ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Apr 7, 2010

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၂)

စောကျော်ကျော်မင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ကျောင်းသားများ၊ ယုံကြည်ချက်ကြောင့် နိုင်ငံ၏ရေးရာ ကိစ္စရပ်များတွင် တနည်းနည်းဖြင့် ပါဝင်ပတ်သတ်နေသူများသည် ဆောင်းပါးအမှတ်စဉ် (၁၁) တွင် ရေးသားဖေါ်ပြထားသည့် “ဖမ်းဆီးခံရပြီးသည့်နောက်ပိုင်း ၂၄ နာရီ ပြည့်သည့်အချိန်တွင် မိမိအား ဖမ်းဆီးသူတို့က တရားရုံးတရုံးရုံးသို့ တင်ပို့ ရမန်ယူရမည်” ဆိုသည့်အချက်ကို ကောင်းစွာ ဂရုတစိုက် မှတ်သားထားသင့်သည်ဟု ထင်မြင်မိသည်။ အကြောင်းမှာ စစ်အာဏာရှင်၏ အုပ်ချုပ်မှုအောက်တွင် အာဏာရှင်ကို တနည်းနည်းဖြင့် ဆန့်ကျင်နေသူများသည် အချိန်နှင့်အမျှ ဖမ်းဆီးထိန်းသိမ်းခံကြရနိုင်ပေသည်။

ထိုသို့ ဖမ်းဆီးခံလိုက်ရပြီဆိုသည်နှင့်တပြိုင်နက် မိမိလုပ်ဆောင်ခဲ့သည့် အလုပ်များအကြောင်း စဉ်းစားရင်း များစွာ စိုးရိမ်ကြောက်ရွံ့သွားတတ်ကြပါသည်။ သိမ်ငယ်သည့် စိတ်များလည်း ဖြစ်ပေါ်လာတတ်ပါသည်။ ထို့ကြောင့် မိမိ ရသင့်ရထိုက်သည့် အခွင့်အရေးများကို တောင်းဆိုရန် မေ့သွားတတ်ကြသည်။ အထူးသဖြင့် မိမိအား စစ်ကြောမည့် ရဲ ၊ ထောက်လှမ်းရေး စသူတို့နှင့် မျက်နှာချင်းဆိုင်လိုက်ရသည့် အချိန်တွင် စိတ်လှုပ်ရှားမှု လွန်စွာ မြင့်မားလာတတ်ပါသည်။ စိတ်လှုပ်ရှားမှုကြောင့် ဖြေဆိုသည့် အဖြေများထဲတွင် အစွန်းထွက်သည့် အဖြေများ၊ မှားယွင်းသည့်အဖြေများ ပါသွားတတ်ပါသည်။

ထိုအချိန်တွင် မဖြည်းလွန်း မမြန်လွန်းသော နှုန်းဖြင့် အသက်ကို ဝဝ ရှုသွင်းရှုထုတ် ပြုလုပ်ခြင်းဖြင့် စိတ်တည်ငြိမ်မှု ရရှိရန် ကြိုးစားသင့်ပါသည်။ ထို့အပြင် အဖမ်းအဆီးမခံရခင် အချိန်က မိမိပြုလုပ်ခဲ့သည့် အာဏာရှင်ကို ဆန့်ကျင်သည့် လုပ်ရပ်များကိုလည်း တတ်နိုင်သမျှ မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ကြိုးစားရင်း အခြားတဖက်တွင် “ငါ တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း အလုပ်ကို ဘာတစ်ခုမှ မလုပ်ခဲ့ဘူး” ဆိုသည့် စိတ်ဓာတ်ကို အရမွေးယူခြင်းဖြင့် ကိုယ့်ကိုယ်ကို ရဲဆေးတင်ထားသင့်ပါသည်။ ဖမ်းဆီးခံရ၍ စိတ်ပျက်အားငယ် စိုးရွံ့နေမည့်အစား အထက်ဖေါ်ပြပါအတိုင်း သတိနှင့်ယှဉ်၍ လုပ်ဆောင်ကြည့်မည်ဆိုပါက သုံးလေးမိနစ်အတွင်းတွင် စိတ်တည်ငြိမ်မှု အတန်အသင့် ရရှိလာနိုင်မည်ဖြစ်ပြီး မိမိကိုယ်ကိုလည်း အတန်အသင့် ယုံကြည်မှု ရရှိလာနိုင်မည်ဖြစ်သည်။ ထို့နောက် စစ်ကြောရေးအတွက် အကောင်းဆုံးသော အဖြေများကို သတိနှင့်ယှဉ်၍ ဖြေဆိုလာနိုင်မည်ဖြစ်သည်။

မိမိအား ဖမ်းဆီးချုပ်နှောင်ထားသည့်ကာလ ၂၄ နာရီ တင်းတင်း ပြည့်သည့်အချိန်တွင် “ ကျွန်တော်/ကျွန်မကို ဆက်လက်ဖမ်းဆီးချုပ်နှောင်မည်ဆိုပါက တရားဥပဒေနှင့်အညီ တရားရုံးမှာ ရမန်ယူပေးပါ” ဟူ၍ မပျက်မကွက် တောင်းဆိုသင့်ပါသည်။ မိမိ၏ တောင်းဆိုချက်ကို လိုက်လျောချင်မှ လိုက်လျောမည်မှန်သော်လည်း မိမိ၌ ရှိသည့် အခွင့်အရေး၊ မိမိရသင့်ရထိုက်သည့် အခွင့်အရေးကို မိမိကိုယ်တိုင် တောင်းဆိုရမည်သာဖြစ်သည်။ ထိုသို့ တောင်းဆိုလိုက်သည်နှင့်အမျှ မိမိအား ဖမ်းဆီးထားသူတို့၏ တစုံတရာသော လေးစားမှုပြုခြင်းကို ခံလာရမည်ဖြစ်သည်။

အကယ်၍ ထိုတောင်းဆိုချက်နှင့်အညီ တရားရုံး တရားသူကြီး တဦးဦးရှေ့မှောက်သို့ ပို့ဆောင်မည်ဆိုပါက မိမိသည် ရဲ၏ ဖမ်းဆီးချုပ်နှောင်မှုဆိုခြင်းထက် တရားသူကြီးတဦးဦး၏ ကြည့်ရှုစောင့်ရှောက်မှုအောက်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး အဆိုပါ တရားသူကြီးထံတွင်လည်း “မိမိသည် ယခု မိမိအား ဖမ်းဆီးစစ်ဆေးနေသည့် အမှုကို ကျူးလွန်သူမဟုတ်သဖြင့် ပြန်လွှတ်ပေးသင့်ကြောင်း (သို့မဟုတ်) မိမိသည် ယခု ရဲစခန်းအချုပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရခြင်းမှာ တစုံတရာသော ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို ခံရနိုင်ဖွယ်ရှိသဖြင့် ထောင်၊ အချုပ်သို့ ပြောင်းရွေ့ချုပ်နှောင်ပေးပါရန်” စသည်အားဖြင့် မိမိသင့်တော်မည်ထင်သည့် အခွင့်အရေးဆိုင်ရာ တောင်းဆိုချက်များကို တင်ပြတောင်းဆိုနိုင်ပေသည်။ တောင်းဆိုချက်များကို ရမန်ပေးသည့် တရားသူကြီးက ခွင့်ပြုချင်မှ ခွင့်ပြုမည်မှန်သော်လည်း တောင်းဆိုသည့်အတိုင်း အမှုတွဲတွင် မှတ်တမ်းတင် ထားရှိပြီးဖြစ်ကာ မိမိတောင်းဆိုချက်သည် တရားဝင်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

မိမိအား ဖမ်းဆီးပြီး ၂၄ နာရီအတွင်း၊ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ရှိပါကလည်း အဆိုပါ ရမန်ပေးမည့် တရားသူကြီးထံတွင် မဖြစ်မနေ တင်ပြလျှောက်ထားရမည်ဖြစ်သည်။ သို့မှသာ မိမိခံရသည့် နစ်နာမှုကို မှတ်တမ်းအဖြစ်လည်းကောင်း၊ သက်သေအဖြစ်လည်းကောင်း နောင်တချိန်ချိန်တွင် ဖေါ်ထုတ်နိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ ဖမ်းဆီးပြီးနောက်ပိုင်း (၂၄) နာရီပြည့်သည့်အခါတွင် တရားသူကြီးရှေ့မှောက်သို့ ပို့ဆောင်၍ ဆက်လက်ချုပ်နှောင်ခွင့် ရမန်ရယူခြင်းမှာ တရားဥပဒေ လုပ်ထုံးလုပ်နည်းအမှန်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ကျင့်သုံးခြင်းမရှိသလောက် တိမ်မြုပ်ပျောက်ကွယ်လျက် ရှိပါသည်။ ကျွန်တော်မှတ်မိသမျှ ဖမ်းဆီးပြီးနောက် (၂၄) နာရီ ပြည့်သည့်အချိန်တွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ရမန်ယူခြင်းခံခဲ့ရသူများမှာ ၂၂.၅.၂၀၀၈ ရက်နေ့ (အင်္ဂါနေ့)တွင် ဖမ်းဆီးခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်များဖြစ်ကြသည့် ကိုထွန်းဇော်ဇော်နှင့် ကိုခင်ထွန်းတို့ နှစ်ဦးကို ဖမ်းဆီးပြီးနောက်ပိုင်း (၂၄) နာရီ ပြည့်သည့်အချိန်တွင် တရားသူကြီးထံ ပို့ဆောင်၍ ဖောက်ခွဲရေးနှင့် ပတ်သတ်သည်ဟူသော စွပ်စွဲချက်ဖြင့် ရမန်ယူခဲ့ခြင်းပင်ဖြစ်သည်။ နောက်ပိုင်း အမှုမတည်ဆောက်နိုင်၍ ပြန်လွှတ်ပေးခဲ့ရသည်။ ကျန်သည့် ဖမ်းဆီးခံရသူများတွင် ထိုသို့ ရမန်ယူခြင်းမှာ မရှိသလောက် ရှားပါးလှပေသည်။

ဖမ်ဆီးချုပ်နှောင်ပြီး (၂၄) နာရီပြည့်၍ ရမန်ယူပေးရန် မိမိတောင်းဆိုချက်ကို မလိုက်လျောသော်လည်း စိတ်ဓာတ်မကျရန်များစွာ အရေးကြီးပါသည်။ ထို့အတူပင် မိမိတောင်းဆိုချက်မရ၍ စိတ်လိုက်မာန်ပါ ဒေါသထွက်ခြင်းမျိုး မဖြစ်ရန်လည်း အထူးလိုအပ်လှပါသည်။ ရက်ပေါင်းသုံးဆယ်ပြည့်သည်အထိ ခိုင်မာသော စိတ်ဓာတ်ဖြင့် စောင့်ဆိုင်း၍ စစ်ကြောရေးကို ကျော်ဖြတ်ခြင်းက အကောင်းဆုံးသော နည်းလမ်းဖြစ်ပါသည်။

ယခုအဆင့်တွင် တောင်းဆိုသင့်သည်မှာ မိသားစုနှင့် ဆက်သွယ်ခွင့်၊ ရှေ့နေငှားရမ်းတိုင်ပင်ခွင့်ပင် ဖြစ်သည်။ တောင်းဆိုချက်မရသည့်တိုင်အောင် ဖမ်းဆီးချုပ်နှောင်ထားသူတို့ကို မည်သည့်ဆန့်ကျင်ခြင်းမျိုးမှ မပြုလုပ်မိစေရန် ထိန်းသိမ်းထားနိုင်ရမည်ဖြစ်သည်။

ဆောင်းပါးအမှတ်စဉ် (၁၁) တွင် ရေးသားခဲ့သည့်အတိုင်း မည်သည့်ဖမ်းဆီးခြင်းခံရသူကိုမဆို ရက်ပေါင်း (၃၀) ထက် ကျော်လွန်၍ ဖမ်းဆီးချုပ်နှောင်ခွင့်မရှိပါ။ ဖမ်းဆီးပြီးနောက်ပိုင်း ရက်ပေါင်း (၃၀) ပြည့်ပါက တရားစွဲဆိုရန် လုံလောက်သည့် အကြောင်းအချက်ဖြင့် အမှုတည်ဆောက်နိုင်ပါက သက်ဆိုင်ရာ တရားရုံးသို့ တင်ပို့ တရားစွဲတင်ရမည်ဖြစ်ပြီး အကယ်၍ တရားစွဲတင်နိုင်လောက်သည့် အကြောင်းအချက်မရှိပါက ပြန်လွှတ်ပေးရမည်သာဖြစ်သည်။

ထို့ကြောင့် မိမိအား ဖမ်းဆီးထားပြီးနောက်ပိုင်း ရက်ပေါင်း (၃၀) ပြည့်၍ ကျော်လွန်သွားသည့် အချိန်တိုင်အောင် တရားစွဲတင်ခြင်းလည်းမရှိ၊ ပြန်၍လည်း လွှတ်မပေးပါက အောက်ပါတောင်းဆိုချက် နှစ်ရပ်အနက် တရပ်ရပ်ကို တောင်းဆိုခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

“မိမိသည် ဖမ်းဆီးခံရပြီးနောက်ပိုင်း (၂၄) နာရီပြည့်သည့်အချိန်တွင် တရားဥပဒေနှင့်အညီ တောင်းဆိုခဲ့သည်မှာ ရမန်ယူပေးရန်ဖြစ်သည်။ သို့သော် မိမိတောင်းဆိုချက်ကို မလိုက်လျောခဲ့ပါ။ ယခု မိမိကို ချုပ်နှောင်ထားသည်မှာ ရက်ပေါင်း (၃၀) ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် -



- မိမိကို ဥပဒေနှင့်အညီ တရားရုံးတွင် တရားစွဲတင်ရန် (သို့မဟုတ်)
- ရက်ပေါင်း (၃၀) ပြည့်သည့်တိုင်အောင် အမှုတည်ဆောက် တရားစွဲတင်နိုင်ခြင်းမရှိသဖြင့် ချွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးရန်

အထက်ဖေါ်ပြပါ အချက်နှစ်ရပ်အနက် တရပ်ရပ်ကို တိတိကျကျ တောင်းဆိုသင့်ပါသည်။ ဖမ်းဆီးခံရသူတို့သည် နည်းလမ်းအမျိုးမျိုး တောင်းဆိုနည်းအသွယ်သွယ်ဖြင့် တောင်းဆိုရဲကြသည်မှာ မှန်သော်လည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြတောင်းဆိုခြင်းကိုမူ ဖမ်းဆီးသူတို့ ပိုမိုလေးစား တန်ဖိုးထားကြပေသည်။

× × × ×

ဆက်လက်ရေးသားပါအုံးမည်။

စာဖတ်သူများကိုအစဉ်လေးစားလျက်
စောကျော်ကျော်မင်း
(၃၀.၃.၂၀၁၀)