ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၃)
စောကျော်ကျော်မင်း
ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို ဖမ်းဆီးချုပ်နှောင်ထားသည့် ကာလမှာ နှစ်လကျော် သုံးလနီးပါးကြာ မြင့်ခဲ့သည့်အတွက် ရဲအရေးပိုင်သည့် အမှုဖြင့် ဖမ်းဆီးချုပ်နှောင်ထားခြင်းမျိုးလည်း မဟုတ်၊ ရဲအရေးမပိုင်သည့် အမှုဖြင့် ဖမ်းဆီးချုပ်နှောင်ထားခြင်းမျိုးလည်း မဟုတ်ကြောင်းကို ထင်ထင်ရှားရှား တွေ့ကြရမည်ဖြစ်သည်။ ထို့ပြင် ဖမ်းဆီးချုပ်နှောင်ပြီးသည့် နောက်ပိုင်း၊ ချုပ်နှောင်ထားသည့်ကာလမှာ (၂၄) နာရီထက် ကျော်လွန်ခဲ့သည့်တိုင်အောင် ဆက်လက် ဖမ်းဆီးချုပ်နှောင်ခွင့်ပေးနိုင်သည့် အာဏာပိုင် တရားသူကြီးထံသို့ ပို့ဆောင်ပြီး ရမန်တောင်းခံခဲ့ ခြင်းမရှိသည့်အတွက်၊ ယင်းဖမ်းဆီးချုပ်နှောင်ရာ ကာလနှင့် ဖမ်းဆီးချုပ်နှောင်သူ ရဲဝန်ထမ်းတို့၏ ပြုမူဆောင်ရွက်ချက်များကို “အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ချုပ်နှောင်ခြင်းနှင့် စုံစမ်းစစ်ဆေးရန်အတွက်ဆိုင်ရာ အာဏာပိုင်များထံသို့ တင်ပြရန် ပျက်ကွက်းခြင်း” ဟု အဓိပါယ်ဖွင့်ဆိုရမည်သာ ဖြစ်ပါသည်။ (ဆောင်းပါးအမှတ်စဉ် - ၂ တွင် ဖေါ်ပြထားသည့် စကားရပ်များကို အလျဉ်းသင့်၍ ရှင်းလင်းဖေါ်ပြအပ်ပါသည်)
စွပ်စွဲခံရသူတို့၏ ရှေ့နေဖြစ်သည့် ကိုဖိုးဖြူ၏ “ရဲစက္ကူနှင့် တိုက်ဆိုင်စစ်ဆေးခွင့်ပြုပါရန်” လျှောက်ထား တင်ပြချက်နှင့် တဖက်မှ ဥပဒေအရာရှိ၏ “ရဲအရေးမပိုင်သည့်အတွက် ရဲစက္ကူမရှိသဖြင့် တိုက်ဆိုင်စစ်ဆေးခွင့်ပြုရန် အကြောင်းမပေါ်ပေါက်ကြောင်း” တင်ပြလျှောက်ထားချက်တို့ကြားတွင် တရားရုံးတော်အနေဖြင့် မည်ကဲ့သို့ အမိန့်ချမှတ်ပေးရမည်ဆိုသည်ကို ယနေ့ထက်တိုင်အောင် စဉ်းစားဆုံးဖြတ် နိုင်လိမ့်မည်မဟုတ်ပါ။ အကြောင်းမှာ တရားလို ဒုရဲမှူး တင်မောင်အေးကိုယ်တိုင် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို “အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် စုံစမ်းစစ်ဆေးရန်အတွက် ဆိုင်ရာ အာဏာပိုင်များထံသို့ တင်ပြရန် ပျက်ကွက်ခြင်း” စသည့် ဥပဒေနှင့်မညီသည့် ပြုမူလုပ်ဆောင်ချက်များ လုပ်ဆောင်ခဲ့သည်ကို တရားခွင်တွင် အပြန်အလှန် စစ်မေးကြရင်း တရားလိုနှင့် တရားလိုပြ သက်သေတို့၏ ဖြေဆိုချက်များမှ ထင်ထင်ရှားရှား သက်သေခံချက်များ ပေါ်ထွက်လာသောကြောင့်ဖြစ်သည်။
နောက်တကြိမ် ရုံးချိန်းရက်တွင် အမိန့်ချမှတ်ပေးပါမည်ဟု ချိန်းဆိုခဲ့သော ဒဂုံမြို့သစ်မြို့နယ် (တောင် ပိုင်း) တရားရုံးတော်အနေဖြင့် နောက်တကြိမ် ရုံးချိန်းရက်တွင် အမိန့်ချမှတ်ပေးနိုင်ခြင်း မရှိခဲ့ပါ။ ထို့နည်းတူ ထိုအမှုကို ဆက်လက်စစ်ဆေးပြီး အပြီးသတ် အမိန့်ချမှတ်ခဲ့သည့် အချိန်အထိ အထက်ဖေါ်ပြပါ အငြင်းပွားခဲ့သည့် ပြဿနာကို တရားရုံးတော်မှ ပြေလည်သည့် အတိုင်းအတာအထိ အမိန့်ချမှတ်ပေးခြင်းမရှိခဲ့ပါ။ ယနေ့ထက်တိုင်အောင်လည်း ယင်းပြဿနာနှင့် စပ်လျဉ်း၍ ပြေလည်သည့် အတိုင်းအတာအထိ အမိန့်ချမှတ်ပေးခြင်း မရှိသေးသည့်အတွက် ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း) တရားရုံးတော်အပေါ်တွင် စွပ်စွဲခံရသူများဖြစ်ကြသည့် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ ရရန်ရှိသည့် “ပြဿနာအကြွေး” ဟူ၍ မှတ်တမ်းတင်ထားရမည် ဖြစ်ပါသည်။
အမှန်တကယ် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို ရုံးတင်တရားစွဲဆိုထားသည့် ပြစ်မှုဥပဒေပုဒ်မမှာ - ၅၀၅ (ခ) ဖြစ်သည့်အတွက် ကျခံရမည့် ပြစ်ဒဏ်မှာ ထောင်ဒဏ် (၂) နှစ်သာဖြစ်ပါသည်။ ယင်းအချိန်က တရားစွဲတင်ခံရသည့် ဒီမိုကရေစီဘက်တော်သားများ၏ ထောင်ကျခံရမည့် ကာလ သတ်မှတ်နှုန်းစံများနှင့် နှိုင်းယှဉ်ကြည့်ပါက လွန်စွာနဲသော ကာလအပိုင်းအခြားသာဖြစ်သည်ဟု သတ်မှတ်ရမည်ဖြစ်ပါသည်။ သို့သော် စွပ်စွဲခံရသူတို့ကိုယ်စား လိုက်ပါဆောင်ရွက်ပေးရမည့် ရှေ့နေရှေ့ရပ်တို့အနေဖြင့် တရားဥပဒေအရ ရသင့်ရထိုက်သည့် အခွင့်အရေးများကို အပြည့်အ၀ တင်ပြလျှောက်ထား တောင်းဆိုကြရမည်ဖြစ်သည်။ သို့မှသာ ရှေ့နေရှေ့ရပ်တို့၏ ကျင့်ဝတ်သိက္ခာနှင့် လျှော်ညီပေလိမ့်မည်။ မိမိ လိုက်ပါဆောင်ရွက်ပေးသည့် အမှုသည်တို့၏ ဥပဒေအရ ရရှိရန် အကြောင်းပေါ်ပေါက်လျက်လည်းရှိသော၊ ဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အခွင့်အရေးလည်းဖြစ်သော အခွင့်အရေးများကို တရားခွင်တွင် ရဲရင့်ပြတ်သားစွာ တင်ပြတောင်းဆိုသည့် လုပ်ရပ်သည် ကျင့်ဝတ်သိက္ခာနှင့် လွန်စွာ လျှော်ညီသည့် လုပ်ရပ်ပင် ဖြစ်ပါသည်။
ထိုကဲ့သို့ တင်ပြတောင်းဆိုမှုများ၊ ပြန်လှန်မေးခွန်းထုတ်မှုများကြောင့် စွဲချက်တင်သည့် အချိန်တွင် တရားရုံးတော်မှ “ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့၏ ပြုမူလုပ်ဆောင်ချက်များသည် ပြစ်မှုဥပဒေပုဒ်မ - ၅၀၅(ခ) ပြဌာန်းချက်ပါ ပြစ်မှုမြောက်စေမည့် အင်္ဂါရပ်များနှင့် ကိုက်ညီခြင်းမရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ပြစ်မှုဥပဒေ ပုဒ်မ - ၅၀၁ ဖြင့် စွဲချက်တင်လိုက်သည်” ဟု အမိန့်ချမှတ်လိုက်သည်။
စွဲချက်တင်ရန် သင့်/မသင့် အဆင့်တွင် ထိုကဲ့သို့ ပုဒ်မပြောင်း၍ စွဲချက်တင်မည်ဟူ၍ ကျွန်တော့်အနေဖြင့်လည်းကောင်း၊ ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ အနေဖြင့်လည်းကောင်း သက်ဆိုင်သည့် မိသားစုများအနေဖြင့်လည်းကောင်း လုံးဝ ထင်မှတ်မထားခဲ့ကြပါ။ ပြစ်မှုဥပဒေပုဒ်မ - ၅၀၅(ခ) ဖြင့်သာ အမှုပြီးဆုံးသည့် အချိန်တွင် အမိန့်ချမှတ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။ သို့သော် ပြစ်မှုဥပဒေပုဒ်မ-၅၀၁ ဖြင့် ပြောင်းလဲ စွဲချက်တင်လိုက်သည့်တွက် တရားခွင်တွင် မည်သူမှ မထင်မှတ်နိုင်သည့် စစ်အာဏာရှင်လက်ထက် “ တရားစီရင်ရေးဆိုင်ရာ အမှားများ” ထပ်မံ ပေါ်ပေါက်လာရပြန်ပါသည်။
ပြစ်မှုဥပဒေပုဒ်မ - ၅၀၁ ဆိုသည်မှာ အကျဉ်းအားဖြင့် “ အသရေပျက်စေမည်ဟု သိသော အကြောင်းအရာကို ပုံနှိပ်ခြင်း၊ သို့တည်းမဟုတ် ထုထွင်းခြင်း” ဟု ပြစ်မှုဆိုင်ရာ ဥပဒေတွင် အဓိပါယ်ဖွင့်ဆိုထားပြီး၊ အကျယ်အားဖြင့် “အကြောင်းအရာတခုကို ပုံနှိပ်ရာတွင်၊ သို့တည်းမဟုတ် ထွင်းထုရာတွင် ထိုအကြောင်းအရာသည် တဦးတယောက်သော သူ၏ အသရေကို ပျက်စေသည်ဟု သိလျှင်၊ သို့တည်းမဟုတ် ထိုသို့ ပျက်စေသည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင် ထိုသူကို (၂) နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟူ၍ ဖြစ်ပါသည်။
ပြစ်မှုဥပဒေပုဒ်မ - ၅၀၅(ခ) ဖြင့် ပြစ်ဒဏ်ချခံရမည်ဆိုပါက ကျခံရမည့်ထောင်ဒဏ်မှာ (၂) နှစ်ပင် ဖြစ်သည်။ ထို့အတူ ပြစ်မှုဥပဒေပုဒ်မ - ၅၀၁ ဖြင့် ပြစ်ဒဏ်ချခံရမည်ဆိုပါကလည်း ကျခံရမည့်ပြစ်ဒဏ်မှာ (၂) နှစ် ပင်ဖြစ်သည်။ သို့သော် အလုပ်မဲ့ထောင်ဒဏ်ဖြစ်သည်။
ထို့အပြင် ပြစ်မှုဥပဒေပုဒ်မ - ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းခံရပါက ကျေအေးခွင့်မရှိပါ။ ပုဒ်မ - ၅၀၁ အရဆိုလျှင် ရဲအရေးမပိုင်သည့် အမှု ဖြစ်သည့်အတွက် ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိသည့်အပြင် ကျေအေးခွင့်လည်း ရှိပေသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပုဒ်မ - ၅၀၁ ဖြင့် တရားစွဲဆိုခြင်း ခံရသူကို “အာမခံပေးရမည်” ဟု နောက်ဆက်တွဲဇယား စာတိုင် (၅) တွင် အတိအလင်း ပြဌာန်းထားပါသည်။
ထို့ကြောင့် ယခင်က ပြစ်မှုဥပဒေပုဒ်မ-၅၀၅(ခ) ဖြင့် စွဲဆိုထားခြင်းကြောင့် အာမခံမရနိုင်သည့် အမှု ဖြစ်သည့်အတွက် အာမခံလျှောက်ထားရန် ထည့်သွင်းစဉ်းစားထားခြင်းမရှိသော ကျွန်တော့်အနေဖြင့် ပြစ်မှုဥပဒေပုဒ်မ - ၅၀၁ ဖြင့် ပြောင်းလဲစွဲချက်တင်လိုက်သော အဆင့်တွင် အာမခံလျှောက်ထားရန် ပြင်ဆင်ရပေတော့သည်။ တရားရုံးတော်အနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ - ၄၉၆ အရ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို အာမခံပေးရမည်ဖြစ်သည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ - ၄၉၆ တွင် “အာမခံမပေးနိုင်သော ပြစ်မှုတရပ်ဖြင့် စွပ်စွဲခံရသူမှတပါး အခြား မည်သူတဦးတယောက်ကိုမဆို ၀ရမ်းမပါဘဲ ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူးကဖြစ်စေ၊ ရဲကြပ်ကြီးရာထူးထက် မနိမ့်သော စုံစမ်းထောက်လှမ်းသူ အရာရှိတဦးကဖြစ်စေ ဖမ်းဆီးခြင်း သို့မဟုတ် ချုပ်နှောင်ထိန်းသိမ်းခြင်း ပြုသောအခါ၊ သို့မဟုတ် ထိုသူသည် တရားရုံးရှေ့သို့ ရောက်ရှိခြင်း၊ သို့မဟုတ် ခေါ်ဆောင်လာခြင်း ခံရသောအခါ၊ ထို့အပြင် အဆိုပါ ရဲအရာရှိ၏ ထိန်းသိမ်းမှုအောက်တွင် ရှိစဉ် မည်သည့်အချိန်မဆို အာမခံပေးရန် အသင့်ဖြစ်လျှင် ထိုသူကို အာမခံဖြင့် လွှတ်ထားရမည်။” ဟု အတိအလင်း ပြဌာန်းထားသည့်အပြင် ဖမ်းဆီးချုပ်နှောင်ထားသည့် ရဲစခန်းမှူး သို့မဟုတ် တရားရုံးက သင့်တော်မည်ဟု ထင်မြင်ယူဆပါက အာမခံသူများ မပါဝင်ဘဲနှင့်လျှင်ပင် ဖမ်းဆီးချုပ်နှောင်ခံရသူကိုယ်တိုင် ခံဝန်ချုပ် ချုပ်ဆိုစေလျက် ထိုသူအား လွှတ်ထားနိုင်ပေသည်။

x x x x x
ဆက်လက်ရေးသားပါအုံးမည်။
စာဖတ်သူများကို အစဉ်လေးစားလျက်-
စောကျော်ကျော်မင်း
(၁၄.၄.၂၀၁၀)