ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Apr 19, 2010

လောင်းကစားလုပ်ငန်းကိုပြန်လုပ်ရန် ရဲအာဏာပိုင်များ တိုက်တွန်း

ဖြိုးကြီး

ဘိုကလေးမြို့ပေါ်တွင် လောင်းကစားဒိုင်များကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ပြီး ဆက်လက်လုပ်ကိုင်ရန် ရဲတပ်ဖွဲ့ အာဏာပိုင်များက တိုက်တွန်းမှုများပြုလုပ်နေကြောင်း မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့်လ ၂၂ ရက်နေ့တွင် လောင်းကစားဒိုင်အချို့ကို ဖမ်းဆီးပြီး ၃ ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ပြီး ယခုအခါ နှစ်လုံးသုံးလုံးထီများကို လွတ်လပ်စွာရောင်းချရန် ဘိုကလေးမြို့အမှတ် (၃) ရပ်ကွက် နယ်ထိန်းအောင်ဇော်မင်း၏ သတင်းပေးတဦးက လိုက်လံပြောဆိုနေကြောင်း မြို့ခံက ပြောသည်။

“အရင်က ဒိုင်ကိုင်တဲ့သူတွေက ဒီအလုပ်ကို စွန့်လွှတ်ဖို့ ကြိုးစားနေတာကို နယ်ထိန်းရဲ့ သတင်းပေး သံချောင်းဆိုသူက လိုက်ပြီး အရင်လို ဒိုင်ပြန်လုပ်ဖို့ တိုက်တွန်းပြောနေတာ၊ အခုတချို့က ဒိုင်ပြန်ကိုင်နေကြတယ်” ဟု ပြောသည်။

ဘိုကလေးမြို့ပေါ်လောင်းကစား ကိစ္စများကို စုံစမ်းစစ်ဆေးမည့် ဒေးဒရဲမြို့နယ်မှူးနှင့် ဘိုကလေးရဲတပ်ဖွဲ့ အာဏာပိုင်များက ၁ လပိုင်း ၁၄ ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ကာ စစ်ဆေးမှုများကို ပေါ့လျော့စွာ စစ်ဆေးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“သူတို့တွေက ဘိုကလေးမြို့ပေါ်က ဒဂုံစားသောက်ဆိုင် အခန်း(၂)မှာ တွေ့ပြီး ဘာတွေမေးမယ် ဘယ်လိုဖြေရမယ်ဆိုတာကို ကြိုတင်ပြောဆိုပြီး ပိုက်ဆံ (၁၅)သိန်းကိုပေးလိုက်တာ၊ နောက်နေ့ကျတော့ တိုင်ပင်ထားတဲ့အတိုင်း ထွက်ဆိုလိုက်ကြတာ၊ အဲဒီလိုညှိနှိုင်းမှုတွေလုပ်ဖို့ စီစဉ်ပေးတာက အရင်ကဘိုကလေးက နယ်ထိန်းခေါင်းဆောင် အခုမိချောင်းအိုင်ရဲကင်းမှူး ဖြစ်နေတဲ့ ဒုရဲအုပ်အေးထွန်းက လုပ်ပေးတာ” ဟုမြို့ခံက ဆက်ပြောသည်။

ယခုအခါ ဘိုကလေးရဲတပ်ဖွဲ့ဝင်များ၏ တိုက်တွန်းချက်မှုကြောင့် လောင်းကစားလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နေသည့် ဒိုင် (၂၀) ဦးရှိပြီး သက်ဆိုင်ရာ အထက်အာဏာပိုင်များက လာရောက်စစ်ဆေးသော်လည်း ငွေကြေးလာဘ်ထိုးပြီး အရေးယူခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။