နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားကြခြင်း
တူမောင်ညို 
၂၀၁၀ ပြည့်နှစ်၊ မတ်လ (၈) ရက်နေ့တွင် (နအဖ) စစ်အစိုးရက အောက်ပါဥပဒေ (၅) ရပ်ကိုထုတ်ပြန်ကြေညာခဲ့ပါသည်။
မှတ်ပုံတင်ရမည့်နောက်ဆုံးနေ့ရက်သတ်မှတ်ခြင်း
၂၀၁၀ ပြည့်နှစ်၊ မတ်လ (၈) ရက်နေ့တွင် (နအဖ) စစ်အစိုးရက အောက်ပါဥပဒေ (၅) ရပ်ကိုထုတ်ပြန်ကြေညာခဲ့ပါသည်။
-  ဥပဒေအမှတ် (၁/၂၀၁၀)  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ
-  ဥပဒေအမှတ် (၂/၂၀၁၀)  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ
-  ဥပဒေအမှတ် (၃/၂၀၁၀)  ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ
-  ဥပဒေအမှတ် (၄/၂၀၁၀)  အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ
-  ဥပဒေအမှတ် (၅/၂၀၁၀)တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်  ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ
ထို့အပြင်၂၀၁၀ပြည့်နှစ်၊  မတ်လ (၁၁) ရက်နေ့တွင် ဦးသိန်းစိုး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် (၁၇)  ဦးပါဝင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
သို့ဖြင့်  နိုင်ငံရေးပါတီအများအဖြစ် မှတ်ပုံတင်နိုင်ရန်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားခဲ့ကြရာ ၂၀၁၀  ပြည့်နှစ်၊ မတ်လ (၂၂) ရက်နေ့ မှ ဧပြီလ (၉) ရက်နေ့အထိ  မှတ်ပုံတင်လာရောက်လျှောက်ထားကြသည့် နိုင်ငံရေးပါတီစုစုပေါင်း (၁၉) ပါတီ  ရှိပါသည်။ (မှတ်ပုံတင်သည့်နေ့စွဲအလိုက် ပါတီမှတ်ပုံတင် လျှောက်ထားသည့်  စာရင်းကို ဇယားဖြင့် ပူးတွဲဖေါ်ပြထားပါသည်)
ယင်း (၁၉) ပါတီထဲတွင်  ယခုမှစတင်၍ မှတ်ပုံတင်လာရောက်လျှောက်ထားသည့် ပါတီ အရေအတွက် မှာ (၁၆)  ပါတီရှိပြီး။ ကျန်(၃) ပါတီမှာ တည်ဆဲ နိုင်ငံရေးပါတီ  (၁၀)  ပါတီထဲကဖြစ်ပါသည်။
ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်လျှောက်ထားကြသည့်  နိုင်ငံရေးပါတီ (၃) ခုမှာ -
၁။  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)
၂။  ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်
၃။ မြို (ခေါ်) ခမိ  အမျိုးသားညီညွတ်ရေးအဖွဲ့ (မခမညဖ)
MRO  OR KHAMI NATIONAL  SOLIDARITY ORGANIZATION (MKNSO)
တို့ဖြစ်ပါသည်။
ယခုအချိန်အထိ မှတ်ပုံတင်လာရောက်လျှောက်ထားကြသည့်  နိုင်ငံရေးပါတီ (၁၉) ပါတီကို နိုင်ငံရေးပါတီအဖြစ်  အသိအမှတ်ပြုလက်ခံကြောင်း“သိန်းစိုးကော်မရှင်”မှ ထုတ်ပြန်ကြေညာခြင်း  မရှိသေးပါ။ မှတ်ပုံတင်လာရောက်လျှောက်ထားသည့် လျှောက်လွှာကို  လက်ခံထားသည့်အဆင့်သာ ရှိပါသေးသည်။
မှတ်ပုံတင်လာရောက်လျှောက်ထားကြသည့် နိုင်ငံရေးပါတီ  (၁၉) ပါတီတွင် တိုင်းရင်းသားအမည်တပ်ထားသည့် နိုင်ငံရေးပါတီပေါင်း (၉)  ပါတီရှိပါသည်။ ယင်းတို့မှာ -
၁။ ကရင်ပြည်သူ့ပါတီ
၂။  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
၃။  ကချင်ပြည်နယ်တိုးတက်ရေးပါတီ။
၎။ ချင်းအမျိုးသားပါတီ  (Chin National Party)
၅။   ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
၆။ တအောင်း (ပလောင်)  အမျိုးသားပါတီ
၇။  ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်
၈။ “ဝ” ဒီမိုကရက်တစ်ပါတီ
၉။ မြို (ခေါ်) ခမိ  အမျိုးသားညီညွတ်ရေးအဖွဲ့ (မခမညဖ)
MRO  OR KHAMI NATIONAL  SOLIDARITY ORGANIZATION (MKNSO)
အဆိုပါ  တိုင်းရင်းသားအမည်တပ်ထားသည့် ပါတီများအနက်မှ မည်သည့်ပါတီအဖွဲ့အစည်းသည်   ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီအဖွဲ့အစည်းလား၊ တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်အတွင်း၌သာ စည်းရုံးမည့် ပါတီအဖွဲ့အစည်းလား  ဆိုသည့်အချက်မှာ ယခုအချိန်အထိ ကွဲကွဲပြားပြား သိရှိရခြင်းမရှိသေးပါ။
“နိုင်ငံရေးပါတီ  ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားရန်” အတွက်  နောက်ဆုံးနေ့အဖြစ် မေလ (၆) ရက်နေ့ကို သတ်မှတ်ကြောင်း ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ  (၉) ရက်နေ့တွင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ်  (၁၈/၂၀၁၀)  ထုတ်ပြန်၍ အသိပေးကြေညာထားပါသည်။
သို့ပါ၍  ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသူများရော(တည်ဆဲ ၁၀ ပါတီအတွက် )   မှတ်ပုံတင်ခွင့် (အသစ်) လျှောက်ထားမည့် သူများအတွက် နောက်ဆုံးနေ့ရက်မှာ  ၂၀၁၀ ပြည့်နှစ်၊ မေလ (၆) ရက်နေ့ဖြစ်ပါသည်။
ယခုဆောင်းပါးရေးသည့်  နေ့ရက် (၁၅ ဧပြီ) မှ စတင်ရေတွက်မည်ဆိုလျှင် မှတ်ပုံတင်လျှောက်ထားကြရမည့်  နေ့ရက်မှာ (၂၁) ရက်မျှသာ ကျန်ပါတော့သည်။
တည်ဆဲ (၁၀) ပါတီအနက်မှ  နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် မြို (ခေါ်) ခမိ  အမျိုးသားညီညွတ်ရေးအဖွဲ့ (မခမညဖ) MRO OR KHAMI NATIONAL SOLIDARITY  ORGANIZATION (MKNSO) ၏ ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို  ကန့်ကွက်လိုသူများရှိပါက (၇) ရက်အတွင်း ခိုင်လုံသော အထောက်ထားများဖြင့်  ကော်မရှင်သို့ လာရောက်ကန့်ကွက်နိုင်ကြောင်း ဧပြီလ (၁၄) ရက်နေ့ထုတ်  နေ့စဉ်သတင်းများတွင် ဖေါ်ပြထားပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့  မှတ်ပုံတင်လျှောက်ထားကြသည့် နိုင်ငံရေးပါတီများ
(မတ်လ ၂၂ ရက်နေ့ မှ ဧပြီလ ၉ ရက်နေ့အထိ )
စဉ်  |  ရက်စွဲ  |  ပါတီအမည်  |  ဦးဆောင်သူအမည်  |  
၁။  |  ၂၂   မတ်  |  ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ(ပြည်ထောင်စု    မြန်မာနိုင်ငံ) THE   88 GENERATION STUDENT YOUTHS (UNION OF  MYANMAR)  |  ကိုရဲထွန်း   ဦးစီး  |  
၂။  |  ၂၂   မတ်  |  ပြည်ထောင်စုမြန်မာနိုင်ငံ  အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် THE   UNION OF MYANMAR   FEDERATION OF NATIONAL  POLITICS  |  ကိုအေးလွင်   ဦးစီး  |  
၃။  |  ၂၉   မတ်  |  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ   (တစည) (ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်လျှောက်ထားခြင်း)  |  |
၎။  |  ၃၀   မတ်  |  ဒီမိုကရက်တစ်ပါတီ (မြန်မာ)  |  ဦးသုဝေ ဦးစီး  |  
၅။  |  ၃၁   မတ်  |  ကရင်ပြည်သူ့ပါတီ  |  |
၆။  |  ၁   ဧပြီ  |  အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်  |  |
၇။  |  ၂   ဧပြီ  |  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)  |  |
၈။  |  ၅   ဧပြီ  |  ကချင်ပြည်နယ်တိုးတက်ရေးပါတီ  |  ဒေါက်တာမနန်တူးဂျာ   ဦးစီး  |  
၉။  |  ၅   ဧပြီ  |  မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ  |  |
၁၀။  |  ၆   ဧပြီ  |  မတူကွဲပြားခြင်းနှင့်   ငြိမ်းချမ်းရေးပါတီ  |  |
၁၁။  |  ၆   ဧပြီ  |  ခေတ်သစ်ပြည်သူ့ပါတီ  |  ဦးထွန်းအောင်ကျော်   ဦးစီး  |  
၁၂။  |  ၇   ဧပြီ  |  ချင်းအမျိုးသားပါတီ   (Chin National Party)  |  |
၁၃။  |  ၈   ဧပြီ  |  ပြည်ထောင်စု ဒီမိုကရေစီပါတီ (Union Democracy    Party)  |  ဦးရွှေအုံး   ဦးစီးသည့်ပါတီဖြစ်ပါလိမ့်မည်။  |  
၁၄။  |  ၈ ဧပြီ  |  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ  |  |
၁၅။  |  ၈ ဧပြီ  |  တအောင်း   (ပလောင်) အမျိုးသားပါတီ  |  |
၁၆။  |  ၈ ဧပြီ  |  ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားခြင်း)  |  |
၁၇။  |  ၉ ဧပြီ  |  ဝံသာနု   NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)  |  |
၁၈။  |  ၉   ဧပြီ  |  “ဝ”   ဒီမိုကရက်တစ်ပါတီ  |  |
၁၉  |  ၉   ဧပြီ  |  မြို   (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ (မခမညဖ) MRO  OR KHAMI NATIONAL SOLIDARITY ORGANIZATION    (MKNSO) (ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားခြင်း) ဌာနချုပ်   (အိမ်အမှတ် ၂၀၂ / စာတိုက်လမ်း၊  ပြည်တော်သာရပ်ကွက်၊ ကျောက်တော်မြို့နယ်၊   ရခိုင်ပြည်နယ်)  |  
ယခုဆောင်းပါးရေးသည့်  နေ့ရက် (၁၅ ဧပြီ) မှ စတင်ရေတွက်မည်ဆိုလျှင် မှတ်ပုံတင်လျှောက်ထားကြရမည့်  နေ့ရက်မှာ (၂၁) ရက်မျှသာကျန်ပါတော့သည်။ များမကြာမီ ကြံ့ဖွံ့မှ  အသွင်ပြောင်းထားသည့် သူများကလည်း နိုင်ငံရေးပါတီအဖြစ်  မှတ်ပုံတင်ကြလိမ့်မည်ဟု ထင်မြင်ယူဆပါသည်။
သို့သော်လည်း မှတ်ပုံတင်  လာရောက်လျှောက်ထားကြသည့် ပါတီများအနက် မည်သည့်ပါတီကို နိုင်ငံရေးပါတီအဖြစ်  မှတ်ပုံတင် ခွင့်ပြုမည်ဆိုသည့် အချက်ကလည်း (နအဖ)စစ်အစိုးရ  စိတ်ကြိုက်ခန့်ထားသည့် ကော်မရှင်လက်ထဲမှာရှိနေသလို၊ ရွေးကောက်ပွဲကျင်းပမည့်  နေ့ရက်ကိုလည်း (နအဖ)စစ်အစိုးရကပဲ စိတ်ကြိုက်  သတ်မှတ်ကြေညာမှာဖြစ်ပါကြောင်း။
x x x x x
တူမောင်ညို
၁၅ ဧပြီ ၂၀၁၀








