ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Apr 7, 2010

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၂)

စောကျော်ကျော်မင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ကျောင်းသားများ၊ ယုံကြည်ချက်ကြောင့် နိုင်ငံ၏ရေးရာ ကိစ္စရပ်များတွင် တနည်းနည်းဖြင့် ပါဝင်ပတ်သတ်နေသူများသည် ဆောင်းပါးအမှတ်စဉ် (၁၁) တွင် ရေးသားဖေါ်ပြထားသည့် “ဖမ်းဆီးခံရပြီးသည့်နောက်ပိုင်း ၂၄ နာရီ ပြည့်သည့်အချိန်တွင် မိမိအား ဖမ်းဆီးသူတို့က တရားရုံးတရုံးရုံးသို့ တင်ပို့ ရမန်ယူရမည်” ဆိုသည့်အချက်ကို ကောင်းစွာ ဂရုတစိုက် မှတ်သားထားသင့်သည်ဟု ထင်မြင်မိသည်။ အကြောင်းမှာ စစ်အာဏာရှင်၏ အုပ်ချုပ်မှုအောက်တွင် အာဏာရှင်ကို တနည်းနည်းဖြင့် ဆန့်ကျင်နေသူများသည် အချိန်နှင့်အမျှ ဖမ်းဆီးထိန်းသိမ်းခံကြရနိုင်ပေသည်။

ထိုသို့ ဖမ်းဆီးခံလိုက်ရပြီဆိုသည်နှင့်တပြိုင်နက် မိမိလုပ်ဆောင်ခဲ့သည့် အလုပ်များအကြောင်း စဉ်းစားရင်း များစွာ စိုးရိမ်ကြောက်ရွံ့သွားတတ်ကြပါသည်။ သိမ်ငယ်သည့် စိတ်များလည်း ဖြစ်ပေါ်လာတတ်ပါသည်။ ထို့ကြောင့် မိမိ ရသင့်ရထိုက်သည့် အခွင့်အရေးများကို တောင်းဆိုရန် မေ့သွားတတ်ကြသည်။ အထူးသဖြင့် မိမိအား စစ်ကြောမည့် ရဲ ၊ ထောက်လှမ်းရေး စသူတို့နှင့် မျက်နှာချင်းဆိုင်လိုက်ရသည့် အချိန်တွင် စိတ်လှုပ်ရှားမှု လွန်စွာ မြင့်မားလာတတ်ပါသည်။ စိတ်လှုပ်ရှားမှုကြောင့် ဖြေဆိုသည့် အဖြေများထဲတွင် အစွန်းထွက်သည့် အဖြေများ၊ မှားယွင်းသည့်အဖြေများ ပါသွားတတ်ပါသည်။