ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 17, 2009

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၂)

စောကျော်ကျော်မင်း

ယခင်ဆောင်းပါး အမှတ် (၁) ၌ ရဲများတွင်လည်း ၎င်းတို့လိုက်နာရမည့် ‘ရဲဥပဒေ’ ရှိသည်ဟု ဖော်ပြခဲ့ပြီးဖြစ်သည်။ ယနေ့ခေတ်ကာလတွင် မြန်မာနိုင်ငံရဲများ လိုက်နာကျင့်သုံးရမည့် ဥပဒေ အများအပြားရှိသည့်အနက် ၎င်းတို့နှင့် အနီးစပ်ဆုံး၊ အသက်ဆိုင်ဆုံး ဥပဒေတစ်ရပ်ကို ယခုဆောင်းပါးတွင် ဖော်ပြအပ်ပါသည်။

ယင်းဥပဒေမှာ ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ပြုလုပ်ပြဌာန်းလိုက်ခြင်း ဖြစ်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(ယခု နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) သည် “ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ” ကို ၁၉၉၅ ခု၊ ဧပြီလ (၂၆) ရက်နေ့တွင် ပြုလုပ်ပြဌာန်းခဲ့သည်။

ယင်းဥပဒေ ပြဌာန်းလိုက်သည့်အချိန်က “ပြည်သူ့ရဲ” အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့သော်လည်း ယနေ့အချိန်တွင် “မြန်မာနိုင်ငံရဲ” အဖြစ် ပြောင်းလဲ ခေါ်ဝေါ်သုံးစွဲနေပြီဖြစ်သည်။ ယင်းဥပဒေ၏ ပုဒ်မ- ၂ ပြဌာန်းချက်အရ “ပြည်သူ့ရဲတပ်ဖွဲ့တွင် အမှုထမ်းနေကြသော ရဲတပ်ဖွဲ့ဝင်အားလုံးသည် မည်သည့်အရပ်၌ ရောက်ရှိနေစေကာမူ ဥပဒေကို လိုက်နာကြရမည်” ဟု ပြဌာန်းထားသည်မှာ အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြရန် မလိုအောင်ပင် ပေါ်လွင်လှပါသည်။

ယင်းဥပဒေ ပုဒ်မ - ၁၇(က)တွင် ဥပဒေအရ ဖမ်းဆီးခွင့်မရသော သူအား အကြောင်းမဲ့ဖမ်းဆီး ထားလျှင်၊ ချုပ်နှောင်ထားလျှင် (သို့မဟုတ်) ထိုသူ၏အမှုကို စုံစမ်းစစ်ဆေးရန်အတွက် ဆိုင်ရာ အာဏာပိုင်များထံ တင်ပြရန် ပျက်ကွက်လျှင် …… ဟု ပြဌာန်းထားသည်။

ပုဒ်မ - ၁၇(ဆ)တွင် အကျဉ်းသား၊ အချုပ်သား (သို့မဟုတ်) ဖမ်းဆီးထားသူတစ်ဦးအား ရိုက်ပုတ်လျှင် (သို့မဟုတ်) အခြားနည်းဖြင့် ညှဉ်းပန်းနှိပ်စက်လျှင် …… ဟု ပြဌာန်းထားပြီး ယင်းပြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ပါက ၃ နှစ်ထိ ထောင်ဒဏ်ကျခံစေရမည်ဟု အတိအလင်း ဖေါ်ပြထားသည်။

အထက်ဖေါ်ပြချက်များကို လေ့လာပါက နိုင်ငံသားတစ်ဦးအတွက် အကြောင်းမဲ့ ဖမ်းဆီးခြင်းမှ ကင်းလွတ်ခွင့်၊ ချုပ်နှောင်ခံထားရခြင်းမှ ကင်းလွတ်ခွင့် စသည့်အခွင့်အရေးများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မလွဲမသွေ လေးစားလိုက်နာ ကာကွယ်ပေးရမည်ဖြစ်သည်။ (အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ စုံစမ်းစစ်ဆေးရန်အတွက် ဆိုင်ရာ အာဏာပိုင်များထံ တင်ပြရန် ပျက်ကွက်ခြင်း စသည့်စကားရပ်များကို နောက်ပိုင်းတွင် အလျဉ်းသင့်သလို ရှင်းလင်းတင်ပြသွားပါမည်။)

ပုဒ်မ - ၁၇(ဆ) တွင် “ရိုက်ပုတ်လျှင် (သိုမဟုတ်) အခြားနည်းဖြင့် ညှဉ်းပန်းနှိပ်စက်လျှင်” ဟု ပြဌာန်းထားချက်အရ ညှဉ်းပန်းနှိပ်စက်မှုဆိုရာတွင် “စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု” နှင့် “ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု” ဟု နားလည်လက်ခံရမည် ဖြစ်သည်။

ထို့ပြင် “အကျဉ်းသား၊ အချုပ်သား (သို့မဟုတ်) ဖမ်းဆီးထားသူ” ဟု ပြဌာန်းထားခြင်းအားဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ မည်သူကိုမဆို ရိုက်နှက်ခွင့်၊ ညှဉ်းပမ်းနှိပ်စက်ခွင့် မရှိကြောင်း တွေ့ရပေသည်။

ယင်းမှာ ညှဉ်းပန်းနှိပ်စက်ခံရခြင်းမှ ကင်းလွတ်ခွင့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မလွဲမသွေ လေးစားလိုက်နာ ကာကွယ်ပေးရမည်ဟု ယင်းဥပဒေက ပြဌာန်းပေးထားခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရာတွင် “ရဲတပ်ဖွဲ့” ဟူသည် အရေးကြီးသော အစိတ်အပိုင်းတရပ်မှ ပါဝင်လျက်ရှိပေသည်။ ရဲတပ်ဖွဲ့ဝင်များက အဂတိလိုက်စားသဖြင့် ပြစ်မှုကျူးလွန်သူတို့ တရားဥပဒေဘောင်မှ ကင်းလွတ်ခွင့်ရနေလျှင် လူ့အဖွဲ့အစည်း ထိခိုက်နစ်နာစေသည့်အပြင် အကျင့်စရိတ္တ ကောင်းမွန်သူတို့ပင် အကျင့်စာရိတ္တ ပျက်ပြားလာစေနိုင်သည်ကို အလေးအနက်ထား ဂရုပြုရမည် ဖြစ်ပေသည်။ ထို့ပြင် တရားဥပဒေစိုးမိုးမှုကိုပင် ထိခိုက်စေနိုင်သည်။

အပြန်အလှန်အားဖြင့် ပြစ်မှုကျူးလွန်ခြင်းမရှိသူတို့ တရားဥပဒေ၏ အကာအကွယ်ကို မရရှိပါကလည်း တရားဥပဒေစိုးမိုးမှုမရှိကြောင်း ဖော်ပြရာရောက်ပေသည်။

အထူးသဖြင့် ယုံကြည်ချက်တစ်ခုခုကြောင့် နိုင်ငံ၏ ရေးရာကိစ္စရပ်တစ်ခုခုတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်ကြသူများသည် မိမိတို့ရသင့်ရထိုက်သော ဥပဒေအရ အကာအကွယ်ပေးမှုများကို လုံလောက်စွာ မရရှိပါက တိုင်းပြည်အတွက် လွန်စွာ ထိခိုက်နစ်နာမည် ဖြစ်ပေသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးမြင့်အေးကို ဖမ်းဆီးချုပ်နှောင် စစ်ဆေးခဲ့သည့်အချိန်၌ နေ့စဉ်ရက်ဆက် မတ်တပ်ရပ်ခိုင်းပြီး စစ်ဆေးမေးမြန်းခြင်းဖြင့်လည်းကောင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် အဖွဲ့ဝင် ကိုသန်းဇော်မြင့်ကို ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခြင်းဖြင့်လည်းကောင်း၊ ထိုကဲ့သို့ ရိုက်နှက်ညှဉ်းပန်းမှုကို ဦးမြင့်အေးမြင်အောင် ပြသမှုဖြင့်လည်းကောင်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို စစ်ဆေးမေးမြန်းသော ရဲတပ်ဖွဲ့င်များက ကျူးလွန်ခဲ့ကြပေသည်။

ထိုနည်းတူ အခြား ညှဉ်းပန်းနှိပ်စက်ခံရသူပေါင်း မြောက်များစွာ ရှိပေသေးသည်။ ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခံရကြောင်းကို သက်ဆိုင်ရာ တရားရုံးများတွင် အမှုရင်ဆိုင်ဖြေရှင်းရစဉ် အချိန်များ၌ တင်ပြခဲ့ကြသော်လည်း လျစ်လျူရှု ပစ်ပယ်ခြင်းကို ခံခဲ့ကြရပေသည်။

ဆုံးရှုံးနစ်နာသူတို့၏ ဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးများကို အကာအကွယ် မပေးနိုင်သော တရားရုံးတော်များအနေဖြင့် တရားဥပဒေ စိုးမိုးရေးကိုလည်း ဖော်ဆောင်ပေးနိုင်လိမ့်မည်မဟုတ်ကြောင်း သိရှိခဲ့ရပေသည်။

×××××
(ဆက်လက်ရေးသားပါအုံးမည်)


စာဖတ်သူများကိုအစဉ်လေးစားလျှက်
စောကျော်ကျော်မင်း
(၂၅.၄.၂၀၀၉)

No comments:

Post a Comment