ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Oct 13, 2010

ဗုံးတွေ့သည်ဟု အကြောင်းပြ၍ လုံခြုံရေးတိုးမြှင့်ထား

ရိုးမ ၃၊ အောက်တိုဘာ ၁၃၊ ၂၀၁၀

ရန်ကုန်မြို့၊ ကမာရွတ် လှည်းတန်းမီးပွိုင့်အနီး ကုန်တိုက်တွင် ဗုံးဟု ယူဆရသည့် ပေါက်ကွဲစေတက်သည့် ပစ္စည်းတွေ့ရှိမှုနှင့် ပတ်သက်၍ အာဏာပိုင်များက လုံခြုံရေးများ တိုးမြှင့်ချထားလျှက်ရှိသည်။


ယခုလ ၁၁ နေ့က လှည်းတန်းမီးပွိုင့်အနီး ပြည်မြန်မာကုန်တိုက် (Center View ) ဝန်းအတွင်း နေ့လည် ၂ နာရီခန့်က ဗုံးတပ်ဆင်ထားသည့် စတီးလ်ချိုင့် သုံးဆင့်ချိုင့်တလုံးကို တာဝန်ကျလုံခြုံရေးအဖွဲ့များက တွေ့ရှိခဲ့ကြောင်း မျက်မြင်တဦးက ပြောသည်။

“အဲဒီမှာ ဗုံးလို့ ထင်တဲ့ (steel ၃ ဆင့် ချိုင့်) တစ်လုံးကို ၀န်းလုံခြုံရေးနဲ့ တာဝန်ကျ ရဲတွေက တွေ့လို့ (CENTER VIEW ) ၀န်း တံခါးကို ခဏ ပိတ်ထားရတယ်၊ ပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ မီုင်းရှင်းလင်းရေးတပ်တွေ ရောက်လာပြီး steel ချိုင့်ကို မိုင်းရှင်လင်းရေးတပ်က ယူသွားတယ်” ဟု ပြောသည်။

ယင်းဖြစ်ရပ်နှင့် တပြိုင်နက်တည်းမှာပင် အများပြည်သူလုံခြုံရေးဟု အကြောင်းပြ၍ အင်းစိန်လမ်းမအပေါ် လှည်းတန်းပွိုင့်အနီးတွင် ရဲလုံထိန်ကား နံပါတ်(၁ခ/၂၆၃၆) အား အဆင့်သင့်ထားကာ လုံခြုံရေးချထားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီလုံထိန်းကားပေါ်မှာ အင်အားသုံးဆယ်လောက်ရှိတယ်၊ လက်နက်အပြည့်အစုံနဲ့ ကိုင်ထားတာ၊ သူတို့က ကားပေါ်မှာဘဲ ထိုင်နေတာ မဟုတ်ဘဲ လမ်းဘေးပလက်ဖောင်းပေါ်မှာ ဟိုဟိုဒီဒီ လျှောက်သွားနေတာ၊ အင်အားပြ ခြောက်လှန့်နေတဲ့ပုံဘဲ” ဟု ပြောသည်။

စစ်အာဏာပိုင်များအနေဖြင့် ရွေးကောက်ပွဲနီး လာသည်နှင့်အမျှ ရန်ကုန်မြို့အတွင်း နေရာအနှံ့ အကြောင်းအမျိုးမျိုးပြ၍ လုံခြုံရေးချထားခြင်းနှင့် အင်အားပြ ကင်းလှည့်ခြင်းများ ပြုလုပ်နေကြောင်း မြို့ခံက ပြောသည်။

No comments:

Post a Comment