ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 7, 2010

ရွေးကောက်ပွဲကို ဖျက်သိမ်းရေးအတွက် အမျိုးသားရေးတာဝန်အဖြစ်လုပ်ဆောင်ရန်လိုအပ်ဟု ပြော

ဖြိုးကြီး။ ဇူလိုင် ၇၊ ၂၀၁၀

၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်သိမ်းပစ်ရန် ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုတရပ်လုံးက အမျိုးသားရေးတာဝန်အဖြစ် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တာဝန်ခံ ဦးမင်းနိုင်က ပြောသည်။

ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သည့် (၄၈) နှစ်မြောက် ၇ ရက်ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။

“နအဖ စစ်အာဏာရှင်တွေဟာ ပြည်သူတွေအပေါ်မှာ မြန်မာပြည်ရဲ့ စီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ပြီး သူတို့အာဏာတည်မြဲ သက်ဆိုးရှည်ရေးကို ဒီကနေ့မှာ ကြိုးစားနေတာ အားလုံးအသိပဲ ဖြစ်တယ်၊ ဒီဖွဲ့စည်းပုံကို အသက်ဝင်ခံလို့မဖြစ်ဘူး၊ ကျနော်တို့ ကျောင်းသားပြည်သူတရပ်လုံးရဲ့တာဝန်ဟာ အဲဒါကို ဖျက်သိမ်းရမယ်” ဟု ဦးမင်းနိုင်က ပြောသည်။

အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်၍ “ကျနော်တို့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်က ကျောင်းသားတွေအပေါ် ပြည်သူတွေအပေါ်မှာ ရက်ရက်စက်စက် စတင်ပြီး ဖိနှိပ်ခဲ့တဲ့ နေ့ရက်ဖြစ်တယ်၊ ဒီအာဏာရှင် စနစ်ရှိနေသရွေ့ ဒီ ၇ ရက်ဇူလိုင်ကို မမေ့ဖို့လိုတယ်၊ အဲဒီရည်ရွယ်ချက်နဲ့ အဓိက ကျင်းပတာဖြစ်တယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တာဝန်ခံ ဦးမင်းနိုင်က ပြောသည်။

ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းမှာ ကျောင်းသူတဦးကလည်း စစ်အာဏာရှင်များအနေဖြင့် ကျောင်းသားသမဂ္ဂ အဆောက်အဦအား ဖျက်ဆီးခဲ့ခြင်းသည် အရမ်းဝမ်းနည်းစရာကောင်းသည့် လုပ်ရပ်ဖြစ်ပြီး မြန်မာပြည်တွင်း၌လည်း ယခုကဲ့သို့ အခမ်းအနားများကို လုပ်ပေးရန် လိုအပ်ကြောင်း ပြောသည်။

“ငါတို့ ကျောင်းသားတွေ တည်ထောင်ခဲ့တဲ့ ဒီအဆောက်အဦကြီးဟာ ဘာကြောင့် သူတို့ ဒီလိုမျိုး ဖျက်ရလဲ၊ ဒီအခမ်းအနားကို ဘာကြောင့် ဒီလိုမျိုးလုပ်ရလဲ စိတ်ထဲမှာ အရမ်းကြေကွဲ ဝမ်းနည်းလာတယ်၊ စစ်အာဏာရှင်တွေကိုလည်း အရမ်းမုန်းလာတယ်၊ ဒီကျောင်းသားသမဂ္ဂကိုလည်း မြန်မာပြည်အထဲမှာရှိတဲ့ လူတွေ အကုန်လုံး ကျယ်ကျယ်ပြန့်ပြန့် သိလာပြီး သမီးတို့ လက်ထက်ရောက်ရင်လည်း ဒီလို ကျောင်းသားသမဂ္ဂကို တည်ထောင်ဖို့ သမီးတို့ ကြိုးစားသွားမယ်” ဟု ဆက်ပြောသည်။

ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် စစ်တပ်က ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ဇူလိုင်လ (၇) ရက်နေ့တွင် ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဖြိုချဖျက်ဆီးခဲ့သည်။ ယင်းကဲ့သို့ စစ်တပ်က အကြမ်းဖက်မှုကြောင့် ကျောင်းသားကျောင်းသူ တရာကျော် သေဆုံးခဲ့ရပြီး ကျောင်းသားသမဂ္ဂသမိုင်းတွင် သွေးစွန်းခဲ့သည့်နေ့ ဖြစ်သည်။

No comments:

Post a Comment