လက်တွေ့ကျသော ပြောင်းလဲရေးဖြစ်စဉ်ကို ရှာဖွေကြရာဝယ်
ဖိုးသာထူး
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းလောက်မှ စတင်၍ ရေဒီယို၊ အင်တာနက်၊ အီးမေးလ် အစရှိသည့် လူထုဆက်သွယ်ရေး သတင်းမီဒီယာများမှတဆင့် နိုင်ငံရေးပညာရှင်များ၊ လူငယ်ခေါင်းဆောင်များ၊ အမျိုးသမီးခေါင်းဆောင်များနှင့် လူထုလူတန်းစားအသီးသီးမှ ပြည်သူလူထုအသံအချို့ကို လေ့လာမှတ်သားရင်းဖြင့် စာရေးသူ၏ ခေါင်းထဲသို့ နိုင်ငံရေးစကားစုနှစ်ရပ် အပြိုင်အဆိုင်ဝင်ရောက်လာခဲ့သည်။
ဤသည်တို့မှာကား မြန်မာနိုင်ငံရေးသမိုင်း တဆစ်ချိုးပြောင်းလဲရေးလား (သို့) တိုင်းပြည် တိုးတက်ပြောင်းလဲရေးလား ဆိုသည်များပင်။
အထူးသဖြင့် ပညာရှင်အများစု ပါဝင်ဆွေးနွေးကြသော ဆွေးနွေးပွဲစကားဝိုင်းများတွင် နအဖစစ်အစိုးရမှ ဦးဆောင်ပြီး ကမကထပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲ (ပြည်တွင်းနိုင်ငံရေးအင်အားစုများ ပြောသော အသုံးအနှုန်းအရ တပ်မတော်စပွန်ဆာ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်) မှာ မြန်မာ့နိုင်ငံရေးသမိုင်းကို တစ်ဆစ်ချိုးပြောင်းလဲသွားနိုင်မလားဆိုသည့် မေးခွန်းကို မကြာခဆိုသလို မေးမြန်းကြ၊ တုန့်ပြန်ပြောဆိုသူများကလည်း ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ပြီး ကိုယ့်ယူဆချက်များကို တင်ပြနေကြသည်ကို သတိချပ်မိလာခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော အဆိုတော် ဦးစိုင်းထီးဆိုင်၏ သီချင်းစာသားလေးအတိုင်း ဆိုရပါမူ မေးရန်လွယ်ပေမယ့် အဖြေခက် ဆိုသည့်အတိုင်း ဖြစ်လေမလားတော့ မပြောတတ်။
အမှန်စင်စစ် မြန်မာနိုင်ငံရေးသမိုင်း တစ်ဆစ်ချိုးပြောင်းရေးနှင့် တိုင်းပြည် တိုးတက်ပြောင်းလဲရေးဆိုသည်မှာ ဝေါဟာရသဘောအရ တူသလိုလိုရှိသော်လည်း လေးလေးနက်နက် လေ့လာကြည့်သည့်အခါ အသွင်သဏ္ဌာန်ရော၊ အနှစ်သာအရပါ ခြားနားပေသည်။ ၎င်းကို ရှင်းပါအံ့။
အမည်မဖော်လိုသူ နိုင်ငံရေးပညာရှင်တစ်ဦးမှ စစ်အစိုးရပိုင် သတင်းမီဒီယာတစ်ခု၏ တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် ရွေးကောက်ပွဲမှတစ်ပါး အခြား Alternative (ရွေးချယ်မှု) မရှိဟု ဆိုလာသည်။ တစ်ချိန်တည်းမှာပင် ၎င်းက ယခုလက်ရှိ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဆိုခဲ့ပါအတိုင်း တပ်မတော်စပွန်ဆာ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်ဖြစ်သောကြောင့် Universal Democracy Norms (အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီစံနှုန်းများ) ဖြင့် ချိန်ထိုး၍မရနိုင်ကြောင်း သုံးသပ်တင်ပြခဲ့ပြီး၊ နိဂုံးချုပ်ပြောဆိုရာတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကာလတွင် ဝန်ကြီးချုပ်ဦးဆောင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း ဦးဆောင်သည့် စစ်ဗိုလ်ချုပ်များ အာဏာသိမ်းပြီးသည့်နောက်ပိုင်း မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်သည့် တစ်ပါတီစနစ် အစိုးရခေတ်ကို ဖြတ်သန်းခဲ့ပါကြောင်း၊ ယခုအချိန်တွင်လည်း ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲများပြုလုပ်ပြီး စစ်တပ်တမတ်သား အစိုးရ ပြောင်းလဲအောင် ပုံဖော်ခြင်းမှာ မြန်မာ့နိုင်ငံရေးသမိုင်းကို တစ်ဆစ်ချိုး အပြောင်းအလဲ ဖြစ်စေမှာဖြစ်ကြောင်း သုံးသပ်နိဂုံးချုပ်ခဲ့သည်။ မသေချာသည်မှာ အဆိုပါပညာရှင်သည် ပညာရှိ သတိဖြစ်ခဲကြောင့်လား၊ အစိုးရပိုင် သတင်းမီဒီယာဖြစ်၍ အကြိုက်လိုက်ပြောရသည်လားဆိုသည်မှာ ကိုယ်တိုင်သာ သိပေလိမ့်မည်။ သေချာသည်ကတော့ ပညာရှင်ကြီးမှာ မြန်မာနိုင်ငံရေးသမိုင်း အပြောင်းအလဲကို ဦးစားပေး ရှေ့တန်းတင် သုံးသပ်သွားခြင်းသာ ဖြစ်ပေသည်။ တိုင်းပြည်ပြောင်းလဲရေးနှင့် ပြည်သူလူထုများ၏ ပကတိ လူမှုနိုင်ငံရေးကိစ္စအဝဝကို ဖယ်ထုတ်ချဉ်းကပ် စဉ်းစားသွားပုံရသည်။
ဆိုခဲ့ပါအတိုင်း ၁၉၄၈ခုနှစ် ဝန်ကြီးချုပ် ဦးနု ဦးဆောင်းသည့် ပါလီမန်ဒီမိုကရေစီလက်ထက်တွင် မြန်မာနိုင်ငံ၏ တိုးတက်မှုသည် အခြား အိမ်နီးချင်း အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များစွာ ဖွံ့ဖြိုးခဲ့သော်လည်း ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)၊ ယခု နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေကောင်စီ) စစ်အာဏာရှင်စနစ်ကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ကျင့်သုံးခဲ့သည့် ခေတ်ကာလတစ်လျှောက်တွင် တိုင်းပြည်တိုးတက်ပြောင်းလဲဖို့ဝေးစွ ပြည်သူတွေဘဝ ထမင်းနပ်မှန်မှန် စားရအောင်ပင် မနည်းရုံးကန်နေကြရသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပေသည်။ ဒါ့အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို ကျင့်သုံးချုပ်ကိုင်ခဲ့ကြသည့် စစ်ဗိုလ်ချုပ်များ၏ ဖိနှိပ်ရက်စက်မှုကြောင့် နယ်စပ်ဒေသတလျှောက်ရှိ တိုင်းရင်းသားပြည်သူများအပါအဝင် ပြည်သူတစ်ရပ်လုံးမှာ စစ်ဖိနပ်အောက် ပြားပြားမှောက်ခဲ့ရသည်။ သက်သေသာဓကများအားဖြင့် နိုင်ငံတဝှမ်းအကျဉ်းထောင်များ၌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ တိုးပွားလာခြင်း၊ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသော ပြည်သူများ၊ တောထဲတောင်ထဲတွင် ယခုအချိန်ထိ အိမ်ယာမဲ့ ထွက်ပြေးတိမ်းရှောင်နေကြရသော ဒုက္ခသည် ပြည်သူများမှာ နေ့စဉ်ရက်ဆက်ဆိုသလို တိုးပွားနေပြီး ယခုဆိုလျှင် တစ်ချိန်က နာမည်ကောင်းရခဲ့သော ရန်ကုန်မြို့တော်ကြီးပင်လျှင် နေရာအနှံ့အပြား၌ လက်နက်ကိုင် လုံခြုံရေးဝန်ထမ်းများဖြင့် အကျဉ်းထောင်ကြီးတစ်ခုအလား ဖြစ်နေပေပြီ။
မြန်မာနိုင်ငံရေးသမိုင်း တဆစ်ချိုးပြောင်းလဲခဲ့ဖူးပါသည်။ သို့သော် တိုင်းပြည်တိုးတက်မှု နှောင်းနှေးခဲ့ရသည့်အပြင် ပညာရေး၊ ကျန်းမာရေး အစရှိသော လူမှုစီးပွားကိစ္စအဝဝမှာ တရက်ထက်တရက် ထိုးကျနိမ့်ဆင်းလျက် ရှိသည်ကို အပြည်ပြည်ဆိုင်ရာ စာရင်းဇယားများက ထောက်ပြလျှက်ရှိသည်။
သို့ဆိုလျှင် မြန်မာနိုင်ငံရေးသမိုင်း တဆစ်ချိုးပြောင်းလဲရေးကို လုပ်သင့်ပါသလား။ တိုင်းပြည်ပြောင်းလဲရေးကို ဦးစားပေး ဆောင်ရွက်သင့်ပါသလား။
မြန်မာနိုင်ငံရေးသမိုင်း ပြောင်းလဲရေးမှာ လွယ်ကူပါသည်။ လက်ရှိ နအဖစစ်အစိုးရမှ ခင်းပေးသော ၂ဝ၁ဝ ရွေးကောက်ပွဲလမ်းကို မျက်စိစုံမှိတ်၍ လျှောက်လိုက်ရုံဖြင့် ရောက်နိုင်ပါသည်။
တိုင်းပြည် တိုးတက်ပြောင်းလဲရေးဖြစ်စဉ်မှာတော့ ဤမျှ မလွယ်ကူပေ။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းပြည် တိုးတက်ပြောင်းလဲရေး ဖြစ်စဉ်ကို အမှန်တကယ် ဦးစားပေးလုပ်လိုပါလျှင် အောက်ပါ အခြေခံအကြောင်းရင်း ၄ ရပ်ကို မဖြစ်မနေ ထည့်သွင်းလုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို မည်သည့်အခါတွင်မျှ ရနိုင်မည်မဟုတ်ပေ။
ယင်းလေးရပ်မှာ -
(က) ဖယ်ထုတ်၍မရသော နယ်ပယ်
(ခ) မှတ်ကျောက်တင်ခံနိုင်သော ရွေးကောက်ပွဲ
(ဂ) လက်တွေ့လုပ်ဆောင်ရမည့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်နှင့်
(ဃ) လူထုအခြေပြုလူ့အဖွဲ့အစည်းများ အင်တိုက်အားတိုက်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ ဖြစ်သည်။
(က) ဖယ်ထုတ်၍ မရသော နယ်ပယ်(ခ) မှတ်ကျောက်တင်ခံနိုင်သော ရွေးကောက်ပွဲ
(ဂ) လက်တွေ့လုပ်ဆောင်ရမည့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်နှင့်
(ဃ) လူထုအခြေပြုလူ့အဖွဲ့အစည်းများ အင်တိုက်အားတိုက်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ ဖြစ်သည်။
ယနေ့ မြန်မာ့နိုင်ငံရေးပြဿနာကို ရွေးကောက်ပွဲနည်းဖြင့် ဖြေရှင်းရာတွင် ဖယ်ထုတ်၍မရသော အဓိက နယ်ပယ် နှစ်ရပ်ရှိသည်။ ထိုအရာများမှာ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်နိုင်ရေးဖြစ်သည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် လိုအပ်သော အခြေခံအကြောင်းအရင်းဖြစ်သည်။ နအဖ စစ်အစိုးရသည် နယ်ပယ်နှစ်ရပ်လုံးကို မြန်မာနိုင်ငံရေးလောကမှ ဖယ်ထုတ်နိုင်ရန်အတွက် ကြိုးပမ်းမှုသာဓကအဖြစ် ၂ဝ၁ဝ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပြဌာန်းလိုက်ပြီဖြစ်သည်။
(ခ) မှတ်ကျောက်တင်ခံနိုင်သော ရွေးကောက်ပွဲ
ဒီမိုကရေစီတိုင်းပြည်တစ်ခု၏ အထွေထွေရွေးကောက်ပွဲများကို တိုင်းတာရာတွင် မည်မျှ လွတ်လပ်သည်၊ မည်မျှ မျှတသည်ကို ကြည့်၍ တိုင်းတာကြသည်။ ယခု နအဖ စစ်အစိုးရက ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲမှာ လုပ်ဖြစ်သည်/မလုပ်ဖြစ်သည်ကိုထား၊ အခုလက်ရှိအခြေအနေမှာပင် စည်းကားသော မြို့ကြီးများတွင် လုံးခြုံရေး တင်းကြပ်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို အထူးသိရှိစေနိုင်မည့် လူထုဆက်သွယ်ရေး ယန္တရားဖြစ်သော သတင်းမီဒီယာများကို ပိတ်ပင်တားဆီးထားခြင်း၊ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ထောင်ချထားခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများနှင့် နိုင်ငံရေးပါတီများကို မတရားအသင်းများအဖြစ် အတင်းအဓမ္မ ကြေညာပြီး ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်နိုင်မှုကို ပစ်ပယ်ရန် ကြိုးပမ်းလျှက်ရှိသည်။ ထို့ကြောင့် နအဖစစ်အစိုးရ ပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲသည် မှတ်ကျောက်တင်ခံနိုင်သော ရွေးကောက်ပွဲဖြစ်ရန် အလှမ်းကွာဝေးလျှက်ရှိသည်။
(ဂ) လက်တွေ့လုပ်ဆောင်ရမည့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်
အပြစ်ရှိသူကို အပြစ်ပေးအရေးယူခြင်းနှင့် အပြစ်မရှိသူကို ဥပဒေများ သတ်မှတ်ပြဌာန်းပြီး အကာအကွယ် ပေးခြင်းသည် တရားဥပဒေစိုးမိုးရေး၏ အခြေခံအင်္ဂါရပ်တခု ဖြစ်သည်။
ယနေ့လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ရိုးရိုး သာမန် လူ့အခွင့်အရေးချိုးဖောက်မှုများမဟုတ်ဘဲ နိုင်ငံတကာအဆင့်ရှိ ပြစ်မှုကြီးများအဖြစ်သို့ ရောက်ရှိနေပြီဆိုလျှင် မည်သူမျှ ငြင်းချက်ထုတ်လိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် ယင်းမှုခင်းကြီးများကို တရားဥပဒေစိုးမိုးရေး ရှုထောင့်မှ အဖြေထုတ်ရန် လိုအပ်လာပေသည်။ ယင်းမှာ မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းရမည့် အခြေခံလုပ်ငန်းစဉ်ဖြစ်သည်။
တချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ လက်ရှိ တည်ဆဲဥပဒေများသည် မတရား ထုတ်ပြန်ထားသော ဥပဒေများဖြစ်ပြီး ယင်းဥပဒေများဖြင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ၊ ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများကို မတရားဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားပြီးဖြစ်သည်။ ထိုကြောင့် နအဖစစ်ခေါင်းဆောင်များအနေဖြင့် တိုင်းပြည်တိုးတက်ပြောင်းလဲရေးကို အမှန်တကယ်လိုလားပါက မတရားသော လက်ရှိတည်ဆဲဥပဒေများကို ဖျက်သိမ်း၍ ယင်းဥပဒေများဖြင့် ပြစ်ဒဏ်ချမှတ်ထားသော သူများကို ချွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်သည်။
အခြားသော လူမှုစီးပွားရေး အဆောက်အအုံများကို တည်ဆောက်ရာတွင်လည်း တရားဥပဒေစိုးမိုးရေး အခြေခံရှိမှာသာ လူတစ်ဦးချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုရော၊ လူမှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ရှာဖွေ သွားနိုင်မည်ဖြစ်သည်။
(ဃ) လူထုအခြေပြု လူ့အဖွဲ့အစည်းများ အင်တိုက်အားတိုက်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု
ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံများတွင် Civil Society Organization ဟုခေါ်သော လူထုအခြေပြု လူ့အဖွဲ့အစည်းများအား အစိုးရမလုပ်နိုင်သည့် လူထု၏ အခြေခံလိုအပ်ချက်များကို အင်တိုက်အားတိုက် ဖြည့်ဆည်းနိုင်ရန်အတွက် ဖွဲ့စည်းတည်ထောင်ပြီး လုပ်ကိုင်လျှက်ရှိကြသည်။ ယင်းအဖွဲ့အစည်းများသည် သက်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် ပြည်သူတစ်ဦးချင်း၏ သဘောဆန္ဒအလျောက် ဝင်ရောက်ခြင်းဖြင့် ဖွဲ့စည်းထားသောကြောင့် တိုင်းပြည်၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို လူထုကိုယ်တိုင် လုပ်ကိုင်နိုင်သည့် အခြေအနေကို ဖန်တီးတည်ဆောက်ခြင်းပင် ဖြစ်သည်။
လူထုအခြေပြု လူ့အဖွဲ့အစည်းများဟုဆိုရာတွင် လွတ်လပ်သော သတင်းအေဂျင်စီများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ အလုပ်သမား၊ ဆရာဝန်၊ ရှေ့နေ၊ တောင်သူလယ်သမား စသည့် လူမှုစီးပွားကိစ္စအဝဝနှင့် တိုက်ရိုက် သက်ဆိုင်သည့် အဖွဲ့အစည်းများဖြစ်ပြီး ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ၎င်းတို့ကိုယ်တိုင် ရှာဖွေတည်ဆောက်ခွင့် ပေးထားကာ ဒီမိုကရက်တစ်အစိုးရများ၏ မူဝါဒလမ်းစဉ်များကို ဝိုင်းဝန်းအကောင်အထည်ဖော် တည်ဆောက်ခြင်းအားဖြင့် တိုင်းပြည်၏ တိုးတက်မှုစံနှုန်းများ မြင့်မားလာမည်ဖြစ်သည်။ ဤသည်ကို လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုနှစ်ခုအတွင်း အလျှင်အမြန် တိုးတက်လာသော အရှေ့တောင်အာရှ နိုင်ငံများက သက်သေထူလျှက်ရှိသည်။
နိဂုံးချုပ်အားဖြင့် ဆိုရပါမူ ယနေ့လက်ရှိ မြန်မာနိုင်ငံကို မတရားသဖြင့် အုပ်ချုပ်လျက်ရှိသော နအဖ စစ်အာဏာရှင်တစ်စုသည် ၎င်းတို့အာဏာ တည်မြဲရေးနှင့် မြန်မာနိုင်ငံရေးသမိုင်း အလှည့်အပြောင်းကို ဖန်တီးပြီး စစ်အာဏာရှင်စနစ်ကို အခြားပုံစံတမျိုးဖြင့် အမည်ပြောင်းအုပ်ချုပ်နိုင်မည့် အခြေအနေတရပ်ကို လိုအပ်သလို ဖန်တီးခြင်းသာဖြစ်ပြီး အမှန်တကယ် လိုအပ်သည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းပြည်တိုးတက်ပြောင်းလဲရေးကို လုံးဝလျစ်လျူရှုလျက်ရှိပါကြောင်း။ ။
x x x x x