ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 14, 2009

နာဂစ်ဒေသဆေးရုံအတွက် လှူဒါန်းသည့် ပစ္စည်းများကို တာဝန်ရှိသူများ အလွဲသုံးစားပြုနေ

ဧရာဝတီတိုင်း၊ နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသမှ မြို့နယ်ဆေးရုံအုပ်ကြီးနှင့် တပည့်ဖြစ်သူတို့က လူနာများအတွက် လှူဒါန်းထားသည့် ပစ္စည်းများကို ကိုယ်ကျိုးအတွက် အသုံးပြုနေကြခြင်းကြောင့် မြို့ခံများက မကျေမနပ် ဖြစ်နေကြသည်။

မော်လမြိုင်ကျွန်းမြို့နယ် ဆေးရုံအုပ် ဒေါက်တာ ဦးသန်းအောင်နှင့် တပည့်ဖြစ်သူ ကိုတင်မင်းအောင်တို့သည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ လှူဒါန်းထားသည့် မော်တော်ဘုတ်၊ ထော်လာဂျီများကို အခကြေးငွေဖြင့် ငှားရမ်းနေလျှက်ရှိပြီး လူနာများအတွက် လှူဒါန်းထားသည့် ဆေးဝါးများကိုလည်း ပြင်ပဆေးဆိုင်များသို့ ရောင်းချနေကြောင်း မြို့ခံများက ပြောသည်။

“ယူနီဆက်က လှူထားတဲ့ (Speed Boat ) သင်္ဘောကို သူတို့ ဆရာတပည့်နှစ်ယောက်က အပြင်မှာ အော်ဒါလိုက်တယ်၊ ရတဲ့ငွေကို ခွဲယူကြတယ်၊ မော်ကျွန်းက ပင်လယ်ဝက မြို့ဆိုတော့ နယ်ဘက်က လူနာတွေ သွားလာရေးအတွက် အသုံးပြုဖို့ လှူထားတာ၊ နောက် မြို့ပေါ်မှာသုံးဖို့ ထော်လာဂျီတွေကိုလဲ အဲလိုပဲ ငှားစားတယ်၊ ဆေးပစ္စည်းတွေကိုတော့ အပြင်ဆေးဆိုင်တွေကို ထုတ်ရောင်းတယ်” ဟု ကျန်းမာရေးဌာနအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

မြို့ခံများအနေဖြင့် ငွေးကြေးမတတ်နိုင်သူများက ဆေးရုံတက်ရာတွင် ဆေးပစ္စည်းများကို ဝယ်ယူသုံးစွဲနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုမှာလဲ ငွေပေးသူများကိုသာ ကုသပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီမှာက ငွေကြေးမတတ်နိုင်လို့ ဆေးရုံကိုသွားပြရင် ပတ်တီး၊ ဂွမ်းကအစ ဝယ်သုံးရတယ်၊ နိုင်ငံတကာက နာဂစ်ပြီးတော့ လှူထားတာတွေရှိလဲ ပိုက်ဆံပေးပြီး အကုန်လုံး ဝယ်သုံးနေရတယ်၊ ပိုက်ဆံမရှိရင် ဆေးရုံတက်လို့မရဘူး၊ ပိုက်ဆံမပေးနိုင်ရင် ဆရာဝန်ကြီးက ဂရုတစိုက် လာကြည့်တာမျိုးတောင် မရှိဘူး” ဟု မြို့ခံက ဆက်ပြောသည်။

မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း လာဘ်ပေးလာဘ်ယူမှုများ ပိုမိုများပြားလာလျှက်ရှိကြောင်း မြို့ခံများက ပြောသည်။

No comments:

Post a Comment