ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Apr 20, 2010

စစ်အစိုးရစွပ်စွဲမှုကို ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်

ဖြိုးကြီး

ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ စစ်အစိုးရက ဒီမိုကရေစီအင်အားစုများအပေါ် စွပ်စွဲထားချက်များကို လုံးဝကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)က ယနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အနေဖြင့် လူမျိုးစုံပြည်သူတရပ်လုံး၏ အခြေခံလူ့အခွင့်အရေးနှင့် စစ်မှန်သောဒီမိုကရေစီရရှိရေးအတွက် အကြမ်းမဖက်သည့်နည်းလမ်းများကို လေးနက်ယုံကြည်စွာ ကိုင်စွဲထားသည့်အဖွဲ့ဖြစ်ပြီး ပြည်သူလူထုကို ဒုက္ခရောက်စေရန် လုံးဝလုပ်ဆောင်ခြင်းမရှိကြောင်း အဆိုပါကြေညာချက်တွင် အလေးအနက်ဖော်ပြထားသည်။

နအဖ စစ်အစိုးရလက်ထက်တွင် ဗုံးပေါက်ကွဲမှုများ အမြောက်အများဖြစ်ပွားခဲ့သော်လည်း တရားခံကို ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိဘဲ အတိုက်အခံဒီမိုကရေစီအင်အားစုများကိုသာ စွပ်စွဲပြောဆိုခြင်းများ၊ ဖမ်းဆီးနှိပ်စက်၊ ထောင်ချခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါကြေညာချက်ထွက်ဖော်ပြထားသည်။

အဆိုပါ ရန်ကုန်သင်္ကြန်ဗုံးပေါက်ကွဲမှုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်လာရောက်မည်ဖြစ်သည့်အတွက် ရည်ရွယ်၍ ဖောက်ခွဲခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေလျှက်ရှိသည်။

စစ်အစိုးရအနေဖြင့် ယခင်က ဗုံးပေါက်ကွဲမှုများကိုလည်း အတိုက်အခံအင်အားစုများလက်ချက်ဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး ပြီးခဲ့သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကိုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်ချက်ဖြစ်ကြောင်း စွပ်စွဲခဲ့သေးသည်။

ယင်းကဲ့သို့ စစ်အစိုးရ၏ စွပ်စွဲပြောဆိုမှုများသည် အတိုက်အခံအင်အားစုများအပေါ် အစီစဉ်ရှိရှိ နိုင်ငံရေးအမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် အမြန်ဆုံးရပ်တန့်ရန် အဆိုပါကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။