ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 5, 2010

ကျောက်ပန်းတောင်းတွင် ကူးစက်ရောဂါကြောင့် သေဆုံးမှုများရှိပြီး ကျောင်းများပိတ်ထားရ

ရိုးမ ၃၊ အောက်တိုဘာ ၅၊ ၂၀၁၀

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် သွေးလွန်တုပ်ကွေးနှင့် ဦးဏှောက်အမှေးပါးယောင် ရောဂါများကြောင့် လူ (၄)ဦး သေဆုံးမှုများရှိနေပြီး ယမန်နေ့မှ စတင်၍ စာသင်ကျောင်းများ ပိတ်ထားရသည်။

ကျောက်ပန်းတောင်းမြို့ပေါ်တွင် သွေးလွန်တုပ်ကွေးနှင့် ဦးဏှောက်အမှေးပါးယောင်ရောဂါများ လွန်ခဲ့သည့်တပတ်ခန့်မှ စတင်ဖြစ်ပွားနေခြင်းဖြစ်သည်။

အဆိုပါ ရောဂါများကြောင့် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ပုဂ္ဂလိက စာသင်ကျောင်း (၃၀)ပိတ်လိုက်ပြီ့း အစိုးရကျောင်း (၃)ကျောင်းမှ ကျောင်းသားများ ကျောင်းမတက်ဘဲ နေနိုင်ကြောင်း အာဏာပိုင်များကိုယ်တိုင် ပြောကြားခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

“မနေ့က မယက ဥက္ကဌက အပြင်ဘော်ဒါကျောင်း ပိုင်ရှင်တွေကို ခေါ်တွေ့တယ်၊ ကျောင်းတွေပိတ်ဖို့ပေါ့ ဒီနေ့တော့ ပိတ်လိုက်ပြီ၊ အစိုးရကျောင်းတွေကတော့ လုံးလုံးပိတ်တဲ့သဘောမဟုတ်ဘူး မတက်ချင်လဲ ရတယ်ဆိုတဲ့ သဘောနဲ့ပြောတာ၊ စာလဲမသင်ပါနဲ့ စာလဲ မသင်ပါနဲ့ပြောတာ၊ တရားဝင်ပိတ်တယ်ဆိုတာ အာဏာပိုင်တွေက မလိုလားလို့ထင်တယ်” ဟု ဒေသခံက ပြောသည်။

ကျောက်ပန်းတောင်းမြို့ပေါ်တွင် အထက(၁)၊ အထက(၂)နှင့် မြို့သစ်အထက ကျောင်း များတွင်လည်း စာသင်ကြားမှုများကို ခေတ္တ ရပ်ဆိုင်းထားရကြောင်း ဒေသခံက ပြောသည်။

ဦးဏှောက်အမှေးပါးယောင်ရောဂါကြောင့် ဘော်ဒါဆောင်နေကျောင်းသူတဦးသေဆုံးခဲ့ပြီး လက်တလောတွင် အပြင်လူများပါ ရောဂါဖြစ်ပွားမှုရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“ဘော်ဒါဆောင်ကသေသွားတဲ့ ကောင်မလေးကိုတော့ စစ်ဆေးနေကြတယ်၊ ရာစုလွန် ဘော်ဒါက ဖူးဖူးဆိုတဲ့ ကောင်မလေး၊ သေတာက လေးငါးရက်လောက်ရှိပြီ၊ ဆုံးသွားတုန်းကတော့ ဖုံးထားတာပေါ့ အခုတော့ ပေါ်လာတယ်၊ ပြီးတော့ ဘုန်းကြီးနှစ်ပါးက သွေးလွန်တုပ်ကွေးနဲ့ ပျံလွန်တော်မူတယ်။ အရပ်သားတဦးနဲ့ ကျောင်းသူဖူးဖူးဆိုတဲ့ ကောင်မလေးက ဦးဏှောက် အမှေးပါးယောင်ရောဂါနဲ့ သေတာ။” ဟု ပြောသည်။

ယခုကဲ့သို့ ကူးစက်ရောဂါကြောင့် လူသေဆုံးမှုများ ဖြစ်ပွားနေသည့်အတွက် နေပြည်တော်မှ ဆေးပညာရှင်သမားတော်များ လာရောက်ပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံက ဆက်ပြောသည်။

“အခု နေပြည်တော်က ဆရာဝန်ကြီးတွေကိုယ်တိုင် ဆင်းကုနေတယ်၊ ဒီနေ့တော့ သေတာ မကြားသေးဘူး၊ ဆေးရုံထပ်တက်တာ မကြားသေးဘူး” ဟု ပြောသည်။

No comments:

Post a Comment