ဘာမှမရှိဘူး” ဟု ဦးမြင့်စိုးက ဆက်လက်ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူလူထုကို ဂရုစိုက်ခြင်းမရှိဘဲ လုပ်ချင်တာ လုပ်နေသည်ကို ၂၀၀၈ ခုနှစ်အတွင်းက နာဂစ်မုန်တိုင်းကြောင့် အသက်ပေါင်း သိန်းချီသေဆုံးခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်ဟု ပြောသည်။

“ထိုင်ဝမ်မှာဆိုရင် လူ ထောင်ဂဏန်းလောက် သေတာနဲ့ အစိုးရတဖွဲ့လုံး ပြုတ်သွားတယ်။ ကျနော်တို့ မြန်မာပြည်မှာ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း သိန်းချီသေသွားတဲ့ အချိန်မှာတောင် စစ်အာဏာရှင်တွေက သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရအောင်လုပ်သွားတယ်ဆိုတာ တော်တော်ကို စက်ဆုတ်ရွံရှာဖွယ် ကောင်းတယ်” ဟု ဆက်လက်ပြောသည်။

ရှမ်းအရှေ့မြောက်ကို ထိုးစစ်ဆင်ရန် နအဖတပ်များ အသင့်ဖြစ်နေ

ဗထူး

စစ်အစိုးရက ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (ဝသဖ) ဒေသကို ထိုးစစ်ဆင်ရန် နယ်မြေဒေသ အတွေ့ကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြင့် ပြင်ဆင်နေလျက်ရှိသည်။

မိုင်းလား၊ ပန်ဆန်းဒေသများကို ထိုးစစ်ဆင်ရန် တမခ (၉၉) နှင့် ရမခ လက်အောက်ခံတပ်များကို စနစ်တကျ ပြင်နေပြီဖြစ်ကြောင်း တပ်မတော်အရာရှိတဦးက ပြောသည်။

“တမခ (၉၉) နဲ့ အရင် အဲဒီဒေသဘက်တွေကို ထိုးစစ်ဆင်ဖူးတဲ့ တပ်တွေပါမယ်။ လောလောဆယ် အဲဒီတပ်တွေကို မွန်းမံ သင်တန်းတွေ လုပ်နေတယ်” ဟု ပြောသည်။

ယင်းစစ်ဆင်ရေးအတွက် မိတ္ထီလာအမြောက်တပ်ရင်းများလည်း အသင့်အနေအထား ပြင်ဆင်ထားပြီး (ဝသဖ) နှင့် ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့များအနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်များ မပယ်ဖျက်ပါက တိုက်ခိုက်ရန် အသင့်ပြင်ဆင်နေခြင်းဖြစ်ကြောင်း အဆိုပါ တပ်မတော်အရာရှိက ဆက်ပြောသည်။

“တရုတ်ရဲ့ နောက်ခံရှိနေတာကိုလည်း သိတယ်။ ဒါကြောင့် လုပ်ရကိုင်တွယ်ရ နည်းနည်းခက်နေတယ်။ တရုတ်နဲ့ ဆက်ဆံရေးက မရှိမဖြစ်လိုအပ်နေတော့ ဘယ်တော့ စစ်ဆင်ရေးစရမယ်ဆိုတာ ကျနော်တို့အနေနဲ့ ခန့်မှန်းရခက်နေတုန်းပဲ။ ဒါပေမဲ့ တပ်တွေအားလုံးကတော့ အသင့်အနေအထားပဲ” ဟု ပြောသည်။

ယခုစစ်ဆင်ရေးတွင် ပါဝင်မည့် အမှတ် (၉၉) တပ်မဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းများမှာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် တိုက်ပွဲများအတွင်း အတွေ့အကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်သည်။

မြန်မာပြည်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအထဲတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် စစ်အင်အား နှစ်သောင်းခွဲမှ သုံးသောင်းအကျော်ထိရှိပြီး လက်နက်ကိုင် ပြည်သူ့စစ်အင်းအား လေးသောင်းခန့်ရှိသည့် အင်အားတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။