ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 5, 2010

မိတ်ဆွေကြီး ကိုဘကွန်း

လူချင်းမတွေ့ရတာကြာပေမယ့် ဖုန်းအဆက်အသွယ်မပြတ်လို့တော်သေးရဲ့၊ မနေ့တနေ့က ဖုန်း (၂) ရက်ဆက်လို့ (၁) နာရီလောက် ပြောခဲ့ရပေမဲ့ အားမရခဲ့ဘူး။ ရှင်းလင်းအောင် မပြောခဲ့ရဘူး။ ကျွန်တော်ရဲ့ စကားပြောအားနည်းချက်ကြောင့်လည်း ပါမယ်။


ယခုလိုစာရေးပြန်တော့လည်း အရေးအသားရော သတ်ပုံပါ ညံ့တာ ခင်ဗျားအသိပဲ။ ဒါပေမယ့် ခင်ဗျားဆီကို လူငယ်ပါတီတစ်ခုက ဝင်အရွေးခံဘို့၊ ပါတီဝင်စုဆောင်းဘို့ ဆက်သွယ်လာ တယ်ဆိုတော့ ကျွန်တော့မှာ အတတ်နိုင်ဆုံး ကြိုးစားပြီး ပြောဖို့ တာဝန်ရှိလာပြီလို့ ယူဆတယ်လေ။

နိုင်ငံရေးမှာ နဂိုမူလက ကျွန်တော့ထက်ပိုသိခဲ့တာ အမှန်ပါပဲ။ ခင်ဗျားတို့ကြောင့်ပဲ နိုင်ငံရေးကို ပိုပြီး စိတ်ဝင်စားခဲ့ရတယ်။
ယခုအနှစ် (၂၀) ကာလမှာ ကိုဘကွန်းက ဝန်ထမ်းလုပ်ခဲ့၊ ပြီးတော့ အမျိုးသမီးက ဝန်ထမ်းဖြစ်နေဆိုတော့ ကျွန်တော့ထက်စာလျှင် နိုင်ငံရေးအဆက် နဲနဲဝေးနေခဲ့တယ်။

အစကတော့ ငါတို့ကျောင်း (ဖုန်းမော်)ကို ဒီလိုမတရားလုပ်ရသလားဆိုတဲ့ မခံချင်စိတ်နဲ့၊ ခံစားချက်နဲ့ နိုင်ငံရေး လုပ်ခဲ့တယ်။ အနှစ် (၂၀) ကာလအတွင်း အတွေ့အကြုံတွေရလိုက်တော့ ပြည်သူအများဒုက္ခဆင်းရဲမှ လွတ်မြောက်ဖို့၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိဖို့၊ ဆိုတဲ့ မွန်မြတ်တဲ့လုပ်ရပ် ခံယူချက်နဲ့ နိုင်ငံရေး ဖြစ်လာခဲ့တယ်။
ဘာကြောင့်ရွေးကောက်ပွဲ ကျင်းပရသလဲ
တရားမဝင်အစိုးရ (Defecto) မှ တရားဝင်အစိုးရ (Dejure) သို့ ကမ္ဘာကအသိအမှတ်ပြုခြင်း (Recognition) ခံယူချင်လို့ပါဘဲ။ ၂၀၀၈ အခြေခံဥပဒေရှိတယ်။ ရွေးကောက်ပွဲ ကျင်းပမယ်။ လွှတ်တော်ခေါ်ပြီး ၂၀၀၈ အခြေခံဥပဒေကို ထပ်မံအတည်ပြုမယ်။
ကမ္ဘာက အသိအမှတ်ပြုခံရလျှင်….
  • နိုင်ငံတကာအကူအညီတွေ အများကြီးရရှိမယ်။
  • (UN) မှ ထောက်အပံ့တွေ ပိုမိုရရှိမယ်။
  • သွင်းကုန် ထုတ်ကုန်တွေ ဥရောပ၊ အမေရိကတို့နဲ့ အလုပ်လုပ်နိုင်လို့ ဝင်ငွေတွေ တိုးမယ်။
အဲဒီကနေ နောက်တစ်ဆင့် (နိုင်ငံတကာအခြေအနေကောင်းလာခဲ့လျှင်……….)
  • ပြည်တွင်းမှာ (NLD) ကို အပြီးတိုင်ချေမှုန်းမယ်။
  • ငြိမ်းအဖွဲ့တိုင်းရင်းသားများကို နှိမ်နင်းမယ်။
  • ပြည်သူလူထုကို ယခုထက် ပိုမိုနှိမ်စက်မယ်။
(ဒါတွေကို ၂၀၀၈ အခြေခံဥပဒေကို ကိုင်ပြီးလုပ်မှာ။)
နိုင်ငံတကာ အသိအမှတ်ပြုရွေးကောက်ပွဲ ဖြစ်ဖို့ရန်အတွက်…
  • (NLD) အားလုံး (သို့မဟုတ်) အပဲ့ ပါစေချင်တယ်။(ဒါကြောင့် အပဲ့တွေကို လိုလိုလားလားဖြစ်နေတာပါ)
  • တိုင်းရင်းသားအဖွဲ့များ/ငြိမ်းအဖွဲ့များကိုလည်း ပါစေချင်ပါတယ်။
(ဒါမှ အားလုံးပါဝင်တဲ့ (All inclusive) ရွေးကောက်ပွဲဖြစ်မယ်။)
ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရရှိမှာတွေကတော့…
  • အန္တရာယ်မရှိဘူး၊ လုံခြုံမယ်။ (ပူးရင်းနဲ့ အသတ်ခံရတာတွေလည်း ရှိနိုင်တယ်)
  • ဈေးခေါ်ကောင်းရင် အခွင့်အရေးတွေ ရရှိမယ်။ (ယခုလောလောဆယ်လည်း ထောက်ပံ့ကြေးတွေ တချို့ရရှိနေပါပြီ)
  • တချို့လည်း နိုင်ငံရေးပေါ်ပြူလာဖြစ်မယ်ထင်လို့ ဝင်ပြီးပါတယ်။
  • အများစုကလည်း အမိန့်အရ ဝင်ပြိုင်ကြတယ်။
  • ဘာမှန်းမသိဘဲ ဝင်ပါသူတွေလည်း ရှိမှာပါပဲ။
(NLD) ဘာကြောင့် ရွေးကောက်ပွဲမဝင်သလဲဆိုတာ အချက်အလက်ပေါင်းများစွာ ရှိတဲ့အထဲက အဓိကအချက်က ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ပဲ။ ဒီအချက်နဲ့ လုံလောက်ပါတယ်။ ပုဒ်မပေါင်း (၄၅၇) ခု ပါတယ်။ အားလုံးဟာ တစ်ခုတည်းသော ရည်ရွယ်ချက်ကိုပဲ ဦးတည်တယ်။
အဲဒီထဲက အရေးကြီးတဲ့ ပုဒ်မအချို့ကို ပြောရရင် -
ပုဒ်မ (၅၉)။ ။ နိုင်ငံတော် သမ္မတ/ဒု-သမ္မတများ၏ အရည်အချင်းမှာ စစ်ရေးအမြင်ရှိရမည်။ (ဒါဆို ဗိုလ်ချုပ်တွေပဲ ဖြစ်ရမှာပေါ့။)
ပုဒ်မ (၆၀)။ ။ ဒု-သမ္မတ (၃) ဦးကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများ ထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်။ (အဲဒီ (၃) ဦးထဲကမှ (၁) ဦးကို သမ္မတအဖြစ် ရွေးချယ်ပြီး ကျန် (၂) ဦးက ဒု-သမ္မတတွေ ဖြစ်မယ်။)
ပုဒ်မ (၂၃၂)။ ။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများ ထဲမှ ဖြစ်စေ ရွေးချယ်ရမည်။
ပုဒ်မ (၂၃၇)။ ။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ တာဝန်ပေးရမည်။
ပုဒ်မ (၂၄၂)။ ။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ တာဝန်ပေးရမည်။
ပုဒ်မ (၃၀၀)။ ။ ပြည်ထောင်စုတရားသူကြီးချုပ် (သို့မဟုတ်) ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ ဖြစ်ရမည်။
ကိုဘကွန်းရေ ဒီပုဒ်မ (၆) ခုကို လေ့လာခြင်းအားဖြင့် သမ္မတ/ဒု-သမ္မတ (၃) ဦးဟာ ဗိုလ်ချုပ်များဖြစ်ရမည်။ (စစ်ရေးအမြင် ရှိရမည်)။ နောက်ပြီး ပုဒ်မ (၆၀) အရ ဆိုရင် အဲဒီ ဒု-သမ္မတလောင်းတွေဟာ ရွေးကောက်ပွဲတောင် ဝင်ပြိုင်စရာမလိုဘူး၊ ပြီးတော့ အဲဒီသမ္မတ (ဗိုလ်ချုပ်) ရဲ့ စိန်ကြိုက် (လွှတ်တော်ကိုယ်စားလှယ် ဟုတ်ဟုတ်/ မဟုတ်ဟုတ်) ရွေးချယ်ခွင့်ရှိတဲ့ ဝန်ကြီးများ/ ဒု-ဝန်ကြီးများ/ ရှေ့နေချုပ်/တရားသူကြီးချုပ်/စာရင်းစစ်ချုပ်တို့ကိုလည်း ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ရွေးချယ် ထားလို့ရပါတယ်။ (ရွေးကောက်ပွဲရလဒ်ကို စောင့်နေစရာမလိုပါ။)
အဲဒီတော့ နိုင်ငံရေးပါတီများနဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ၊ ဒီအာဏာနှစ်ရပ် လုံးဝမရနိုင်ဘူး။ နိုင်ငံတကာမှာလို ဘယ်ပါတီမှ အစိုးရဖြစ်လာမှာ မဟုတ်ဘူး။
ပုဒ်မ (၄၃၆) ဥပဒေပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
ဒီနေရာမှာလည်း လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာနှုန်းက တပ်မတော်သားဖြစ်နေတော့ ၇၅ ရာနှုန်း ဘယ်ကျော်နိုင်ပါ့မလဲ။ ဒီတော့ ဥပဒေပြုရေးအာဏာလည်း ဘယ်မှာရနိုင်မလဲ။
အာဏာ (၃) ရပ် တစ်ခုမရှိတဲ့ ဒီလွှတ်တော်က ပြည်သူ့အတွက် ဘယ်လိုအကျိုးပြုမှာလဲ။
တချို့က ပြောကြတယ်။ အာဏာရှင်နိုင်ငံတွေ (ချီလီ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်) မှာ လွှတ်တော်ကနေ တဖြည်းဖြည်းချင်း ဘောင်ချဲ့ပြီး ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးစားခဲ့ကြတယ်လို့ ပြောကြတယ်။ အဲဒီနိုင်ငံတွေမှာ ဒီက ၂၀၀၈ ဖွဲ့စည်းပုံထဲကလို ပုဒ်မ ၅၉၊ ၆၀၊ ၂၃၂၊ ၂၃၇၊ ၂၄၂၊ ၃၀၀ တွေ ပါမှာ မဟုတ်ဘူး။ လွှတ်တော်ထဲဝင်ပြီး တိုက်ပွဲဝင်မယ်လို့ ပြောတာဟာ ထောင်ထဲဝင်ပြီး ထောင်တွင်းတိုက်ပွဲလုပ်မယ်ဆိုသလို ဖြစ်နေမှာပါ။ ပါတီပေါင်း (၃) ကျော် ဝင်ပြိုင်မှာ ဖြစ်ပေမယ့် အားလုံးဟာ အတူတူတွေပါပဲ။ တစ်သဘောတည်းပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မယ်။ ပြည်သူ (၅၈ သန်း) ကျော်နဲ့ သား/မြေး အဆက်ဆက်ကို ဒုက္ခပေးမယ်။ ဒီကိစ္စမှာ ပါဝင်တဲ့လူတွေအားလုံးဟာ ကြံရာပါတွေပဲ။ ဟစ်တလာထက် အပြစ်ကြီးမယ်။ အပြစ်ဒဏ်ကတော့ မဟာအဝီစီလို့ဘဲ ကျွန်တော်ထင်တယ်။
ပါဝင်သူတွေဟာ သူတို့မှားတယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ လိမ်လည်မှု ကူးစက်ရောဂါကြီးဟာ နိုင်ငံရေးလောကကြီးထဲရောက်လာတော့ နိုင်ငံရေးလူလိမ်တွေ၊ လိမ်လည်မှုတွေ ထွန်းကားလာတာပါပဲ။
၂၀၁၀ မှာ ပါဝင်သူတွေ အားလုံးဟာ နိုင်ငံရေး လူလိမ်တွေအဖြစ် သမိုင်းမှာမတွင် ရစ်စေလိုတဲ့ ဆန္ဒများစွာနဲ့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။
မိတ်ဆွေများရဲ့ တာဝန်အရ ကြိုးစားပြောလိုက်ပါပြီ၊ ကိုဘကွန်းနဲ့တကွ မိတ်ဆွေအားလုံး လိမ်လည်မှု ကူးစက်ရောဂါကြီးမှ ကင်းဝေးနိုင်ပါစေ။
သင့်ရဲ့
ကိုဖက်
(NLD) ဟာ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ရှိနေမြဲ၊ အာဏာပိုင်တို့ရဲ့ စောင့်ကြည့်မှုခံရဆဲ၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိနေခြင်းများနှင့်အတူ ဆက်လက်ရှင်သန်နေလျက်ပါ။