ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 16, 2009

လူမှုအကြပ်တည်းမျိုစုံကြောင့် ရာဇဝတ်မှုများပြား

ရိုးမ ၃

နာဂစ်မုန်တိုင်းသင့်ဒေသတွင် စားဝတ်နေရေး လူမှုအကြပ်အတည်းများကြောင့် ရာဇဝတ်မှုများ ဆက်တိုက် ဖြစ်ပွားနေလျက်ရှိသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံများအနေဖြင့် အလုပ်ကိုင်မရှိသည့် ပြဿနာ ကြီးမားနေပြီး ဓါးပြမှု၊ ဖောက်ထွင်းမှု၊ ခိုးမှုများ ဖြစ်ပွားနေလျက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။

“စားဝတ်နေရေး တော်တော်ကို အဆင်မပြေဖြစ်နေတာ။ ဓါးပြမှုတွေ၊ ဖောက်ထွင်းမှုတွေ၊ ခိုးမှုတွေက တော်တော် ကြီးကြီးမားမားကို ဖြစ်နေပြီ။ စက်စု၊ ကြိမ်ချောင်းကြီးနဲ့ အမာဒိုင်နယ်အပိုင်တွေမှာ ဖြစ်နေတာ။ စက်စုအပိုင်ထဲက ရွာမှာ ဓါးပြတိုက်သွားတာ အခုထိ မမိသေးဘူး။ ဒညင်းတောင်မှာလည်း ဓါးပြတိုက်တယ်။ ဖောက်ထွင်းမှုတွေကတော့ သုံးလေးခုလောက်ဖြစ်နေပြီ” ဟု ပြောသည်။

ယခုကဲ့သို့ ဒေသတွင်း အလုပ်ကိုင်ရှားပါးမှုနှင့် စားဝတ်နေရေး အကြပ်အတည်းများကြောင့် အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသူကျောင်းသားများ အနေဖြင့်လည်း ကျောင်းတက်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

“အလုပ်သမားသားသမီးတွေ ကျောင်းသားသုံးယောက်လောက်ရှိရင် တယောက်တနှစ်စီ လှည့်တက်နေရတဲ့အဖြစ် ရောက်နေတာ။ ကျောင်းက မအူပင်မှာ သွားတတ်ရတာ။ အနည်းဆုံး ၂ သိန်းလောက် ကုန်တယ်။ ကျနော်တို့ ရွာတဝိုက်မှာဆိုရင် ကျောင်းသွားတက်ဖို့ အယောက် တရာကျော်ရှိတာ၊ အားလုံးနီးပါး ကျောင်းတက်ဖို့ မလွယ်ဘူးဖြစ်နေတယ်” ဟု ပြောသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ ဒေသခံများမှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရပြီး ယခုအချိန်သည် စပါးရိတ်သိမ်းရန် အချိန်မရောက်သေးသည့် ကာလဖြစ်သောကြောင့် လယ်သမားများ အလုပ်လက်မဲ့များ ဖြစ်နေရခြင်းဖြစ်သည်။

“အလုပ်အကိုင်က ဘယ်လောက်ရှားသလဲဆိုရင် ကျနော်တို့ဒေသမှာ ဘွဲ့ရပြီးရင် အများဆုံးလုပ်ကြတာ မူလတန်းပြကျောင်းဆရာ လုပ်တာလောက်ပဲ ရှိတယ်။ ကျောင်းဆရာမ ဖြစ်ဖို့ကလည်း အနည်းဆုံး မြို့နယ်ပညာရေးမှူးကို ၅ သိန်းကနေ ၇ သိန်းလောက် ပေးရတယ်” ဟု ပြောသည်။

ယခုလက်ရှိ ဒေသတွင်း ဆန်ဈေးမှာ ဆန်ကြမ်းတအိမ်လျှင် ကျပ် ၂၈,၀၀၀ ရှိနေပြီး လယ်သမားများ၊ လက်လုပ်လက်စား အလုပ်သမားများမှာ ဆန်တပြည် ၈၀၀ ကျပ်ဖြင့် ဝယ်ယူစားသုံးနိုင်ခြင်းပင်မရှိကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခက်ပြီးနောက်ပိုင်းမှ စတင်ကာ လယ်သမားများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ယခင်ကဲ့သို့ အင်ပြည့်အားပြည့် လုပ်ကိုင်နိုင်ခြင်းမရှိတော့သည့် အခြေအနေများကြောင့် ဒေသတွင်း စားဝတ်နေရေး အကြပ်အတည်းမျိုးစုံဖြင့် ကြုံတွေ့နေရလျက်ရှိသည်။

No comments:

Post a Comment