ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 9, 2010

စပါးစိုက်လယ်များ ရေမြုပ်နေသည့်အတွက် တောင်သူများ စိုးရိမ်နေရ

ရိုးမ ၃၊ အောက်တိုဘာ ၉၊ ၂၀၁၀

ဧရာဝတီတိုင်းအတွင်း မြစ်ရေတိုးပြီး မိုးရွာသွန်းမှုများကြောင့် မိုးစပါးစိုက်ပျိုးထားသည့် လယ်များ (၄)ရက်ကြာ ရေမြုပ်နေသည့်အတွက် လယ်သမားများ ဒုက္ခရောက်နေရကြောင်း ဒေသခံတဦးက ပြောသည်။


ဧရာဝတီတိုင်း၊ ကျိုက်လတ်၊ ဘိုကလေး၊ ဖျာပုံမြို့နယ်များအတွင်း မိုးများပြီး ဧရာဝတီမြစ်ရေတိုးကာ ပင်လယ်ဒီရေ တက်နေခြင်းကြောင့် မိုးစပါးစိုက်ဧက သုံးသောင်းကျော်လောက် ရေနစ်မြုပ်ကာ လယ်သမားများ အခက်တွေ့ရခြင်းဖြစ်သည်။

“လယ်တွေတော်တော်များများ မြုပ်နေတယ်၊ သုံးလေးရက်လောက်ရှိတယ်၊ ဒီကြားထဲ လေလည်းနည်းနည်း တိုက်လိုက်တော့ စပါးပင်တွေ အကုန်ညွှတ်ကြသွားတယ်၊ ရာခိုင်းနှုန်းတော်တော်များများ ပျက်စီးမယ်၊ ပြန်လုပ်ယူဖို့ ခက်တယ်” ဟု ဒေသခံ ရွာသားတဦးက ပြောသည်။

ထို့အပြင် စပါးစိုက်ပျိုးစဉ်ကာလကလည်း ကြွက်များဖျက်ဆီးမှုများကြောင့် စပါးပင်ပေါက်များစွာ ဆုံးရှုံးခဲ့ရပြီး ဒေသဆိုင်ရာ စိုက်ပျိုးရေးဌာန အာဏာပိုင်များက တစုံတရာ ကူညီပံ့ပိုးခဲ့ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် သုံးရက်ခန့်ကတည်းက တိုးလာသည့်ရေသည် ဘိုကလေးမြို့နယ်အတွင်းမှ အနိမ့်ပိုင်း ကျေးရွာများသာမက မြို့ပေါ် ( ၆)၊ (၇)၊ (၉) ရပ်ကွက်များနှင့် လမ်းများပါ နစ်မြုပ်နေကြောင်း ဘိုကလေးမြို့ခံက ပြောသည်။

“အနိမ့်ပိုင်းအကုန်မြုပ်တယ်၊ မြို့ပေါ်ကတော့ နည်းနည်းမြင့်တော့ မမြုပ်သေးဘူး၊ ဧရာဝတီမြစ်ရေးတိုးပြီး မိုးရေလည်းများတော့ ရေကြီးတာ။ အခုဟာက ဘိုကလေးမြို့စွန် မြေနိမ့်ပိုင်းရပ်ကွက်က လမ်းတွေ အားလုံးရေလွှမ်းနေတာ အိမ်တွေဆို ဆင့်အထိ ရေကတက်နေပြီ ဒီကနေ့ ရေက လေးပေလောက်အထိ တက်နေတာ” ဟု ပြောသည်။

အဆိုပါ ရေကြီးမှုကြောင့် ဘိုးကလေးအထက်ဘက် မြင်းကကုန်းကျေးရွာရှိ ကျောင်းသားတထောင့်ရှစ်ကျော် ပညာသင်ကြားနေသည့် အထက်တန်းကျောင်း ယနေ့မှ စတင်ကာ ပိတ်လိုက်ပြီဖြစ်သည်။ မြင်းကကုန်းကျေးရွာအုပ်စု၊ ကန်စုအနောက်ကျေးရွာများ တလျှောက်နှင့် ဘိုကလေးမြို့အစွန်ရပ်ကွက်များ ရေလွှမ်းနေဆဲ ဖြစ်သည်။

အလားတူ မြန်မာပြည်အထက်ပိုင်း မန္တလေးတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဆည်ရေဖောက်ချမှုတို့ကြောင့် ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လူနေအိမ်များ ရေနစ်မြုပ်နေလျှက်ရှိပြီး ဒေသခံများ အခက်အခဲကြုံတွေ့နေရသည်။

ဒီကနေ့ မန္တလေးတွင် မိုးရွာသွန်းမှု နည်းပါးသွားသော်လည်း ဆည်တော်ကြီးက ရေတွေလွှတ်လိုက်ခြင်းကြောင့် ရေပိုများလာခြင်းဖြစ်ပြီး အဆိုပါ ရေကြီးမှုကြောင့် ကျန်းမာရေးဆိုးကျိုးများကိုပါ နောက်ဆက်တွဲ ခံစားရနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ ရေကြီးမှုကို မန္တလေးမြို့နယ်အတွင်း ယခင်နှစ်များတွင်လည်း ကြုံတွေ့ခဲ့ရသော်လည်း ယခုနှစ်သည် အဆိုးရွားဆုံးဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များကူညီမှုထက် ပုဂ္ဂလိက အကူအညီပေးအဖွဲ့များ ပိုများကြောင်း ဒေသခံက ပြောသည်။

No comments:

Post a Comment