ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 9, 2009

မျှော်တလင့်လင့်

တိတ်ဆိတ်မှု အရိပ်အောက်မှာ
ဆူညံတဲ့ ကြေကွဲမှုတွေရှိတယ်
ဝင်ကစွပ်ကောင်တို့ရဲ့ လှည့်စားမှုမှာ
ဆောင်းညများ မအိပ်နိုင် မစားနိုင်ရှာ
ဝဋ်နာ ကံနာ တခုလို
လရောင်အောက်မှာ ။

အုံနဲ့ကျင်းနဲ့ လက်ခံခဲ့ရတဲ့ ဝေဒနာ
နံရိုးအပြိုင်းပြိုင်းမှာ တူညီတဲ့
ယုံကြည်မှုတွေရှိတယ်
ဟေရာကလိုက်တပ်စ်ရဲ့အာဘော်
(မြစ်တမြစ်ထဲကို လူတယောက်နှစ်ခါမဆင်းနိုင်)
ငါ့ကို နဲနဲ အော်ခွင့်ပေးပါ ။

ရင်ဘတ်တွေနဲ့ စိုက်ပျိုးခဲ့ကြပြီး
ဘယ်လို ရှင်သန်ဖူးပွင့်ခဲ့ကြရတယ်ဆိုတာ
ပုခုံးပေါ်ကတာဝန်တွေကို ကြည့်လိုက်ရုံနဲ့
ခေတ်တခုလုံး ဆလိုက်ထိုးပြသလိုမျိုး
တကွက်ပြီး တကွက်
ငါ့မှာ ရင်သပ်ရှုမော။

ဆောင်းညများထဲမှာ
စွေးစွေးနီတဲ့သွေးများ
ရဲရဲရင့်ရင့် စီးဆင်းကြ
ရဲရဲရင့်ရင့် သမိုင်းမှတ်တိုင် စိုက်ထူကြ
စွန့်လွှတ်စွန့်စားသွားသူများရဲ့
နာနာကြည်းကြည်း ရေရွတ်သံများ
ပဲ့တင်လှိုင်းခတ် လှုပ်ရှား
ဒီဇင်ဘာရဲ့ ဆောင်းညများမှာ
ဘယ်သူရေ၊ ဘယ်ဝါရေ
ကယ်ပါ ကူပါ ငါ မပြောလိုတော့ပါ
ဇွန်ပန်းရုံအနီး လှည်းဘီးနစ်နေတာ
ရာစုတ၀က်တိုင်ခဲ့ပေါ့။ ။

No comments:

Post a Comment