ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 13, 2009

စစ်မှုထမ်းဟောင်းညီလာခံသည် ဟန်ပြသာဖြစ်သည်ဟု ပြောဆို

ရိုးမ ၃

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် စစ်မှုထမ်းဟောင်း ညီလာခံသည် စစ်အစိုးရအနေဖြင့် ဟန်ပြ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း စစ်မှုထမ်းဟောင်း(အရာရှိ)တဦးက ပြောသည်။

အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံ အနှံ့အပြားရှိ စစ်မှုထမ်းဟောင်းများကို မြို့နယ်အလိုက် စာရင်းများ ကောက်ယူခိုင်းခြင်းနှင့် သံဃာနှင့် လူထုလှုပ်ရှားမှုများတွင် မပါဝင်ကြရန် ခေါ်ယူသတိပေးခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုလုပ်တဲ့ နိုင်ငံလုံးဆိုင်ရာ စစ်မှုထမ်းဟောင်း ညီလာခံကို အများစုက စိတ်မဝင်စားပါဘူး။ စီနီယာကြီးတွေလည်း စိတ်မဝင်စားကြဘူး။ လက်ရှိ တပ်မတော် စည်းရုံးရေးကော်မတီ တာဝန်ခံ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက အဓိကပဲ။ နောက် နိုင်ငံရေးကိစ္စတွေမှာ မပါဖို့ တပ်ချုပ်က ပြောသွားတယ်” ဟု ပြောသည်

စစ်အစိုးရအနေဖြင့် စစ်မှုထမ်းဟောင်းများ၏ သားသမီးများကို ထောက်ပံ့ပေးနေသည်ဟုဆိုသော်လည်း အနည်းငယ်မျှသာဖြစ်ပြီး အများစုမှာ စားဝတ်နေရေးကြပ်တည်းပြီး လက်ရှိ စစ်ခေါင်းဆောင်များကိုလည်း စိတ်နာနေကြကြောင်း အဆိုပါ အရာရှိက ဆက်ပြောသည်။

“ကျနော်တို့လို့ စစ်မှုထမ်းဟောင်းတချို့ဆိုရင် ခြေပြတ်လက်ပြတ်နဲ့ တောင်းရမ်းစားသောက်နေရတာတွေ ရှိတယ်။ တကယ်တမ်းကျတော့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်သူတွေဖြစ်ပေမယ့် သာမာန်လူတွေလိုပဲ ဆင်းဆင်းရဲရဲ နေနေရတာပါပဲ။ တကယ်တမ်း ကောင်းစားနေတာက စစ်ခေါင်းဆောင်တွေလောက်ပဲ။ တချို့ဆိုရင် ပင်စင်စာအုပ်ကို နှစ်အလိုက် ပေါင်ထားကြရတာ” ဟု ဆက်ပြောသည်။

စစ်အစိုးရအနေဖြင့် တပ်မတော်စည်းရုံးရေးကော်မတီကို ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ထပ်မံတိုးချဲ့ဖွဲ့စည်း၍ ရည်ရွယ်ချက် (၆) ချက်ကို ချမှတ်အကောက်ထည်ဖော်နေလျက် ရှိသည်။

အဆိုပါ ရည်ရွယ်ချက်များမှာ (၁) အင်အားတောင့်တင်းပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော တပ်မတော်ဖြစ်ရန်၊ (၂) အမျိုးသားနိုင်ငံရေး ဦးတည်ချက် သုံးပါးကို သိရှိဆောင်ရွက်ရန်၊ (၃) စွမ်းရည်ထက်မြက်အောင် လေ့ကျင့်ရန်၊ (၄) မိသားစုဝင်များကို အရန်အင်အားစုများအဖြစ် ထိန်းသိမ်းရန်၊ (၅) စည်းကမ်းပြည့်ဝပြီး စနစ်ကျသော ဦးဆောင်မှုပေးရန်နှင့် (၆) ပြည့်သူ့စစ် မဟာဗျူဟာ ကျင့်သုံးရန်တို့ ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ စစ်မှုထမ်းဟောင်း ညီလာခံကို ယခုလ (၉) ရက်နေ့မှ စတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်တခုလျှင် စစ်မှုထမ်းဟောင်း ဥက္ကဌတဦးသာ တက်ရောက်ခွင့်ရသည်။

No comments:

Post a Comment