ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 14, 2009

အမျိုးသမီးနှင့် နိုင်ငံရေးပါဝင်ပက်သက်မှု


အစဉ်အလာ၊ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို အားနည်းသူများလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးတွေဟာ မိသားစုအတွင်းမှာရော၊ ပြင်ပမှာပါ အမျိုးသားများအပေါ်မှာ မှီခိုနေရသူများအဖြစ် ခွဲခြားဆက်ဆံခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို မျိုးဆက်သစ်ပြန့်ပွားရေး၊ အိမ်မှုကိစ္စပြုလုပ်ရေး လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဖို့အတွက်သာ သတ်မှတ်ထားခဲ့ကြပြီး အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကဏ္ဍကို လျစ်လျူရှုခံခဲ့ရပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းပါးတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးပါဝင်ပတ်သက်မှုသဘောတရား၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့နည်းစေတဲ့ အကြောင်းတရားများနဲ့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို တိုးမြှင့်ပေးနိုင်မယ့် မဟာဗျုဟာများအကြောင်းကို ရေးသားတင်ပြပါမယ်။

နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုရာဝယ်

နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာ လူပုဂ္ဂိုလ်တစ်ဦးချင်းကပဲဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီးဖြစ်ဖြစ် သူတို့ရဲ့ ဘဝတွေအပေါ်မှာ သက်ရောက်မှုရှိစေမယ့် အစိုးရလုပ်ငန်းဆောင်တာတွေအပေါ်မှာ တက်ကြွစွာ ပါဝင်ပတ်သက်မှုဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ရာမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ရတာ ရှိသလို အတိုက်အခံအဖြစ် ပါဝင်ပတ်သက်မှုတွေလဲ ရှိမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်များက နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာကို ပုံသဏ္ဍာန်နှစ်မျိုး ခွဲခြားသတ်မှတ် ထားကြပါတယ်။ ပထမတမျိုးကတော့ သမရိုးကျ နိုင်ငံရေးလုပ်ငန်းဆောင်တာဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်း တွေမှာ ပါဝင်ဆောင်ရွက်တဲ့ conventional politics သဏ္ဍာန်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဒီလိုသမရိုးကျ နိုင်ငံရေးရာတွေကို လုံးဝစိတ်ဝင်စားမှုမရှိတဲ့ totally inactive လူတွေရှိသလို၊ နိုင်ငံရေးသမားဘဝကို အလုံးစုံ ခံယူသွားတဲ့ complete activists တွေလဲ ရှိပါတယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကိုပဲ စိတ်ဝင်စားတဲ့ voting specialsts တွေ၊ မိမိရဲ့ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်မယ့် နိုင်ငံရေးရာလောက်ကိုပဲ စိတ်ဝင်းစားတဲ့ parochial participants တွေ၊ ဒေဆိုင်ရာကိစ္စရပ်တွေကိုပဲ စိတ်ဝင်စားတဲ့ campaigners တွေစသည်ဖြင့် လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။

အခုလို သမရိုးကျနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမဟုတ်ပဲ ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ တော်လှန်းရေးဆင်နွှဲမှုတွေအနေနဲ့ ပါဝင်တာကိုတော့ Contentious Politics အသွင်သဏ္ဍာန်နဲ့ နှိင်ငံရေးရာ ပါဝင်ပတ်သက်မှုလို့ ခေါ်ဆိုပါတယ်။ ဒီအသွင်သဏ္ဍာန်နှစ်မျိုးမှာ တူညီမှုတွေ ရှိသလို ခြားနားမှုတွေလဲ ရှိပါတယ်။ တူညီမှုတွေကတော့ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေဟာ ပုံစံနှစ်မျိုးလုံးမှာ ပါဝင်ပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းက လေးစားမှုရှိတဲ့ ပုဂ္ဂိုလ်များ ပါဝင်နေတတ်သလို ပုံမှန်စနစ်တကျ စီမံချက်နဲ့ ပြုလုပ်တဲ့ လုပ်ငန်းဆောင်တာတွေလဲ အသွင်နှစ်မျိုးလုံးမှာ ရှိပါတယ်။ ခြားနားချက်ကတော့ contentious politics ဟာinstitutionalized political boundaries ရဲ့ ပြင်ပမှာ လှုပ်ရှားတာဖြစ်သလို၊ ပါဝင်ဆောင်ရွက်သူများကလဲ ဒီလို institutional channels တွေဟာ အလုပ်မဖြစ်ဘူးလို့ ထင်မြင်ယူဆကြတာ ဖြစ်ပါတယ်။

နှစ်ဆယ်ရာစုကာလ မတိုင်ခင်အထိ ဒီအသွင်သဏ္ဍာန်နှစ်မျိုးလုံးမှာ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှုအပေါ် ကန့်သတ်ချက်တွေ အများအပြား ရှိခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှောင်းပိုင်းကာလရောင်တော့ လူ့အဖွဲ့အစည်းတွေရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ contentious politics မှာ ပါဝင်ပတ်သက်မှုနှုန်းဟာ သိသိသာသာ မြင့်တက်လာသလို conventinal politics မှာ ပါဝင်ပတ်သက်လာကြတဲ့ အမျိုးသမီးပါလီမန်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေလဲပေါ်ထွက်လာပါတယ်။ ဒါပေမယ့် တချို့သော ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တွေရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ခေတ်မှီမှု နောက်ကျနှေးကွေးတဲ့ အမျိုးသားတစ်စုကသာ အာဏာရနေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ်ထားတတ်ကြပါတယ်။

အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့နည်းစေသော အကြောင်းရင်းများ

(၁) အတွေးအခေါ်

နိုင်ငံရေးသိပ္ပံလေ့လာသူ Eisenstein ကတော့ အမျိုးသားတွေ ဦးဆောင်လွှမ်းမိုးတဲ့ စနစ်အနေနဲ့ Patriarchy ဟာ ဇဝဗေဒအရ ကွဲပြားမှုရှိနေတဲ့ ကျား၊ မကို အမျိုးသားတွေအပေါ် အလေးပေးထားတဲ့ လူနေမှုစနစ်ပုံစံထဲက အမျိုးသား၊ အမျိုးသမီးတွေအဖြစ် အစဉ်အဆက် ခွဲခြားလာမှုတွေကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ဝေးကွာလာတယ်လို့ ဆိုထားခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံလေ့လာသူ Rich ကလဲ Patriarchy ဆိုတာကို အမျိုးသားတွေကနေ တိုက်ရိုက်အင်အားတွေ၊ ဖိအားပေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ အဆိုအမိန့်တွေ၊ ဘာသာစကားတွေ၊ ပညာရေးစာအုပ်စာတမ်းတွေ၊ အလုပ်ခွဲဝေသတ်မှတ်မှုတွေ၊ ဘာသာတရားအဆိုအမိန့်တွေကို အသုံးပြုပြီး အမျိုးသမီးတွေကို ဘယ်ကဏ္ဍမှာပါရမယ်၊ မပါရဘူး စသဖြင့် လွှမ်းမိုးချုပ်ကိုင်တဲ့ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ နိုင်ငံရေးဆိုင်ရာ စနစ်တခုလို့ အဓိပ္ပာယ်ဖွဲ့ဆိုထားခဲ့ပါတယ်။ များသောအားဖြင့် ဒီလို အတွေးအခေါ်တွေဟာ အမျိုးသမီးတွေကို အိမ်တွင်းဝန်းကျင်မှာသာ မိခင်၊ ဇနီးအနေနဲ့ နေထိုင်ကျင်လည်စေပြီး၊ အမျိုးသားတွေကိုသာ public sphere နဲ့ ပါဝင်ပတ်သက်စေခဲ့ပါတယ်။


ဒါကြောင့်လဲ ကိုယ့်ဘဝအပေါ်မှာပါ သက်ရောက်မှုရှိနေတဲ့ နိုင်ငံရေးရာတွေမှာ အမျိုးသမီးရဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေ အားနည်းလာခဲ့ကြတာပါ။ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသားအချို့ကြောင့်သာ နောက်ပိုင်းမှာ တစတစ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်ရွေးချယ်ခံခွင့်၊ ဆန္ဒပြပွဲများမှာ ဦးဆောင်ပါဝင်ခွင့် စတဲ့ အခွင့်အရေးတွေရရှိလာခဲ့ကြတာပါ။ အခွင့်အရေးဆိုတာ အိမ်ထဲ ထိုင်နေရုံနဲ့ အလိုလိုရလာမယ့် အရာမဟုတ်ပါဘူး။ ပထမဆုံး မိမိမှာ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ ရှိတယ်ဆိုတာ သိရပါမယ်။ ဒီအတွက် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက အသိပညာပေးရပါမယ်။ ဒီလိုလာပြီဆိုတဲ့အခါမှာလဲ တောင်းယူ၊ တိုက်ယူရပါမယ်။ မွေးရာပါ လူ့အခွင့်အရေးကို တခြားလူတစ်ယောက်ပဲဖြစ်ဖြစ်၊ နိုင်ငံအုပ်ချုပ်သူတစ်စုရဲ့ လက်ထဲကိုပဲဖြစ်ဖြစ် ထိုးအပ်ပြီး ချုပ်ကိုင်ခြယ်လှယ်ခွင့်ပေးထားရင် လူဖြစ်ရကျိုးမနပ်ပဲ ဖြစ်တတ်ပါတယ်။ လူသားတိုင်းဟာ မွေးရာပါ လူ့အခွင့်အရေးကို ခံစားခွင့် ရှိသင့်ပါတယ်။

(၂) နိုင်ငံရေးရာ

နိုင်ငံရေးတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးယဉ်ကျေးမှုတွေမှာ အမျိုးသားများကသာ လွှမ်းမိုးချုပ်ကိုင်မှုဟာလဲ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်တွေမှာ၊ အစိုးရထဲမှာ အမျိုးသားတွေပဲ ပါဝင်နေခဲ့ရင် နိုင်ငံရေးရာ ကိစ္စရပ်တွေကို အမျိုးသားအမြင်နဲ့သာ ကြည့်ရှုဆုံးဖြတ်တတ်ကြတာကြောင့်၊ လူဦးရေတစ်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေကို လျစ်လျူရှုထားတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီလို နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေကို လူထုအားလုံးကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အစဉ်အလာတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို နိုင်ငံရေးနဲ့ ဆက်သွယ်လာရင်တောင် ဇနီး၊ မိခင်တွေအနေနဲ့သာ ခေါ်ဆောင်လာတတ်ကြပါတယ်။ ဒါကို contentious politics conventional politics တွေမှယ အမျိုးသမီးတွေ ပါဝင်လာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။

(၃) ယဉ်ကျေးမှုနဲ့ စီးပွား၊ လူမှုရေးရာ

ကမ္ဘာ့နိုင်ငံတော်တော်များများဟာ အမျိုးသမီးတွေရဲ့ မြေပိုင်ဆိုင်မှုတွေ၊ စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ခွင့်တွေကို ကန့်သတ်ထိန်းချုပ် ထားကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးများရဲ့ နိုင်ငံရေး ပါဝင်ပတ်သက်မှု အခွင့်အလမ်းတွေ နည်းပါးနေရတာ ဖြစ်ပါတယ်။ နောက်တစ်ခက်က အမျိုးသမီးတွေဟာ အမျိုးသားတွေအပေါ် မှီခိုသူတွေလို့ သတ်မှတ်ထားတဲ့ အမြင်တွေ၊ အမျိုးသမီးတွေ အပေါ် နှိမ့်ချဆက်ဆံမှုစတာတွေဟာ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံအများစုရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိမှု၊ ဝင်ငွေ၊ ပိုင်ဆိုင်မှုစတဲ့ကဏ္ဍတွေမှာ အမျိုးသားနဲ့ အမျိုးသမီးများအကြား ကွဲပြားခြားနားမှု (gender disparities) တွေရှိနေဆဲပါပဲ။ တကယ်တော့ အမျိုးသမီးတွေဟာ ဒီနိုင်ငံတွေရဲ့ လူဦးရေ တဝက်ကျော်ကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေတွေ ယုတ်လျော့နေခြင်းဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့၊ တစ်နိုင်ငံလုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေတွေ ယုတ်လျော့နေတာပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်က အလုပ်ခွဲဝေမှုနဲ့ ဆိုင်ပါတယ်။ အိမ်မှုကိစ္စတွေ၊ ကလေးသူငယ်ပြုစုပျိုးထောင်မှုတွေကို အမျိုးသမီးတွေရဲ့အလုပ်လို့ ယူဆထားတဲ့ အစဉ်အလာတွေကြောင့် အချိန်ရှားပါးမှုပြဿနာကို အမျိုးသမီးတွေ ရင်ဆိုင်နေကြရပါတယ်။ ဥပမာ- အမျိုးသမီတစ်ယောက်ဟာ အိမ်မှုကိစ္စတွေ၊ ချက်ပြုတ်ရေးတွေကိုလဲ အလုပ်မသွားခင်ပြုလုပ်ရမယ်၊ အိမ်ဝင်ငွေအတွက်လဲ အလုပ်လုပ်ရမယ်၊ အလုပ်ကပြန်လာရင်လဲ ကလေးသူငယ်တာဝန်တွေ၊ ချက်ပြုတ်ရေးတာဝန်တွေပါ ယူရမယ်၊ သူ့အမျိုးသားကတော့ အလုပ်လေးပဲ လုပ်နေမယ်ဆိုရင် ဒီအမျိုးသားဟာ မိသားစုတာဝန်ရဲ့ သုံးပုံတစ်ပုံကိုသာ တာဝန်ယူနိုင်တဲ့ အရည်အချင်းအဆင့်မှာသာ ရှိနေပါတယ်။ ဒီလိုမဟုတ်ပဲ အလုပ်တာဝန်ကို ညီညီမျှမျှ ခွဲဝေဆောင်ရွက်ခြင်းအားဖြင့် မိသားစုအရေးကို ကျား၊ မ မခွဲခြားပဲ အတူတူဆောင်ရွက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာခြင်းဟာ အပြန်အလှန်လေးစားမှု၊ တာဝန်ကျေမှုတွေအပေါ်မှာ အခြေခံပြီး လူ့ဘောင်လောက သာယာချမ်းမြေ့ရေးကို အားပေးထောက်ကူပြုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမျိုးသမီးများရဲ့ အချိန်ရှားပါးမှု၊ ဝန်ပိမှု၊ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်ပြီး သူတို့ရဲ့ လူအဖွဲ့အစည်းအပေါ်၊ နုင်ငံရေးရာတွေအပေါ် contribution လုပ်နိုင်မှုရာနှုန်းတွေ တက်လာပါတယ်။

လူ့အဖွဲ့အစည်း တိုးတက်မှုဆိုတာ ချောတိုင်တက်တာနဲ့ အလားသဏ္ဍာန်တူပါတယ်။ အဖွဲ့အစည်းတစ်ခုလုံး တိုးတက်ဖို့ ပခုံးပေါ်ပဲနင်းနင်း၊ ခေါင်းပေါ်ပဲနင်းနင်း ကိုယ့်လူ့အဖွဲ့အစည်းအမြင့်ရောက်ဖို့ကို အားပေးကူညီကြရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ဒီချောတိုင်ပေါ် သူမတက်ရ၊ ငါမတက်ရ ခွဲခြားပြီး လုပ်နေကြမယ်ဆိုရင် ဒါဟာ လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ပျက်စီးမှုရောဂါ စတင်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒီရောဂါ တစတစ ကူးစက်ပျံ့ပွားလာတာနဲ့အမျှ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ဆုတ်ယုတ်ပျက်စီးစေတော့တာပါပဲ။

အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု တိုးမြှင့်ရေး မဟာဗျူဟာများ

(၁) Gender quotas

နှစ်ဆယ်ရာစုနှေင်းပိုင်းကစပြီး နိုင်ငံတော်တော်များများမှာ ဒီမဟာဗျူဟာကို စတင်ကျင့်သုံးလာကြပါတယ်။ နိုင်ငံရေးရာမှာ အမျိုးသားနဲ့ အမျိုးသမီးအကြား gender gap ဖြစ်နေတာကို ဖြည့်ဆည်းဖို့ အချို့သော အမျိုးသမီးများကို power structure အတွင်း ရာခိုင်နှုန်းသတ်မှတ်ပြီး ထည့်သွင်းတာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာနဲ့ ပတ်သက်ပြီး အပြန်အလှန်ငြင်းခုန်မှုတွေကတော့ ရှိုနေပါတယ်။ ဘာကြောင့်လဲဆိုရင် gender gap ပြဿနာဆိုတာက အမျိုးသမီးတွေကို power structure ထဲ များလာအောင် ထည့်သွင်းတာတစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်တာကြောင့်ပါ။ ပေါ်လစီရေးရာ ကိစ္စဖြစ်တဲ့အတွက် power structure ကို ထောက်ကူပေးနိုင်မယ့် supporting mechanisms အများအပြားလဲ လိုအပ်ပါတယ်။ နောက်တစ်ချက်က ဒီလိုဆောင်ရွက်လာတဲ့ အခါမှာ elite women တွေပဲ ပါဝါထဲမှာ ပါလာတာမျိုးဖြစ်သွားတတ်ပြီး၊ လူထုလူတန်းစားအသီးသီးက အမျိုးသမီးတွေကို ကိုယ်စားမပြုသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို political empowermenr လုပ်ရာမှာ gender quotas ဟာ လူ့အဖွဲ့အစည်းအတွင်းက လူမှုရေး၊ စီးပွားရေးဆိုင်ရာ redistributive justice နဲ့ ဆက်စပ်ထားရမှာ ဖြစ်ပါတယ်။

(၂) အမျိုးသမီးနိုင်ငံရေးကွန်ယက်

နောက်တစ်နည်းကတော့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးများ အချင်းချင်း ကွန်ယက်တည်ဆောက်မှုဖြစ်ပါတယ်။ ထုံးတမ်းအစဉ်အလာများကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ကင်းကွာခဲ့ကြပါတယ်။ ဒီလိုအခြေအနေကနေ ရုတ်တရက် gender quotas ကြောင့် နိုင်ငံရေးထဲ ရောက်လာတဲ့အခါမှာ နိုင်ငံရေးအသိပညာ အားနည်းမှုကြောင့် နိုင်ငံရေးနဲ့ အစိုးရ လုပ်ငန်းဆောင်တာတွေမှာ အားနည်းချက်တွေ ရှိလာတတ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေ ညံ့တာ၊ အသုံးမကျတာ မဟုတ်ပါဘူး။ နိုင်ငံရေးနယ်ပယ်ဆိုတာကို အမျိုးသမီးတွေကသာ လွှမ်းမိုးချုပ်ကိုင်ခဲ့ပြီး၊ အမျိုးသမီးတွေကို ပါဝင်ခွင့် မပေးခဲ့တာကြောင့် နားကလည်တာ ဖြစ်ပါတယ်။ ဒီလိုလူတွေကို သင်တန်းပေးမှုတွေ၊ hands-on experiences တွေနဲ့ အမျိုးသားများက လက်တွဲခေါ်ရမှာ ဖြစ်သလို၊ အမျိုးသမီး နိုင်ငံရေးသမား အချင်းချင်းကလဲ စည်းလုံးညီညွတ်စွာ အပြန်အလှန် ဆွေးနွေးမှု၊ လက်တွဲခေါ်ဆောင်မှုတွေ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကgender quotas နဲ့ပဲဖြစ်ဖြစ်၊ အရည်အချင်းအရ ရွေးချယ်တင်မြှောက်ခံရရင်ပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာ သူတို့ရဲ့ မလေးမစား ဆက်ဆံခံရမှုတွေ၊ အရေးမစိုက်မှုတွေ၊ ဖယ်ရှားရန် ကြိုးပမ်းအားထုတ်မှုတွေ၊ အမျိုးသမီးအကြီးအကဲရဲ့ တာဝန်ပေးမှုဆိုပြီး ဂရိမစိုက်မှုတွေ စတဲ့ ပြဿနာများကို ရင်ဆိုင်ကြရတတ်ပြန်ပါတယ်။ ဒီလိုပြဿနာတွေကို စိတ်ဓာတ်ကြံ့ခိုင်စွာ ကျော်လွှားနိုင်ဖို့ အမျိုးသမီး နိုင်ငံရေးကွန်ယက်တွေ လိုအပ်လှပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် လူ့အဖွဲ့အစည်းဆိုတာဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးလုံးနဲ့ ပေါင်းစပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးဆိုတာ လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေပဲလို့ ဆိုနိုင်ပါတယ်။ တချို့သော နိုင်ငံတွေမှာဆိုရင် အမျိုးသမီးလူဦးရေဟာ အမျိုးသားလူဦးရေထက်ကို ပိုပြီးများနေပါတယ်။ ဒီလို လူဦးရေ တဝက်ကျော်ရဲ့ တိုးတက်မှု အခွင့်အလမ်းတွေ၊ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးကို ဆုတ်ယုတ်ပျက်စီးအောင်၊ တိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်တာနဲ့ အတူတူပါပဲ။ ရေမြင့်မှ ကြာတင့်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများနိုင်ငံရေးပါဝင်ပတ်သက်မှု လျော့နည်းတာဟာ ရေနည်းနေတာနဲ့ အတူတူပါပဲ။ လူ့အဖွဲ့အစည်းတိုးတက်မြင့်မားမှုဆိုတဲ့ ကြာပန်း တင့်တင့်တယ်တယ်ပွင့်လာဖို့က အမျိုးသမီးတွေအပေါ်မှာလဲ အများကြီး မူတည်လှပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့ကျစေနိုင်တဲ့ အကြောင်းရင်းများကို ဝိုင်းဝန်းဖယ်ရှားကြရင်း မြန်မာ့လူ့အဖွဲ့အစည်းတိုးတက်မှုကနေ ကမ္ဘာတစ်ဝှမ်းက လူ့အဖွဲ့အစည်းအားလုံး တိုးတက်မြင့်မားဖို့ ဝိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ခင်မမမျိုး (၉၊ ၃၊ ၂၀၀၉)

ရည်ညွှန်းကိုးကား

* Eisenstein,Z (1984) Contemporary Feminist Tnought, Unwin, London
* Keck, M. & Sikkink, K. (1998) Activit Beyond Borders: Advicacy Networks in International Politics, Cotnell University Press, NY
* Kennedy- Pipe, C. (2007) “Gender and Security“ in Collins, A.(ed.) Contemporary Security Studies, Oxford University Press, Oxford
* Lovenduski, J. (1992) “Gender and Politics“ in Hawkesworth, M. & Kogan. M. ( eds)
* Encyclopedia of Government and Politics, Routledge, London & NY
* Phillops, A. (1998 ) Feminism & Politics, Oxford University Press, Oxford

No comments:

Post a Comment