အလင်းမဲ့ဘဝအမည်ရှိ ပညာရေးစစ်တမ်း အစီရင်ခံစာထုတ်ဝေ
ရိုးမ ၃
စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် နိမ့်ကျလာသော တအောင်းဒေသရှိ ပညာရေးအခြေအနေအား စစ်တမ်းကောက်ယူဖော်ပြထားသည့် အလင်းမဲ့ဘဝ အမည်ရှိ အစီရင်ခံစာကို တအောင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံးက ယနေ့ထုတ်ဝေခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆမ်၊ နမ့်ခမ်း၊ မန်တုံမြို့နယ်များမှ ကျေးရွာပေါင်း ၆၁ ရွာတွင် လူပေါင်း ၁၇၅ ဦးအား အသေးစိတ်မေးမြန်းထားမှုကို အခြေခံရေးသားထားခြင်းဖြစ်ကြောင်း တအောင်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံး ပညာရေးဌာန တာဝန်ခံ မိုင်းမောဝ်ဒါင်းက ပြောသည်။

အစီရင်ခံစာထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ “နအဖရဲ့ ဆိုးရွားလှတဲ့ ဖိနှိပ်မှုအောက်မှာ ပညာရေးအခြေအနေ ဆိုးရွားနေမှု၊ အဲဒါကြောင့် ပလောင်လူမျိုးတွေရဲ့ အနာဂါတ်ဘဝ၊ ပညာရေး၊ ကျန်းမာရေး၊ အဖက်ဖက်က နိမ့်ကျတဲ့ လူနေမှုဘဝတွေကို ဘယ်လောက်ထိ ချိုးနှိမ်ခံရသလဲ၊ အဲလိုဘဲ တခြားဒေသတွေမှာလဲ ဖြစ်နေတယ်ဆိုတာ မီးမောင်းထိုးပြချင်လို့ အခုလိုထုတ်ဝေတာဖြစ်တယ်” ဟု ပြောသည်။
ယင်းအစီရင်ခံကို ၂၀၀၆ ခုနှစ်မှ စတင်၍ သတင်းစုဆောင်းသုတေသနပြုလုပ်ထားခြင်းဖြစ်ပြီး တအောင်းဒေသတွင်း အစိုးရအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုနည်းပါးခြင်းကြောင့် ကလေးငယ်များ အရွယ်မရောက်ခင် ကျောင်းထွက်၍ လုပ်ငန်းခွင်များသို့ ရောက်နေခြင်း၊ ကလေးစစ်သားများအဖြစ် စုဆောင်းခံရခြင်း၊ လူကုန်ကူးခံရခြင်းများအပါအဝင် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ခံနေရကြောင်း ဖော်ပြထားသည်။
“ကျနော်တို့ စကောက်စဉ် ၂၀၀၆ တုန်းက သုံးသပ်ထားတာက ကျောင်းတက်နိုင်တဲ့ကလေးတွေ ၇၅ ရာခိုင်နှုန်း လောက်ရှိတယ်။ တဖြည်းဖြည်း ၂၀၀၉ မှာ ၅၅ ရာခိုင်နှုန်း လောက်ဘဲရှိတော့တယ်၊ ကျောင်းသားတွေ ကျောင်းတက်နှုန်း လျော့ကျလာတာက ၂၀၀၄ လောက်က ၂ သောင်းလောက်ရှိတယ်၊ အဲဒီနောက် လျော့ကျသွားတာ ၉ ထောင်လောက်ဘဲကျန်တယ်၊ ၂၀၀၉/၁၀ မှာ ၇ ထောင်လောက်ဘဲ ကျန်တော့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ စစ်တမ်းကောက်ယူမှုသည် မြို့နယ်သုံးခုအတွင်း လူဦးရေ ၇ သိန်းကျော်ကို ခြုံငုံမိပြီး အဓိကအားဖြင့် ကျေးလက်များတွင် ကောက်ခံခဲ့ခြင်းဖြစ်သည်။
ပညာရေးစနစ်နိမ့်ကျလာမှုနှင့်ပတ်သက်၍ “အဓိက အကြောင်းရင်းက ၂ ခုရှိတယ်၊ လက်ရှိစစ်အစိုးရရဲ့ လွဲမှားနေတဲ့ စီမံခန့်ခွဲမှုနဲ့သင်ရိုးညွှန်တန်းအတိုင်း သင်ကြားရခြင်းကြောင့်ဖြစ်တယ်၊ နောက်တခုက ကျောင်းသူ ကျောင်းသားတွေကို အတန်းအောင်ပေးတာတွေရှိတယ်၊ အဲလိုဆိုတော့ ၁၀ တန်းရောက်တဲ့အချိန်မှာ အများကြီးအခက်အခဲတွေဖြစ်ကြတယ်၊ အခြေခံမရှိတော့ အခုလိုဖြစ်ရတာဖြစ်တာတွေကြောင့်” ဟု မိုင်းမောဝ်းဒါးက ထောက်ပြပြောဆိုသည်။
ထို့အပြင် တအောဝ်းဒေသတွင် အစိုးရကျောင်းများနှင့် ကျေးရွာကိုယ်ထူကိုယ်ထကျောင်းများ ကွာခြားမှုများရှိနေကြာင်း ကျေးရွာကော်မတီခန့် ဆရာမတဦးဖြစ်ခဲ့သူ လိုည်းပိုးညှိုဝ်းက ပြောသည်။
“ကျောင်းဆို ကိုယ်ထူကိုယ်ထ၊ ကျောင်းသုံးပစ္စည်းကိရိယာဆိုလည်း ရပ်ရွာထဲက ငွေကြေးကောက်ခံပြီးသုံးရတာ၊ အစိုးရက ထောက်ပံ့ပေးတာမရှိဘူး၊ သူငယ်တန်းကနေ လေးတန်းအထိ ကျမတယောက်တည်းသင်ရတာ၊ သင်ရိုးညွှန်းတန်းက မြန်မာပြည်မှ ချမှတ်ထားတဲ့အတိုင်းသုံးရတာဘဲ၊ ကျမတို့ကျတော့ အစိမ်းသက်သက် လုပ်ရတော့ စာသင်ပုံသင်နည်းကွာခြားချက်ရှိတယ်” ဟုပြောသည်။
စစ်အစိုးရချမှတ်ထားသည့် သင်ရိုးညွှန်းတန်းအတိုင်းသင်ကြားရခြင်းကြောင့် ကလေးငယ်များ၏ ကိုယ်ပိုင်စဉ်းစားတွေခေါ်နိုင်မှုများကျဆင်းလာပြီး ၎င်းတို့ရိုက်သွင်းထားသည့်အတိုင်း မှတ်သားရသည့် အတွက် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးမှုပါ နည်းပါလာကြောင်း ၎င်းက ပြောသည်။